၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Thursday, July 28, 2011

BGF တပ်မှပြန်လာပူးပေါင်း

26.7.2011 ရက်နေ့တွင် BGF မှ တပ်ခွဲမှုး ဗိုလ်မောင်လောင်း ဦးဆောင်သည့်အဖွဲ့ဝင် (၁၀) ဦးသည် KNLA တပ် မဟာ (၇) သို့ လက်နက်အပြည့်အစုံနှင့်ပြန်လာပူးပေါင်းသည်ဟု သတင်းရရှိပါသည်။ သူတို့ယူဆောင်လာသည့် လက်နက်များမှာ RPG-7 (၁) လက်၊ M-79 တလက်၊ AR စက်လက် (၁)လက်၊ M-16 (၇)လက် ဖြစ်သည်ဟု သတင်းရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး

By ဗွီအိုအေ (မြန်မာဌာန)

ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီးတခုရဲ့ အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ မတ်လကုန်အထိ ပထမ သုံးလပတ်အတွက် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုဟာ ၁၃% အထိ ရှိနေပြီး အများဆုံး ဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်းက တွေ့ရှိခဲ့တာပါ။

Akami ရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် အခြေခံပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေကို စောင့်ကြည့်ရာမှာ အစီရင်ခံစာ သမိုင်းတလျှောက် ထူးထူးခြားခြား မြန်မာနိုင်ငံ ထိပ်ဆုံးရောက်လာတာကို တွေ့ရတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုတွေဟာ အင်တာနက် ကွန်ရက်ထဲက ဆက်သွယ်ရေး Port ၂၅ ခုလောက်ကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ဆိုသလို ဆက်သွယ်ရေး Port နံပါတ် ၈၀ တခုတည်းကိုပဲ တိုက်ခိုက်မှုဟာ ၄၅% အထိ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ဟာ ပုံမှန်အားဖြင့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ယူတတ်လေ့ ရှိပေမဲ့ အခုအခါမှာတော့ ၁၀% နဲ့ ၉% ကျော်သာ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, July 27, 2011

BGF မှလက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်

27.7.2011 ရက်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် BGF 1017 ဗိုလ်ဒီးဒိ ဦးစီးသောတပ်ဖွဲ့သည် လက်နက်ကြီးများ ဆက်လက် ပစ်ခတ်သည်ဟုသတင်းရရှိပါသည်။ ထိခိုက်မှု တစုံတရာမရှိခဲ့ပါ။ လယ်သမားများအတွက်တော့ အကြီးအကျယ်ဒုက္ခရောက်သည်ဟုသိ ရသည်။ ဒေသခံတဦးပြောပြချက်အရ "သူတို့ပစ်တဲ့လက်နက်ကြီးတွေဟာ လယ်ကွင်းများထဲတွင်နေရာတကာကျရောက်ပေါက်ကွဲသည့်အတွက်လယ်သမားများစပါးမစိုက်ရဲပဲ မျိုးစပါးများ ပျက်စီးသောကြောင့်ဒုက္ခရောက်ကြရသည်ဟုပြောပြာကြသည်။ ယနေ့အထိ BGF စောဒီးဒိ ဦးဆောင်သော 1017 တပ်ရင်းသည် DKBA နှင့် KNLA တပ်များရှိသည့် နေရာများဟုထင်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်မှာ (၄) ရက်မြောက်ရှိခဲ့ပြီဟုသတင်းရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, July 26, 2011

ဝေါ်လေဒေသတိုက်ပွဲသတင်း

ယနေ့နံနက် ၈း၄၀ အချိန်တွင် မြန်မာအစိုးရတပ်မှ စကခ (၁၂) လက်အောက်ခံ ခမရ (၄၄) စစ်ကြောင်း (၁) သည်။ ဝေါ်လေဒေသ အတွင်း ထီးကပလယ် ကျေးရွာသို့ သွားစဉ် KLNA တပ်ရင်း (103) အထူး ပြောက်ကျား တပ်ဖွဲ့တဖွဲ့ မှချုံခို တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းမှုး တစ်ဦး နှင့် တပ်သားသုံးဦး ကျဆုံး၍ တပ်ကြပ်ကြီး တစ်ဦး၊ ဒုတပ်ကြပ်တဦး၊ ရွာသားတဦး ထိခိုက်ဒါဏ်ရာ ရသည်ဟုသတင်းရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကိုမူးဆာ ပြောဆိုချက် သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ ငြင်းဆို

သြစတြေးလျ နိုင်ငံသား ကိုမူးဆာ (Moon Hsar) ဆိုသူ ကရင် ဒုက္ခသည်တဦးက တိုင်းရင်းသား ၅၀ လောက်ကို အမိန့်ပေး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုချက်နဲ့ ပတ်သက်လို့ သြစတြေးလျ ကရင်အမျိုးသားအဖွဲ့က မဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ (Australia Karen Organization) ရဲ့ ဥက္ကဌ ဖဒိုစောလွင်ဦးက ကိုမူးဆာဟာ ကေအန်ယူမှာ တာဝန်ထမ်းဆောင်ခဲ့တာ မှန်ပေမယ့် မြန်မာ စစ်ထောက်လှမ်းရေးဟောင်း တဦးတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

လောလောဆယ် အထိတော့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း အဖြစ် ၁၉၈၈ အရေးအခင်းကာလ အတွင်း လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ မကြာခင်က ပြောဆိုခဲ့တဲ့ ကိုထူးထူးဟန် ကိုရော၊ ကိုမူးဆာကိုပါ သြစတြေးလျအာဏာပိုင်တွေက ဖမ်းဆီး အရေးယူမှု မရှိသလို သူတို့ရဲ့ ပြောဆိုချက်တွေကိုလည်း ထောက်ခံ အတည်ပြုသူ တဦးတယောက်မှ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြည်သူတွေ အမြောက်အများ သတ်ဖြတ်ခံရမှု၊ စစ်ရာဇ၀တ်မှုတွေ အမှန်တကယ် ရှိနေပေမယ့် သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေ မှန်ကန်မှု ရှိမရှိ အတည်မပြုနိုင်ဘူးလို့ ဆစ်ဒနီမြို့ အခြေစိုက် Burma Office မြန်မာ့ရေးရာရုံးရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒုတိယမြောက် ၀န်ခံပြောဆိုသူ ကိုမူးဆာက သူဟာ ထောက်လှမ်းရေးက ထွက်ပြီးနောက် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးမှာ နှစ်ပေါင်း အတန်ကြာ အမှုထမ်းခဲ့ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခု ကနေ ၁၉၉၇ ခုနှစ်လောက်မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
http://www.rfa.org/burmese/news/crime-07252011121341.html

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကရင်ပြည်နယ်အတွင်း BGF နှင့် SPDC တပ်များ လှုပ်ရှားမှု

BGF မှ စောချစ်သူ ညွန်ကြားမှုဖြင့် BGF တပ်ရင်း(၁၀၁၇) စောဒီးဒိ မှဦးဆောင်ပြီး 24.7.2011 ၊ ရက်နေ့ မြဝတီမြို့မြောက်ဘက် ထီးဝါဘလော ကျေးရွာတွင် BGF နှင့် SPDC တပ်များပူးပေါင်းပြီး ထီးဝါဘလောရွာမှ နေ၍ လက်နက်ကြီးများဖြင့် KLNA နှင့် DKBA တပ်နေရာများသို့ပစ်ခတ်ခဲ့သည်။ထိခိုက်မှုတစုံတရာမရှိခဲ့ဟု သတင်းရရှိသည်။

25.7.2011 ရက်နေ့တွင်လဲ လက်နက်ကြီးနေရာများရှေ့သို့ရွေ့ပြောင်းပြီးထပ်မံပစ်ခတ်ခဲ့သည်။ ထိခိုက်မှုတစုံ တရာမရှိခဲ့ပါ။ ယခု BGF နှင့် SPDC တပ်များ ထီးဝါဘလော ရွာ၌အခြေချနေဆဲဟုသတင်းရရှိပါသည်။

ဤနေ့ 26.7.2011 ရက်နေ့တွင်လဲ လက်နက်ကြီးများဆက်လက်ပစ်ခတ်နေဆဲဟုသတင်းရရှိပါသည်။

ထိုနည်း၎င်းလှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတဝိုက်တွင်လဲ BGF နှင့် SPDC တပ်များပူးပေါင်း၍ KLNA နှင့် DKBA တပ်များရှိနိုင်သည့်နေရာများသို့ခန့်မှန်းလက်နက်ကြီးများဖြင့်အဝေးမှနေပြီးရမ်းသမ်းပစ်ခတ်သည်ဟု သတင်းရရှိသည်။ ဤကဲ့သို့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် လယ်သမားများအခက်ခဲများစွာကြုံရသည်ဟုသတင်း ရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Sunday, July 24, 2011

ရေလွှမ်းမိုးမှုကြောင့် ဖားအံမြို့ ရေဘေးဒုက္ခသည်များ စာသင်ကျောင်းတွင် မှီခိုနေရ

ဇူလိုင်လ ၂၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)


ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် ဇူလိုင်လ တတိယပတ်အတွင် သံလွင်မြစ်ရေလျှံတက်လာမှုကြောင့် မြို့တွင်းရှိ ရပ် ကွက်အတော်များများရှိ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးကာ ယမန်နေ့မှစ၍ အမှတ်(၁) အထက်တန်းကျောင်းတွင် ရေဘေးဒုက္ခ သည်များ ယာယီ ရွှေ့ပြောင်းနေထိုင်လျှက်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျောင်းက မနေ့က သောကြာနေ့မှာ လူတွေ လာနေကြတာပေါ့။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှရင်မေကို ရပ်ကွက်ထဲ ကလူတွေက လာပြောတော့ ပိတ်လိုက်တာပေါ့။ ဒါပေမဲ့ နောက်နှစ်ရက်က စနေ၊ တနင်္ဂနွေခံတော့ ဆက်ပိတ်တာပေါ့။ ပေး တည်းတာကတော့ မူလတန်းအဆောင်တွေမှာပါ။”ဟု ဆိုသည်။

ယခုလို ရေကြီးမှုမှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်ကာ မြို့တွင်းရပ်ကွက်အထိ ရေများရောက်ရှိလာ ခြင်း၏ အကျိုးဆက်များဖြစ်ကြောင်း မြို့ခံလူထုက ပြောဆိုနေကြသလို ယခင်လက လှိုင်းဘွဲမြို့တွင်း ရေကြီးမှုဖြစ်ပွားခဲ့သည်။

“မိုးက ရွာတာ ဆက်တိုက်ပဲဟာ။ လနဲ့ချီကြာနေပြီ။ တခါမှ မရပ်ဘူးလေ။ ကျောင်းဖွင့်ပြီး ၃-၄ရက်လောက်က ကောင်းလိုက်တဲ့ မိုးဟာ နေသာတယ်ကို သိပ်မရှိဘူး။ မိုးများတော့ အထက်ကနေကျလာတဲ့ တောင်ကျရေတွေ ဘာတွေကြောင့် မြစ်ရေတွေ တက်လာတာပေါ့။ လှေနဲ့သွားရတဲ့အပိုင်းမှာဆို ရေက ဒူးလောက် ပေါင်လောက် ရှိတယ်။ မြစ်ရေနဲ့နီးတဲ့ ကမ်းနားလမ်းက မြစ် ရေအထက် အတော်မြင့်နေပေမဲ့ ခုတော့ လမ်းမနဲ့ တတန်းတည်းကျနေတယ်လေ။”ဟု ဖားအံမြို့သူတစ်ဦးက ပြောသည်။

ရေလွှမ်းမိုးခံရသည့် နေရာများမှာ ဖားအံမြို့မ ဈေးကြီးအောက်ပိုင်း၊ ဆယ်အိမ်စု၊ မြိုင်သဇင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်းက လေးအောက်ပိုင်း၊ ဇီးတောရပ်ကွက်အောက်ပိုင်း၊ ပြည်ထောင်စုရပ်ကွက်၊ မြို့သစ်၊ အောင်နန်းနှင့် အုတ်ဖိုနေရာများဖြစ်သည်။

မြို့မိမြို့ဖတစ်ဦးက “ရေမကြီးတာ သုံးလေးနှစ်လောက်ရှိပြီ။ ဒီနှစ်ကျမှ တခါ ထပ်ကြီးလာပြန်ရော။ သံလွင်မြစ် ရေစီးအားက လည်း အတော်ကြမ်းတယ်။ ရေဘေးဒုက္ခသည်တွေကတော့ အခု လောလောဆယ် စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ နေ ကြရတယ်လေ။ ဒီလို ရေမကြီးတာ ကြာပြီဆိုတော့ လူတွေက ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားကြဘူးပေါ့။”ဟု ဆိုသည်။

အထက်တန်းကျောင်းသူတစ်ဦးက “ရေစတက်လာတာ နှစ်ရက်ရှိပြီ။ ပထမရက်တော့ နည်းနည်းလေးပဲ။ ဒီနေ့ ဒီလောက် တက်လာမှာကို သမီးတောင် မထင်ခဲ့မိဘူး။ အခုတော့ လှေတွေနဲ့ ကျူရှင်တက်နေရတယ်။ ကျောင်းလည်း ပိတ်ထားတယ် လေ။”ဟု ယမန်နေ့က ကေအိုင်စီကို ပြောဆိုသည်။

ဇူလိုင်လ ၂၃ရက်နေ့ မြန်မာစံတော်ချိန် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဖားအံမြို့တွင် ၈၅၈စင်တီမီ တာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၁၀၈စင်တီမီတာ(သုံးပေခွဲခန့်) ကျော်လွန်နေသည့်အပြင် နောက်ထပ် ၄၈နာရီအ တွင်း ၃၀စင်တီမီတာ(တစ်ပေခန့်) ဆက်လက် တက်လာနိုင်ကာ မြို့၏ စိုးရိမ်ရေမှတ် ၇၅၀စင်တီမီတာအထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ကရင်ပြည်နယ်၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်မှာ ၂၇မှ ၂၃စင်တီဂရိတ်ဖြစ်ပြီး ရွာရန် ၈၀ရာခိုင်နှုန်းရှိကာ နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ‘မာဃ’နာရေးကူညီမှုအသင်း၊ စေတနာရှင်လူငယ်များနှင့် အရံမီးသတ်အဖွဲ့များက ကူညီလုပ်ဆောင်ပေးလျှက်ရှိပြီး ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာလူကြီးများမှ ယနေ့အထိ လာရောက် ကူညီလှူဒါန်းမှုများ မရှိသေးကြောင်း သိရသည်။

ယင်းသို့ ရေကြီးသည့်အတွက် သွားလာရေး ခက်ခဲမှုများရှိကာ ရောင်းဝယ်ဖောက်ကားမှုများ ကျဆင်းလာသလို ရေလွှမ်းမိုးခံရ တဲ့ ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောဆိုသည်။

“ဈေးထဲက အသီးအရွက်၊ သားငါးရောင်းတဲ့နေရာတွေလည်း ရေတက်လာလို့ ရွှေ့ပြီးရောင်းနေရတယ်။ ဌာနဆိုင်ရာ လူကြီး တွေတော့ မတွေ့ရသေးပါဘူး။ ကယ်ဆယ်ရေးတွေက ပြန်လည် နေရာချထားရေးပဲလေ။ အခု ပြည်နယ်အစိုးရက လှူဒါန်းမှု ဘာမှမတွေ့ရသေးဘူး။ လောလောဆယ်မှာတော့ တနေ့လုပ် တနေ့စားသမားတွေ ဒုက္ခရောက်တာပေါ့။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မိုးများ၍ လေပြင်းပါ တိုက်ခတ်ခဲ့ပြီး သစ်ပင်ပြိုလဲကာ ဆိုင်ခန်း များ ပျက်စီးသလို မုဒုံ၊ မော်လမြိုင်မြို့များတွင်လည်း ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မွန်သတင်းထောက်တဦးက ပြောဆိုသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ

By ဗွီအိုအေ (မြန်မာဌာန)

ထိုင်း၊ မြန်မာ နယ်စပ်နားမှာ ထိုင်းစစ်ရဟတ်ယာဉ်တစီး ဒီကနေ့ ပျက်ကျခဲ့လို့ ထိုင်းစစ်သား ၃ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ အခုတလော ထိုင်း၊ မြန်မာ နယ်စပ်နားမှာပဲ ထိုင်းစစ်ရဟတ်ယာဉ်တွေ ပျက်ကျတာ ၃ စီး ရှိသွားပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်မှာ ပါသွားသူတွေရဲ့ အလောင်းတွေကို သယ်ဆောင်ဖို့ ထပ်သွားတဲ့တစီး ဒီကနေ့ ပျက်ကျတာပါ။ အဲဒီရဟတ်ယာဉ်ပေါ်မှာ စစ်ရဟတ်ယာဉ်မှူး ၂ ဦးနဲ့ စက်ပြင် ၂ ဦး ပါသွားပြီး တဦးပဲ အသက်ရှင်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပါဆိုရင် ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် ၃ စီးမှာ ပါဝင်ခဲ့သူတွေ သေဆုံးတာ ၁၇ ဦး ရှိသွားပါပြီ။

ဒီကနေ့ပျက်ကျတာက Bell 212 အမျိုးအစား စစ်ရဟတ်ယာဉ် ဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်အနီးက ထိုင်းဘေးမဲ့ကြိုးဝိုင်း သစ်တောအတွင်းမှာ မီးလောင်နေတဲ့ ရဟတ်ယာဉ်ရဲ့ ပုံကို ထိုင်းနိုင်ငံ ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပါတယ်။ ဒီကနေ့ ပျက်ကျခဲ့တဲ့ အချိန်မှာ ရာသီဥတုက ပုံမှန်အခြေအနေပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ပျက်ကျခဲ့တဲ့ စစ်ရဟတ်ယာဉ်မှာ ထိုင်းစစ်သား ၅ ဦး သေဆုံးခဲ့ပြီး အဲဒီလူတွေရဲ့ အလောင်းတွေကို သယ်ဖို့သွားတဲ့ နောက်ရဟတ်ယာဉ် တစီးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တခါပျက်ကျတော့ အဲဒီမှာ ထိုင်းစစ်သား ၈ ဦးနဲ့ ရုပ်မြင်သံကြား ကင်မရာသမားတဦး သေဆုံးခဲ့ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, July 23, 2011

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို

http://burmese.dvb.no/archives/13103

တပ်မ ​တော်အရာရှိတဦးကို ပစ်သတ်ခဲ့​တဲ့​အတွက် က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​သေဒဏ်ကျခံ​နေရတဲ့​ က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ​သေဒဏ်ပြစ်ဒဏ်မှတဆင့်​ ကလေး​ဥပ​ဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် ​လျှော့​ပေါ့​ပေး​ဖို့​ မိသား​စုဝင်​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

မောင်ဖြိုး​ စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စု​ဆောင်း​ခံရပြီး​နောက် စစ်ကိုင်း​တိုင်း​ဒေသကြီး​ အရာ​တော်မြို့​နယ်မှာရှိတဲ့​ အမှတ် ၁၀ တပ်မ​တော်​လေ့​ကျင့်​ရေး​ကျောင်း​မှာ အ​ခြေခံစစ်သင်တန်း​ တက်​ရောက်ခဲ့​ပြီး​တဲ့​နောက်မှာ ချင်း​ပြည်နယ်အတွင်း​ စစ်ဆင်​ရေး​မှာ မိမိအထက်အရာရှိကို ပစ်ခဲ့​တဲ့​အတွက် က​လေး​မြို့​မှာရှိတဲ့​ အမှတ် ၉၄၃ ​ထောက်ပံ့​ရေး​တပ် စစ်တရား​ရုံး​က​နေ ​သေဒဏ်ချမှတ်ခဲ့​တာလို့​ မိခင်ဖြစ်သူ ​ဒေါ်သန်း​သန်း​ရီက ​ပြောပြပါတယ်။

မောင်ဖြိုး​စည်သူ ​သေဒဏ်ချမှတ်ခံခဲ့​ရတဲ့​ အချိန်တုန်း​က အသက် ၁၅ နှစ်ပဲရှိ​သေး​ပါတယ်။

ဒါ​ကြောင့်​ ၁၉၉၃ က​လေး​ သူငယ်ဥပ​ဒေပုဒ်မ ၄၆ အရ ​သေဒဏ် (သို့​မဟုတ်) တသက်တကျွန်း​ချမှတ်နိုင်တဲ့​ ပြစ်မှုကို ကျူး​လွန်ရင်​တောင်မှ အများ​ဆုံး​ ​ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့​ ပါရှိတဲ့​အတွက် က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ပြစ်ဒဏ်​လျော့​ပေါ့​ပေး​ဖို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

“ကျမတို့​ မှာလည်း​ က​လေး​အ​ဖေကလည်း​ ကျန်း​မာ​ရေး​က မ​ကောင်း​၊​ ကျမကလည်း​ ကျန်း​မာ​ရေး​က ချို့​တဲ့​နေ​တော့​ ဒီသား​လေး​ကို အသက် ၁၆ နှစ် မပြည့်​သေး​တုန်း​က သူတို့​အ​နေနဲ့​ က​လေး​သူငယ် ​စောင့်​ရှောက်​ရေး​က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေနဲ့​ ကျမတို့​ကို ညှိနှိုင်း​ပေး​ပါလို့​ ကျမက အနူး​အညွတ် ​တောင်ပန်ချင်ပါတယ်ရှင့်​။ နိုင်ငံ​တော် သမ္မတကြီး​ကိုလည်း​ ကျမ ဦး​ညွှတ်ပြီး​တော့​ ​တောင်း​ပန်ပါရ​စေဆိုပြီး​တော့​၊​ ကျမသား​လေး​ကို ကျမတို့​ ရင်ခွင်ထဲကို ပြန်ပြီး​တော့​ ပြန်​ရောက်​စေချင်တဲ့​ ဆန္ဒနဲ့​ ကျမ ​တောင်း​ပန်ပါတယ်ရှင်။”

မောင်ဖြိုး​ စည်သူဟာ က​လေး​အကျဉ်း​ထောင်မှာ ၇ နှစ်​ကျော် အကျဉ်း​ကျခံ​နေရတဲ့​အတွက် ကျန်း​မာ​ရေး​ ဆိုး​ရွား​စွာခံစား​နေရတယ်လို့​လည်း​ ​မောင်ဖြိုး​စည်သူနဲ့​ အကျဉ်း​ထောင်ထဲမှာ အတူ​နေခဲ့​ဖူး​တဲ့​ အကျဉ်း​သား​ဟောင်း​တဦး​က ​ပြောပါတယ်။

“သူ့​မှာ မိဘ​တွေကလည်း​ ဆင်း​ရဲတယ်၊​ ​ထောင်ဝင်စာလည်း​ မလာနိုင်ဘူး​။ ​ထောင်က​ပေး​တဲ့​ ရိက္ခာ​လေး​နဲ့​ပဲ ဖြစ်သလို စား​နေရတဲ့​အခါကျ​တော့​ ကျန်း​မာ​ရေး​လည်း​ ချို့​တဲ့​လာတယ်။ မျက်လုံး​မှာလည်း​ပဲ အတွင်း​တိမ်ဖြစ်​နေ​တော့​ မျက်လုံး​လည်း​ ​ကောင်း​ကောင်း​ မမြင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သူ့​ကို ​သေဒဏ်ချထား​တယ် ဆိုပြီး​တော့​ ပြင်ပကိုလည်း​ ထုတ်ပြီး​ မျက်စိ ခွဲစိတ်ကု​ပေး​မှုလည်း​ မရှိဘူး​။”

အသက်မပြည့်​ သေး​ဘဲ စစ်တပ်ထဲကို အတင်း​အဓမ္မ အသွင်း​ခံလိုက်ပြီး​ အသက် ၁၅ နှစ်မှာ ​သေဒဏ်ချခံထား​ရတဲ့​ ​မောင်ဖြိုး​စည်သူဟာ တရား​ဥပ​ဒေအရ နစ်နာမှုရှိ​နေတဲ့​အတွက် အမြန်ပြန်လွှတ်သင့်​တယ်လို့​ အဆိုပါ အကျဉ်း​သား​ဟောင်း​က အခုလို ​ပြောပါတယ်။

“က​လေး​သူငယ် ဥပ​ဒေပုဒ်မ ၄၆ အရဆိုရင် ​ထောင်က ၇ နှစ်ပဲ ချရမယ်။ အဲဒီ​တော့​ ၇ နှစ်ချရမယ့်​ဟာကို ​သေဒဏ်ချထား​တယ်။ အဲဒီ​တော့​ ​သေဒဏ်ကို မဖျက်တဲ့​အတွက် ၇ နှစ်က မ​ရောက်ဘူး​။ မ​ရောက်ပဲနဲ့​ အခု​တော့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ထွက်လိုက်တဲ့​အခါကျ​တော့​ သူက အနှစ် ၂၀ ကို ​ပြောင်း​သွား​တယ်။ အမှန်မှာက ၇ နှစ်ကို ​ပြောင်း​ပြီး​တော့​ လွှတ်ရမယ့်​အစား​ မလွှတ်ဘဲနဲ့​ ​နောက်ထပ် ၁၃ နှစ်ပိုချလိုက်သလို ဖြစ်သွား​တယ်။ အ​တော်​လေး​ကို တရား​ဥပ​ဒေအရ နစ်နာမှု ရှိတယ်ဗျ။ အခု ပြည်သူ​တွေ အစိုး​ရပါလို့​ အမည်ခံထား​တဲ့​ နိုင်ငံ​တော် သမ္မတကြီး​ဦး​သိန်း​စိန်အ​နေနဲ့​ ဒါကို ထိထိမိမိ ကာကွယ်ပြီး​တော့​ က​လေး​ကို ပြန်လွှတ်​ပေး​သင့်​တယ်။”

ဆက်ဖတ်ရန်ကျန်သေးသည်.....

ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၉)လက်အောက်ခံ ဗိုလ်ကြီးစိုးစံမိုး ဦးစီးသည့် ခမရ(၃၇၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် မဲ့သင်္ခါလေးရွာသား စောအယ်ထူး ၄၈နှစ်နှင့် စောကလယ်ဖေါ ၃၃နှစ်တို့အား ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှ ဖမ်းဆီး ပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။

“ဒီလ ၁၃ရက်နေ့ပေါ့နော်။ ခမရ(၃၇၄)တပ်ရင်းက မဲ့သင်္ခါလေးရွာသား စောအယ်ထူးနဲ့ စောကလယ်ဖောကို အထမ်းသမားအ ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မဲ့သင်္ခါကြီးရွာကိုရောက်တော့ အဲဒီရွာသားနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဘာကြောင့် သတ်ပစ်တာလဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ၎င်းဒေသခံက ပြောသည်။

သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များမှာ ယခင်နှစ်များကလည်း ဒေသခံ ရွာသားများအား အကြောင်းမဲ့ ပစ်သတ်မှုမျိုး အလားတူ ရှိခဲ့သော်လည်း ယခုနှစ်၊ ဇူလိုင်လအတွင်း ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, July 22, 2011

ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​တပ်နှင့်​အစိုး​ရတပ် ပူး​ပေါင်း​ထိုး​စစ်ဆင်

http://burmese.dvb.no/archives/13043

ကရင်ပြည်နယ် လှိုင်း​ဘွဲ့​မြို့​နယ် မြိုင်ကြီး​ငူအ​ခြေစိုက် ဒီ​ကေဘီ​အေတပ်စခန်း​ကို နယ်ခြား​စောင့်​တပ်နဲ့​အစိုး​ရတပ်တို့​ ပူး​ပေါင်း​ပြီး​ ထိုး​စစ်စဉ်ခဲ့​ပါတယ်။

မ​နေ့​ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာ ရှိတဲ့​ ဒီ​ကေဘီ​အေ တပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်တဲ့​ နယ်ခြား​စောင်တပ်နဲ့​ အစိုး​ရတပ် ပူး​ပေါင်း​အင်အား​ ၁၀၀ ​ကျော်က ထိုး​စစ်ဆင်တာဖြစ်ပါတယ်။

မ​နေ့​ ည​နေ ၄ နာရီကစပြီး​ လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်ခဲ့​ပြီး​ ဒီ​နေ့​ ​နေ့​ခင်း​အထိ ကြိုး​ကြား​ကြိုး​ကြား​ လက်နက်ငယ်​တွေနဲ့​ ပစ်ခတ်မှုဖြစ်ပွား​နေတယ်လို့​ မြိုင်ကြီး​ငူ ​ဒေသခံတဦး​က ​ပြောပါတယ်။

“မ​နေ့​ည​နေ ၄ နာရီ​လောက်မှာ ဒီ​ကေဘီ​အေ ​နေရာယူထား​တဲ့​ ဝါကလယ်​တောင်မှာ ဘီဒီအက်ဖ်အဖွဲ့​က ဦး​ဖား​နွံဦး​ဆောင်တဲ့​ အဖွဲ့​က လက်နက်ကြီး​တွေနဲ့​ ပစ်တယ်၊​ အခု ​လော​လောဆယ် သူတို့​ ပစ်တုန်း​ပဲ။ ဒါ​ပေမယ့်​ လက်နက်ကြီး​တော့​ မပါ​တော့​ဘူး​ အခု လက်နက်ငယ်။ မြိုင်ကြီး​ငူ ဒီဘက် ၅ မိုင်​လောက် အကွာမှာ နှုတ်ခမ်း​မွေး​တပ်က မဟုတ်ဘူး​လေ၊​ စိုး​စိုး​တို့​ အဖွဲ့​က။ အဲဒီမှာ သူတို့​ ​နေရာယူထား​တယ်​လေ ဝါကလယ်​တောင်မှာ။ အဲဒါ အခု သူတို့​က စခန်း​တက်ရှင်း​တာ​ပေါ့​။ စစ်တပ်နဲ့​ ဘီဒီအက်ဖ် ​ပေါင်း​ပြီး​တော့​ ဝါကလယ်စခန်း​ကို တက်တယ်။”

အဆိုပါ ဝါကလယ်​တောင်မှာ နယ်ခြား​စောင့်​တပ်က​နေ ခွဲထွက်ခဲ့​တဲ့​ ဗိုလ်မှူး​ကြီူး​ ပိုဘိရဲ့​ လက်​အောက်ခံ တပ်ဖွဲ့​တွေ အ​ခြေချထား​တဲ့​နေရာဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလကုန်ပိုင်း​က မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ မြိုင်ကြီး​ငူ​ဒေသကို တပ်အင် အား​နဲ့​ဝိုင်း​ခဲ့​ပြီး​ ဇွန်လလယ်ပိုင်း​ကစပြီး​ မြိုင်ကြီး​ငူရှိ နယ်ခြား​စောင့်​တပ်အား​လုံး​ ဒီ​ကေဘီ​အေတံဆိပ် ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။

မြိုင်ကြီး​ ငူမှာရှိတဲ့​ နယ်ခြား​စောင်တပ်​တွေ ဒီ​ကေဘီ​အေ တံဆိပ်ပြန်တပ်ပြီး​ နယ်ခြား​စောင့်​လက်မခံခဲ့​တဲ့​ ဗိုလ်မှူး​ချုပ် နှုတ်ခမ်း​မွေး​ (​ခေါ်) ​စောလဘွယ်အဖွဲ့​နဲ့​ ပူး​ပေါင်း​လိုက်ပြီး​ ​နောက်ပိုင်း​ သူတို့​ကို ထိုး​စစ်ဆင်ဖို့​ အစိုး​ရတပ်က စစ်​ကြောင်း​ထိုး​ခဲ့​ပါတယ်။

ဒါ့​အပြင် ကျန်ရှိ​နေတဲ့​ နယ်ခြား​စောင်တပ်​တွေကလည်း​ အစိုး​ရတပ်နဲ့​အတူ ပူး​ပေါင်း​ထိုး​စစ်ဆင်ဖို့​ ပြင်ဆင်ခဲ့​ပြီး​ မ​နေ့​က​တော့​ စတင်ပြစ်ခတ်မှု ဖြစ်ပွား​ခဲ့​တာ ဖြစ်ပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံး​မှု အ​သေး​စိတ်ကို​တော့​ မသိရ​သေး​ပါဘူး​။

အလား​တူ မြဝတီမြို့​ရဲ့​ အ​ရှေ့​တောင်ဘက် ၃ မိုင်​လောက်ကွာမှာရှိတဲ့​ ဒီ​ကေဘီ​အေ အ​ခြေချစခန်း​ကိုလည်း​ အစိုး​ရတပ်က လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်တဲ့​အတွက် တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။ ဒီတိုက်ပွဲအတွင်း​ အစိုး​ရတပ်ဘက် ၁၀ ဦး​ထက်မနည်း​ ကျဆုံး​တယ်လို့​လည်း​ သိရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

DKBA လက်နက်ကြီးများဖြင့် အပစ်ခံရ

စောခါးစူး (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် မေတ္တာလင်းမြိုင်ရွာ အနီးရှိ မြန်မာအစိုးရတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကို ယနေ့ နံနက် ၅နာရီခန့်တွင် လက်နက်ကြီးကျည်အလုံး ၂၀ခန့် ပစ်ခတ်ခဲ့သည် ဟု စုံစမ်းသိရှိရသည်။

မြန်မာအစိုးရတပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၃၅၇)နှင့် နယ်ခြားစောင့်တပ် (၁၀၂၂) တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က ၎င်းတို့ကို ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု DKBA (၉၀၇)၏ ဒုတပ်ရင်း မှူး ဗိုလ်မှူးစောကော်ဒို့စိုးက ကေအိုင်စီကို ပြောသည်။

၎င်းက “သူတို့(မြန်မာအစိုးရတပ်)က ကျနော်တို့ကို ၈၁-မမ နဲ့လှမ်းပစ်တာ အချက် ၂၀လောက် ရှိတယ်။ ၁၀လုံးကျော်လောက်ပဲ ပေါက်ကွဲတယ်။ ကျနော်တို့ ရှိတဲ့နေရာကိုတော့ တစ်လုံးမှ ကျတာမရှိဘူး။”ဟု ပြောဆိုသည်။

ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မြ၀တီမြို့ခံ အမျိုးသမီးတစ်ဦးက “မြန်မာစစ်တပ်က ဒီလို လက်နက်ကြီးနဲ့ တောကလူ(DKBA နှင့် KNU)တွေကိုပစ်တာ။ အခု ၂ပတ် အတွင်းဆိုရင် ၃ခါရှိပြီ။ နှစ်ဖက်ထိခိုက်မှုတော့ မကြားရသေးဘူး။ ဒေသခံလူထုက အရင်လို တိုက်ပွဲအပြင်းအထန် ပြန်ဖြစ်မှာကို စိုး ရိမ်နေတယ်။”ဟု ပြောသည်။

ယခု ပစ်ခတ်မှုဖြစ်သည့် နေရာနှင့် အနီးဝန်းကျင်ဒေသတွင် မေတ္တာလင်းမြိုင်၊ မောထော်တလေး၊ အိမ်ကြီးမြိုင်၊ မင်းလက်ပံ၊ ဖလူး ကြီး၊ ဖလူးလေး၊ ပွင့်လင်းအေးမြိုင်၊ ဆယ်အိမ်စု၊ ဖားကျလော၊ မဲ့ကနဲ၊ ဒူးခို့ခီးနှင့် ဘားထာ့ စသည့်ရွာများ တည်ရှိပြီး DKBA နှင့် KNU (ကရင်အမျိုးသားအစည်းအရုံး) ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား နေ့စဉ်ရက်ဆက်နီးပါး တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်ဟု DKBA က ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက်နေ့ ညနေကလည်း မြ၀တီမြို့အရှေ့တောင်ဘက် ၃မိုင်ခန့်အကွာ ကျောက်တောင်ရွာအနီးရှိ အဆိုပါ မြန်မာအစိုးရတပ် ခမရ-၃၅၇နှင့် နယ်ခြားစောင့်တပ်ရင်း(၁၉၂၂) ပူးပေါင်းတပ်ဖွဲ့တို့သည် ၎င်းတို့တပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ထိခိုက်မှုများ မရှိခဲ့ကြောင်း ဗိုလ်မှူးစောကော်ဒို့စိုးက ပြောသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့တို့က မြ၀တီမြို့ကို ၀င်တိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယခုလ ၇ရက်နေ့မှစ၍ မြန်မာ စစ်တပ်ဘက်က မြ၀တီမြို့တွင်း မြို့ပြင်နေရာများတွင် လုံခြုံရေးတင်းကြပ်နေသည်ဟု မြို့ခံများက ပြောဆိုကြသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, July 20, 2011

ဦးခင်ညွန့် ပြန်လွတ်တော့မည်လော

http://www.irrawaddymedia.com/bur/index.php/news/6881-2011-07-20-10-28-58

စနေနေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်တော့မည့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမှုအား အစိုးရသစ်က မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားနေကြသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် စစ်အစိုးရက နိုင်ငံတော်အာဏာ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု တို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

“ဆိုင်းငံ့ပြစ်ဒဏ်ဆိုတာက အပြင်မှာထားလည်း ရတယ်။ ပုဒ်မ ၁၀ (ခ) သဘောအရ ပြည်ထဲရေး ဗဟိုအဖွဲ့ ကနေ ၆ လ တကြိမ် သက်တမ်းတိုးလို့ရတယ် ဆိုတာ ရှိတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ အစိုးရက သူတို့ လွှတ်ပေးချင်ရင် ပုဒ်မ ၄၀၁ အရလည်း လွှတ်ပေးနိုင်တယ်”ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့်လက ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၊ ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန် အပါအ၀င် နှစ်ရှည် ထောင်ဒဏ်ကျခံနေကြသော စစ်ထောက်လှမ်းရေးအရာရှိဟောင်းတချို့ကို ဦးသိန်းစိန် အစိုးရသစ်က ပြန်လွှတ်ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ လက်ရုံးများဖြစ်သော ထိုပုဂ္ဂိုလ်တို့သည် တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းရာတွင် အတွေ့အကြုံများသည်ဟု သိရသည်။

၎င်းတို့ လွတ်မြောက်လာခြင်းသည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် နေအိမ် အကျယ်ချုပ် ၆ နှစ် ပြည့်သဖြင့် သူ့အား ပြန်လွှတ် ပေးတော့မည်လော ဆိုသည့် သုံးသပ်ချက်များ ထွက်ပေါ်နေချိန်နှင့် တိုက်ဆိုင်နေသည်။

ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကလည်း “ဗိုလ်ခင်ညွှန့်ကို အာဏာ ဘာမှ မရှိတော့အောင် သူ့လက်ရင်းတွေကို အကုန် ရှင်းပြီးသားဆိုတော့ ဘာမှ အန္တရာယ် မရှိတော့ဘူးလို့ အခု ဦးသိန်းစိန်အစိုးရက သတ်မှတ်ပြီး ပြန်လွှတ်ပေးကောင်း ပေးနိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအရေးကို အစိုးရက ကိုင်တွယ်ရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား တာဝန်ပေးမည်မဟုတ်ဘဲ အကြံပြုချက် တောင်းဆိုမှုသာ ရှိနိုင်သည်ဟု သခင်ချန်ထွန်းက သုံးသပ်သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့် တာဝန်မှ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းတွင် အာဏာပိုင်တို့သည် နိုင်ငံတကာတွင် လည်းကောင်း၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရာတွင်လည်းကောင်း တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

၂၀၀၉ ခုနှစ်က စစ်ဆင်ရေး အထူးအဖွဲ့ အမှတ် ၅ ၏ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက နေအိမ်အကျယ်ချုပ် ကျနေသော သူ့ကို သွားရောက် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သူ နှင့် ဇနီးသည်တို့ကို နေအိမ်မှ အင်းစိန်ထောင်သို့ ပို့ဆောင်ပုံကို ရိုက်ကူးထားသည်ဟု ယူဆရသည့် မှတ်တမ်းဗွီဒီယို အင်တာနက်တွင် ထွက်ပေါ်လာစဉ်ကလည်း စိတ်ဝင်စားသူ များပြားခဲ့သည်။

သူ၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို အစားထိုးရန် အာဏာပိုင်တို့က စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ကို တည်ထောင်ထားသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စရဖ အကြီးအကဲအဖြစ် ဗိုလ်မှူးချုပ်စိုးရှိန် တာဝန်ယူပြီးနောက် စစ်ထောက်လှမ်းရေး အရာရှိဟောင်းတချို့ လွတ်မြောက်လာခြင်း၊ ဦးခင်ညွန့်၏ အကျယ်ချုပ် ကာလ ၆နှစ်ပြည့်မြောက်ခြင်း တို့ကို လေ့လာသူများက စိတ်ဝင်စားနေကြသည်။

၂၀၀၄ ခုနှစ်တွင် ယခင် အစိုးရ ဗိုလ်ချုပ်ကြီးတို့က ဦးခင်ညွန့်ကို အာဏာမှ ဖယ်ရှားလိုက်သော်လည်း ယခုအခါ သက်ညှာစွာ စဉ်းစားပေးမှုများ ရှိကောင်း ရှိနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန်က ပြောသည်။

“ကျနော်တို့ ခံရသလို သူလည်း အခု ခံနေရတာပဲ။ ပုဂ္ဂိုလ်အရ ကရုဏာသက်မိပါတယ်။ ဒါပေမယ့် သူတို့ အချင်းချင်းက အထာတွေ ရှိမှာပဲ” ဟု ဦးဝင်းထိန်းက ဧရာဝတီကို ပြောသည်။

အာဏာအလွဲသုံးစား ပြုခဲ့သော နာမည်ကျော် စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ အရာရှိများကို ဦးသိန်းစိန်အစိုးရက လွှတ်ပေးမည် ဆိုပါက တရားမျှတမည်မဟုတ်ဟု ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ဆိုသည်။

“နိုင်ငံအတွက် ကောင်းအောင် လုပ်ပြီး ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပထမ ဦးစားပေး လွှတ်ပေးသင့်တာ” ဟု သူက ပြောသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

တပ်သားသစ်များ စုဆောင်းရန် ညွှန်ကြား

http://burmese.dvb.no/archives/12983

မြန်မာတပ်မတော် စစ်ရုံးကနေပြီးတော့ အောက်ခြေ ခြေလျင် ခြေမြန်တပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်စုဆောင်းဖို့ ညွှန်ကြား အမိန့်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကကကြည်းကနေ အောက်ခြေတပ်ရင်း တပ်ဖွဲ့တွေကို တပ်သားသစ်တွေ မဖြစ်မနေ စုဆောင်းဖို့ ယခုရက်ပိုင်းမှာ ညွှန်ကြားထားတယ်လို့ စုံးစမ်းသိရပါတယ်။

ခြေလျင် ခြေမြန်တပ်ရင်းတွေဟာ တလကို အနည်းဆုံး တပ်သားသစ် ၄ ဦးကို မဖြစ်မနေ စုဆောင်းရမှာ ဖြစ်ပြီးတော့ တနှစ်ကို တပ်ရင်းတရင်းအတွက် တပ်သားသစ် ၄၈ ဦးကို ရရှိရမယ်လို့ ကကကြည်းရဲ့ ညွှန်ကြားချက်အရ သိရပါတယ်။

ညွှန်ကြားချက်ထဲမှာ ခြေလျင်ခြေမြန် တပ်ရင်းတရင်းဟာ သတ်မှတ်ချက်နဲ့ အညီ တပ်သားသစ် ၄၈ ဦး ရရှိခဲ့ရင်တော့ ဆုငွေ ကျပ် ၁၀ သိန်း ရရှိမယ်လို့ ညွှန်ကြားချက် ပါရှိပြီး သတ်မှတ်ချက်နဲ့ မပြည့်မီတဲ့ တပ်ရင်း တပ်ဖွဲ့တွေကိုတော့ စစ်စည်းကမ်းနဲ့ အရေးယူမယ်လို့လည်း ပါရှိပါတယ်။

မြန်မာတပ်မတော်ဟာ တပ်သားသစ်တွေကို အတင်းအဓမ္မ စုဆောင်းနေပြီး အသက် ၁၈ ပြည့်ပြီး လူငယ်တွေသာ မကဘဲ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေပါ စုဆောင်းခံနေရတယ်လို့ ကလေးစစ်သားတွေကို စစ်တပ်ထဲကနေ ကယ်ထုတ်ရေး ဦးဆောင်လုပ်ကိုင်နေတဲ့ လမ်းပြကြယ်ဦးအေးမြင့်က ပြောပါတယ်။

“ကလေးစစ်သားအပြင်ကို အသက် ၁၈ နှစ် ပြည့်ပြီးတော့ အသက် ၂၀ ကျော် ၂၅ နှစ် ပတ်လည်မှာ ရှိတဲ့ လူငယ်အရွယ်ပေါ့။ ဘူတာရုံတွေ၊ ကားဂိတ်တွေ၊ သင်္ဘောဂိတ်တွေ၊ စက်လှေဂိတ်တွေကို လူငယ်တွေ မှန်သမျှ မသွားကြတော့ဘူး။ စစ်သားတွေ စောင့်တဲ့အတွက် ခရီးသွားအလာ များတဲ့အခါမှာ လူရှင်းတဲ့နေရာမှာ မသွားတော့ဘူး။ လူရှုပ်တဲ့နေရာ မိဘညီအစ်ကိုမောင်နှမတွေ လာမှသာလျှင်၊ ပါမှသာလျှင် သွားရဲတယ်။ မိဘတိုင်းက သတိထား စောင့်ရှောက်နေရတယ်။ စစ်ထဲကို ဇွတ်ပါသွားမယ့် အခြေအနေမျိုး တွေ့တယ်။”

အခုရက်ပိုင်မှာလည်း မြန်မာတပ်မတော်ကနေ ပဲခူးမြို့နယ် ထုံးကြီးကျေးရွာက လူငယ်တဦးကို အတင်းအဓမ္မ တပ်မတော်ထဲကို ဆွဲသွင်းသွားတယ်လို့လည်း ပြောဆိုသွားပါတယ်။

“အခုဆိုရင် ပဲခူးမြို့နယ် ဘုန်းကြီးကျေးရွာမှာနေတဲ့ ဦးကျော်ဖေရဲ့သား မောင်အောင်အောင်ဟာ လွန်ခဲ့တဲ့ ၄ ရက်လောက်က ဆိုင်ကယ် ကယ်ရီနဲ့ သူငယ်ချင်း လိုက်ပို့တယ်။ မင်္ဂလာဆောင်ပြီးတာမှာ မကြာသေးဘူး။ အခု တပ်က ဆွဲသွားတယ်ဆိုတာ သိလို့။ ဘယ်တပ်ရောက်သွားမှန်း မသိဘူး။ အသက်က ၂၁ နှစ်ပဲ ရှိသေးတယ်။ အဲဒါကို လောလောဆယ် လိုက်လံ စုံစမ်းနေရတယ်။”

မြန်မာတပ်မတော်မှာ တိုက်ခိုက်ရေးအတွက် ခြေလျင်နဲ့ ခြေမြန်တပ်ရင်း ပေါင်း ၅၃၀ တပ်ရင်း ရှိနေပါတယ်။ တပ်ရင်းတရင်းကို တနှစ် အနည်းဆုံး တပ်သားသစ် ၄၈ ဦး စုဆောင်းပေးရမှာ ဖြစ်တဲ့အတွက် တပ်ရင်းပေါင်း ၅၃၀ အတွက် တပ်သားသစ် ၂ သောင်း ၅ ထောင်ကျော်ကို စုဆောင်းပေးရမှာ ဖြစ်ပါတယ်။

မြန်မာတပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများနဲ့ စစ်တိုက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြီးသတ် ချေမှုန်းဖို့အတွက် ရှိရင်း တပ်အင်းအားထက် အင်းအားသစ်တွေ လိုတဲ့အတွက် အခုလို တပ်သားသစ်တွေ အတင်းအဓမ္မ စုဆောင်းဖို့ ညွှန်ကြားတာ ဖြစ်တယ်လို့ နယ်စပ်က စစ်ရေးအကဲအခပ်တွေက သုံးသပ်ပြောဆိုပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကချင်ဒေသ တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး သုံးဦး ကျဆုံး

http://burmese.dvb.no/archives/12966


ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်မှ အနည်းဆုံး ဗိုလ်မှူး ၃ ဦး ကျဆုံးသွားတယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေအရ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တဲ့ တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီး၊ ဆန်ဂါဒေသတိုက်ပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခမရ ၄၃၇ က ဗိုလ်မှူး အောင်မြင့်မြတ် ကျဆုံးခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် (၁၆၊ ၁၇) ရက်တွေအတွင်း ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ မိုးမောက်မြို့နယ် နန့်ဆန်ယန်-အောင်ဂျာယန် တိုက်ပွဲတွေအတွင်း မပခ လက်အောက်ခံ မြစ်ကြီးနား အခြေစိုက် ခလရ ၂၁ က စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ခိုင်ဝင်း ကျဆုံးသွားပြီး ဒီကနေ့အထိ သူ့အလောင်းကို မြန်မာစစ်တပ်ဘက်က လာရောက် မကောက်ယူနိုင်သေးပါဘူး။

ဇူလိုင်လ ၁၉ ရက်နေ့က မံစီမြို့နယ်အတွင်း ကေအိုင်အေတပ်ရင်း ၁၂ နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း မပခလက်အောက်ခံ မိုးမိတ်အခြေစိုက် ခမရ ၃၄၈ က စစ်ကြောင်းမှူး ဗိုလ်မှူးတဦး ထပ်မံကျဆုံးသွားတယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်အရ သိရပါတယ်။

မနေ့က တိုက်ပွဲမှာ ခမရ ၃၄၈ က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို တိုက်ပွဲအတွင်း အဖမ်းခံရတဲ့ ကေအိုင်အေ ရဲဘော်တဦးကိုလည်း မြန်မာစစ်တပ်ဘက်က သတ်ဖြတ်ခဲ့တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မံစီမြို့နယ်၊ မုံးခေါင်မှာ ရင်း ၁၂ ကို ထိုးစစ်ဆင်တာ အစိုးရဘက်က စစ်ကြောင်းမှူး၊ ဗိုလ်မှူးတဲ့ တိုက်ပွဲမှာ ကျသွားတယ်။ သူတို့ခန့်မှန်းတာက (၁ဝ၊ ၂ဝ) လောက် ကျတယ်ပြောတယ် အစိုးရဘက်က။ ကေအိုင်အေဘက်က တဦးက တိုက်ပွဲဖြစ်ရင်းနဲ့ အဖမ်းခံရတာ။ ရွာသားတွေအရှေ့မှာ ဓားနဲ့ ခုတ်သတ်တယ် ပြောတယ်။ ရွာသားတွေက ဒီဘက်ကို ပြန်အကြောင်းကြားခဲ့တာ။”

ဆက်ဖတ်ရန်ကျန်သေးသည်.....

ပျက်ကျသွားသည့် ရဟတ်ယာဉ်ကို ကယ်ဆယ်ရေးအဖွဲ့ တောနင်းရှာဖွေ

http://burmese.dvb.no/archives/12979

အဂါင်္နေ့က ပျက်ကျတဲ့ အမေရိကန်လုပ် Black Hawk UH 60 A ထိုင်းရဟတ်ယာဉ်ကို ထိုင်း အနောက်ပိုင်းတိုင်းတပ် ၁ က ခြေလျင် ကယ်ဆယ်တပ်ဖွဲ့တွေ စေလွှတ်ပြီး ကုန်းလမ်းကနေ တောနင်း ရှာဖွေနေကြပါတယ်။

ပျက်ကျဘလက်ဟော့ရဟတ်ယာဉ် ကယ်ဆယ်ရေးအဖွဲ့ အချို့ခရီးထွက်ရန်ပြင်နေစဉ်

ရဟတ်ယာဉ်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတာမို့ မြန်မာပိုင်နက်ထဲကိုလည်း ကျသွားနိုင်တယ်လို့ ခန့်မှန်းရတဲ့အတွက် ထိုင်း တပ်မတော်တပ်မ ၁ က မြန်မာအာဏာပိုင်တွေကို ဆက်သွယ် အကူအညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရုပ်သံ chanel 11 ရဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ထုတ်လွှင့်ချက်မှာတော့ “မြန်မာဘက်က ဗိုလ်ချုပ်ခင်မောင်အေးကနေ တဆင့် မြန်မာ့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို ထိုင်းကယ်ဆယ်ရေး တပ်ဖွဲ့ တွေနဲ့ သွားရောက် ပူးပေါင်းပြီး မြန်မာပိုင်နက်ထဲမှာ တောနင်းရှာဖွေမှုကို ကူညီလုပ်ဆောင်ပေးနေပြီ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

ထိုင်းပီဘီအက်စ် ရုပ်သံသတင်းရဲ့ အဆိုအရ တပ်မ ၁ လက်အောက်ခံ ကန်ချနဘူရီခရိုင် အခြေစိုက် တပ်မဟာ ၉ က တပ်ဖွဲ့ ၆ ဖွဲ့ စီပါတဲ့ ကယ်ဆယ်ရေးတပ်စု ၂ စုကလည်း စစ်ကားတွေနဲ့ ခေါင်ဖနေဖု တောင်ခြေကိုဦးတည် ချီတက်သွားကြပြီလို့ ဆိုပါတယ်။

ခေါင်ဖနေဖုတောင်ခြေဟာ တပ်မဟာ ၉ စစ်လေ့ကျင့်ရေး ဌာနချုပ်ရှိရာ ကဲန်ကကျန်ကနေ ကီလိုမီတာ ၄၀ ကွာဝေးပြီး အခင်းဖြစ်ပွားရာနဲ့ အနီးဆုံး ကားသွားနိုင်တဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၄ နာရီ အထိ ရဟတ်ယာဉ်တွေ့ပြီဆိုတဲ့ အကြောင်းကြားချက် မရှိသေးဘူးလို့ ထိုင်းပီဘီအက်စ်က ဆိုပါတယ်။

ထိုင်း အနောက်တိုင်းတပ်မ ၁ တပ်မမှူး ဒုဗိုလ်ချုပ်ကြီး အဒွန်းဒေ့ စီတကွန်က ဒုတိယ ပျက်ကျတဲ့ ဘလက်ဟော့ ရဟတ်ယာဉ်နဲ့ ပါသွားသူတွေဟာ ယာဉ်ပျက်ပျပုံ ခန့်မှန်းချက်အရ အသက်မသေ ကျန်ရှိနေနိုင်တယ်လို့ မျှော်လင့်ကြောင်း ထိုင်းမီဒီယာတွေကို ပြောပါတယ်။

ထိုင်းမီဒီယာတွေမှာ ထိုင်းစစ်တပ်၊ သစ်တောဌာနနဲ့  စိုက်ပျိုးရေးဌာနက ကယ်ဆယ်ရေးအဖွဲ့တွေဟာ စနေနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်နဲ့ ပါသွားသူငါးဦးရဲ့ ရုပ်အလောင်းတွေကို ဗုဒ္ဒဟူးနေ့လယ်မှာ တွေ့ရှိ သယ်ဆောင်နေပြီလို့ ဖော်ပြကြပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးက မီဒီယာတွေကို ပြောဆိုရာမှာ ရဟတ်ယာဉ်တွေကို မြန်မာပြည်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပစ်ချခဲ့တယ်ဆိုတဲ့ ကောလာဟလတွေဟာ အခြေအမြစ် မရှိတဲ့အကြောင်း ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ရဟတ်ယာဉ် ၂ စင်းလုံးဟာ စက်ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ပျက်ကျတာလို့ ထိုင်းမီဒီယာတွေက ကျွမ်းကျင်သူတွေကို မေးမြန်း ထုတ်လွှင့်နေပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကရင်ပြည်နယ်အတွင်းတိုက်ပွဲသတင်း

20/7/2011 ရက်နေ့ နံနက် 4 နာရီ အချိန်တွင် လှိုင်းဘွဲ မြို့နယ်အတွင်း နိုးရီးထီးပယ် ကျေးရွာ အနီးရှိ BGF တပ်ရင်း (1015) လက် အောက်ခံတပ်ခွဲရုံး စခန်းသည် မြိုင်ကြီးငူ ခွဲထွက်DKBA တပ်ဖွဲ့တဖွဲ့ မှဝင်ရောက်စီးနင်းတိုက်ခိုက်ရာ BGF တပ်သား (1)ဦး ကျဆုံးပြီး၊ (3)ဦး
ဒါဏ်ရာ ရသည်ဟုသတင်းရရှိသည်။ အဆိုပါတိုက်ပွဲတွင် BGFတပ်သားများအားလုံးထွက်ပြေးသွားကြသည်။ DKBA တပ်မှ 60 mm (1) လက် နှင့် ဗုံးသီး (15) လုံး ၊ RPG -7 ဗုံးသီး (6) လုံးရရှိပြီး စခန်းတခုလုံး မီးရှို့ဖျက်ဆီး လိုက်သည်ဟု သတင်းရရှိသည်။

ထိုနည်း၎င်း လှိုင်းဘွဲ မြို့နယ်အတွင်းရှိ ကွီးလေးသဘလူကလား ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု သတင်းရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကေအိုင်အေအဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်၊ လက်နက်များ သိမ်းဆည်းရမိ

by ဒီဗွီဘီ


ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က နယ်မြေရှင်းလင်းရေးတွေ လုပ်နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ် အတော်များများ သိမ်းဆည်း ရမိခဲ့တယ်လို့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင်​ ၁၆​ နေ့ နေ့လယ်ပိုင်းက ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ မိုးမောက်မြို့​နယ်အတွင်းက အောင်ဂျာယန်နဲ့ ခါရာကျေးရွာ အကြား မြန်မာစစ်တပ် ခလရ ၂၁ နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ရာ ဒေသကို နယ်မြေရှင်းလင်းရေး လုပ်နေတာ ဖြစ်ပါတယ်။

စက်လတ် ၆ဝ မမ မော်တာအပါအဝင် လက်နက်ငယ်တွေ အတော်များများ တိုက်ပွဲခွင်ထဲကနေ ရှာဖွေသိမ်းဆည်းနိုင်ခဲ့သလို သေဆုံးနေတဲ့ စစ်သားတွေလည်း အတော်များများရှိနေကြောင်း ကေအိုင်အေနဲ့ နီးစပ်သူက ပြောပါတယ်။

“စက်လတ်ကြီးက ၂ လက်၊ မော်တာ ၂ လက်၊ ကျန်တဲ့ လက်နက်ငယ်တွေက တော်တော်များတယ်။ ကားတစီးတိုက်စာလို့ ပြောတယ်။ အခုလိုက် ကောက်နေတုန်းတဲ့။ အောင်ဂျာယန်နဲ့ ခါယာ ကြားထဲမှာ သူတို့ တိုက်ပွဲဖြစ်တဲ့ နေရာပေါ့၊ လက်နက် လိုက်ကောက်ရင်းနဲ့ တချို့ဆိုရင် ဒဏ်ရာ မရှိဘဲနဲ့ သေနေတာ တွေ့ရတယ်တဲ့။ စနေ့နေ့ကတည်းက ဆိုတော့ ဒီနေ့ အင်္ဂါဆိုတော့ လေးရက်ရှိပြီ။ ထမင်းငတ်လို့၊ အစာငတ်လို့ သေတာလည်း ဖြစ်မှာပေါ့။ အများကြီးပဲတဲ့။ အခုက အလောင်းက မကောက်ရသေးဘူး။ လက်နက်တွေ လိုက်သိမ်းနေတယ် ပြောတယ်။ ရှင်းလင်းရေး လုပ်နေတာပေါ့။”

အစောပိုင်းရက်တွေကလည်း ဆက်သွယ်ရေး စက်တလုံးနဲ့ လက်နက်ငယ် တွေကို ကေအိုင်အေတပ်ဖွဲ့က စစ်သုံ့ပန်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ခဲ့တာကတော့ မြစ်ကြီးနား အခြေစိုက် ခလရ (၂၁) က ဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့က အဲဒီစစ်ကြောင်း ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သလို တဖက်က စစ်ကူတွေ မလာရောက် နိုင်အောင်လည်း ကြားဖြတ် တိုက်ခိုက်တာတွေရှိခဲ့လို့ ခလရ ၂၁ ရဲ့ စစ်ကြောင်း တခုလုံး ကစဉ့်ကလျားဖြစ်ကာ သေကျေထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ကလည်း ခလရ ၂၁ က ဒဏ်ရာရထားတဲ့ စစ်သည် ၂ ဦးကို လိုင်ဇာကို ခေါ်ယူလာခဲ့လို့ အခုဆိုရင် မြန်မာစစ်တပ်က ဗိုလ်ကြီးတဦး အပါအဝင် အနည်းဆုံး စစ်သည် ၈ ဦး စစ်သုံ့ပန်းအဖြစ် လိုင်ဇာမှာ ဖမ်းဆီးရမိထားပါတယ်။

ဒါ့အပြင် ကားသမားလို့ ဝန်ခံထားတဲ့ အရပ်ဝတ် ၃ ဦးကိုလည်း တိုက်ပွဲဖြစ်ရာ ဒေသအတွင်း တွေ့ရလို့ အဲဒီ ၃ ဦးကိုလည်း လိုင်ဇာကို ခေါ်ယူထားတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်သူက ပြောပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ထိုင်းစစ်ရဟတ်ယာဉ် မြန်မာပြည်ထဲ ပျက်ကျ

http://burmese.dvb.no/archives/12921


ထိုင်း ဘလက်ဟော့ စစ်ရဟတ်ယာဉ်တစင်း အဂါင်္နေ့မနက်မှာ မြန်မာပြည်ထဲ ပျက်ကျတယ်လို့ ထိုင်းရုပ်သံ သတင်းဌာန တခုဖြစ်တဲ့ ထိုင်းပီဘီအက်စ်က ကြေညာသွားပါတယ်။
ဘလက်ဟော့ စစ်ရဟတ်ယာဉ် (ဓာတ်ပုံ-www.junjaowka.com)

လွန်ခဲ့တဲ့ စနေနေ့ က ထိုင်း ရဟတ်ယာဉ်တစင်း မြိတ်ခရိုင်နဲ့ နယ်နိမိတ်ခြင်း ကပ်နေတဲ့ ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း ပက်ခ်ျဘူရီခရိုင်က ကဲန်ကကျန် သစ်တောထဲမှာ ပျက်ကျခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

အဲဒီရဟတ်ယာဉ်က သေဆုံးသူ ထိုင်းတပ်ဖွဲ့ ၅ ဦးရဲ့ ရုပ်လောင်းတွေကို ၁၉ ရက် အဂါင်္နေ့​မနက်ပိုင်းမှာ သယ်ဆောင်ဖို့ သွားတဲ့ ထိုင်းစစ်တပ်ပိုင် Black Hawk ရဟတ်ယာဉ် တစင်းဟာလည်း နောက်ထပ် ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတကြိမ် ပျက်ကျတာဟာ ထိုင်းနိုင်ငံရတ်ခ်ျဘူရီနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ ထားဝယ်ခရိုင်ထဲကို ပျက်ကျသွားတာလို့ ထိုင်းရုပ်သံဌာန ထိုင်းပီဘီအက်စ်က ဆိုပါတယ်။

“စနေနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်က ရုပ်အလောင်းတွေကိုသယ်ဖို့ သွားတဲ့ ဘလက်ဟော့ ရဟပ်ယာဉ် တစင်း မြန်မာတပ်စခန်းတခုနဲ့ တကီလိုမီတာ အကွာ ခေါင်မိုင်းဒဲန်းခေါ် သစ်နီတောင်မှာ ပျက်ကျတာ ဖြစ်တယ်။ ပျက်ကျတဲ့ ရဟတ်ယာဉ်ထဲမှာ ကန်ချနဘူရီခရိုင်အခြေစိုက် ခြေလျင်တပ်မဟာ ၉ က ထိုင်း တပ်မဟာမှူး ဒုဗိုလ်ချုပ် တ၀မ် ရေန်းစီနဲ့ လက်အောက်ခံတပ်မှူး ၅ ဦး အပြင် ထိုင်း chanel 5 တီဗွီသတင်းထောက်တဦး စုစုပေါင်း ၉ ဦး ပါသွားတယ်။”

ပစ်ခတ်ခံရလို့ ပျက်ကျတာဆိုပြီး ကောလာဟလတွေ ဖြစ်နေတာ မမှန်ကြောင်းနဲ့ ရာသီဥတု အခြေအနေကြောင့် ပျက်ကျတာလို့ အနောက်တိုင်း တပ်မ ၁ စစ်တိုင်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းတပ်မ (၁) စစ်တိုင်းမှူးက ရာသီဥတု ဆိုးဝါးနေတဲ့အတွက် နောက်ထပ် ပျက်ကျတဲ့ ရဟတ်ယာဉ်ကို လေကြောင်းကနေ သွားပြီးရှာဖွေတာကို မလုပ်ဘဲ ကုန်းကြောင်းကနေ သွားနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် စကားပြောနေတယ်လို့လည်း ထိုင်းပီဘီအက်စ် သတင်းအရ သိရပါတယ်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ တခြားမီဒီယာတွေမှာတော့ ရဟတ်ယာဉ်နဲ့ ပါသွားသူ ၁၄ ဦး ရှိတယ်လို့​​ ဖော်ပြထားပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

SSA ဌာနချုပ် ကျတော့မည်

http://www.irrawaddymedia.com/bur/index.php/news/6874-ssa--

အစိုးရတပ်များ၏ ၄ ရက်ကြာ ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရသည့် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း သည် ၎င်းတို့၏ ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဟု သိရသည်။

လက်နက်ကြီးဒဏ် ခံနေရသော ဌာနချုပ် ကျရန် ၈၀ ရာ ခိုင်နှုန်း သေချာနေသည်ဟု SSA မြောက်ပိုင်း၏ အရာရှိ တဦး ဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းထူးက ဧရာဝတီကို ပြောသည်။

SSA တပ်သားများက ဌာနချုပ်အပြင်ဘက်သို့ ဆုတ်ခွာပြီး အစိုးရတပ်များကို ခုခံနေသည်ဟု ဆိုသည်။

နှစ်ဘက် အကျအဆုံး စာရင်းများကို မသိရသေးပေ။

တိုက်ပွဲများကြောင့် စာသင်ကျောင်းနှင့် ဆေးရုံများ ပိတ်ထားကြောင်း၊ ၀န်ထမ်းများက ကျေးသီးမြိုနယ်နှင့် လာရှိုးမြို့နယ်များသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သိရကြောင်း ဗိုလ်မှူးကြီးစိုင်းထူးက ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကလည်း တိုက်ပွဲကြောင့် ရွာပေါင်း ၂၀ မှ ဒေသခံ ၃၀၀ ခန့် အိုးအိမ်စွန့်ခွာ၍ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သတင်းရကြောင်း ဧရာဝတီကို ပြောသည်။

SSA မြောက်ပိုင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသဖြင့် ငြိမ်းချမ်းရေး ပျက်ပြားသွားသည်။

SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေများမှာ မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့၊ မိုးမိတ် စသည့် ဒေသများ ဖြစ်သည်။

ရှမ်းပြည်နယ်တွင် SSA တောင်ပိုင်း ဟူသော အမည်ဆင်တူသည့် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။

SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ ဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, July 19, 2011

BGF နယ်ကြားစောင့်တပ်လူထုအားအနိုင်ကျင့်မှု

မြ၀တီ မြို့ မြောက်ဘက် ထီးဝါဘလော ကျေးရွာဒေသတွင် 13.7.2011 မွန်းလွဲ 3 နာရီအချိန်တွင် BGF - (1017) တပ်ရင်းမှ တပ်ကြပ်ကြီး
စောအယ်ဖေါ အပါအ၀င်အလုံး (5) ဦး သည်လက်နက်အပြည့်အစုံ နှင့် DKBA ဗိုလ်မှုး ကျောဘလို့ ထံသို့လာရောက်ပူးပေါင်းသည်ကို
BGF - (1017) တပ်ရင်းမှုး ဖြစ်သော စောဒီးဒီ မှ မကြေမချမ်းဖြစ်၍ ၊ ထိုလက်နက် (5) လက် ကိုရွာသားများက ခိုးယူသည်ဟု SPDC ထံ
သို့ အစီရင်ခံတင်ပြသည်ဟုသတင်းရရှိပါသည်။

တဆက်ထဲမှာပဲ 14.7.2011 ရက်နေ့တွင် ရွာသူကြီးနှင့်ရွာသားအားလုံး (25) ဦး ကိုဆင့်ခေါ်ပြီး စစ်ယူနီဖောင်း များဝတ်ဆင်ခိုင်း ပြီး DKBA
များကိုသွားတိုက်ခိုင်းသည်။ ထိုနေ့ ၌ လက်နက်ကြီးများနှင့် အတူ ရွာသူကြီး ၊ ရွားသား 25 ဦး အပါအ၀င် DKBA ရှိရာ ၀ါဘလောခီး
တေင်ခြေတ၀ိုက်သို့ 81 MM မော်တာ လက်နက်ကြီးဖြင့် အလုံး (30) ပစ်ခတ်ခဲ့ပါတယ် ၊ ထီးဝါဘလောရွာ မှ ရွာသားများ အသုံးပြုသည့်
လက်ကိုင်ဖုန်း များကိုလဲ အားလုံးသိမ်းယူလိုက်သည် ဟု သတင်းရရှိပါသည်။

အမည် မဖေါ်လိုသော ရွာသား တစ်ဦး ပြောပြရာမှာ " ဒီးဒီ ရေ မင်းအဖေ တုန်းက ငါတို့ကို အဲ့ဒီလိုမလုပ်ပါလား " ဟု သူ့ကိုပြောပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ရှမ်းပြည်တပ်မတော်ဌာနချုပ်ကို အစိုးရတပ်က သိမ်းပိုက်ရန် အမိန့်ပေးထားဟုဆို

http://burmese.dvb.no/archives/12875


ရှမ်းပြည်တပ်မတော်ရဲ့ ဌာနချုပ်ဖြစ်တဲ့ ၀မ်ဟိုင်းကို မြန်မာအစိုးရတပ်မတော်က တပတ်အတွင်း တိုက်ခိုက်သိမ်ပိုက်ဖို့ အမိန့်ပေးထားပြီး ကျေးသီးနဲ့ မိုင်းရယ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရှမ်းပြည်တပ်မတော်ဝမ်းဟိုင်းဌာနချုပ်ကို သိမ်းယူဖို့ မြန်မာ အစိုးရရဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထားပြီး တပတ်အတွင်း ထိုးစစ်ဆင် သိမ်းပိုက်ဖို့ ကာကွယ်​ရေးဝန်ကြီး​ဌာ​န​ ​ဒု​တိ​ယ​ဗိုလ်ချုပ်ကြီး​​ အောင်သန်းထွဋ်ကို အမိန့်ပေးညွှန်ကြားထားတာပါ။

ဒီလို ထိုးစစ်ဆင်တဲ့နေရာမှာ လေတပ်ကို အသုံးပြုခွင့်ပေးထားတယ်လို့ နေပြည်တော်ကလာတဲ့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ ရှမ်းပြည်တပ်မတော်တို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အခုလို အင်အားသုံးတိုက်ခိုက်လို့ ၀မ်းဟိုင်းဌာနချုပ် ကျသွားခဲ့မယ် ဆိုရင်တောင်မှ ပြောက်ကြားအနေနဲ့ ပြန်လည်ခုခံသွားမယ်လို့လည်း သူကဆိုပါတယ်။

“မြေပြင်က ညွှန်ကြားချက် ထုတ်လိုက်တယ်တဲ့ ၀မ်ဟိုင်းကို သိမ်းဖို့ပေါ့။ လေကြောင်းနဲ့ သူတို့သုံးဖို့ ခွင့်ပြုလိုက်တယ်။ ခုခံသွားမှာပါ။ ၀မ်ဟိုင်း ကျသွားလည်း ကျနော်တို့က ပြောက်ကျားစနစ်နဲ့ တိုက်သွားဦးမှာပါ။ သူတို့ ထိုးစစ်ဆင်နေသမျှကတော့ ကျနော်တို့လည်း ခုခံတိုက်ခိုက်သွားမှာပါ။ သူတို့က အမြစ်ပြတ် ချေမှုန်းဖို့က မဖြစ်နိုင်ဘူးလေ။ ကျနော်တို့ ရှိသမျှ အင်အားနဲ့ ပြောက်ကျား စနစ်နဲ့ နေရာတကာ ၀င်တိုက်မှာပဲ။”

ဒါ့အပြင် တပတ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှမ်းပြည်နယ် ကျေးသီးနဲ့ မိုင်းရယ်မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်ထန်လာနေပြီး အစိုးရတပ်ဘက်က ဓာတုလက်နက် အသုံးပြု တိုက်ခိုက်တယ်လို့​ ယူ​ဆ​​ကြောင်း​​ ဗိုလ်မှူးစိုင်းလက ဆိုပါတယ်။

“ဒီနေ့ ကျေးသီးကနေ နမ့်ပုတ် စခန်းကြားမှာလည်းတိုက်ပွဲ ဖြစ်နေတယ်။ ၀မ့်​ပုံနဲ့ မိုင်းရယ် ကြားမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ နမ့်ဟူး​ဖာ့​လန် ဆိုတဲ့ မိုင်းရယ်ခွင်နားမှာပဲ အဲဒီမှာလည်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်တယ်။ ဖြစ်နေတုန်းပဲ အကျအဆုံး၊ ဒဏ်ရာရမှု များတယ်လို့ ပေးပို့တယ်။ အဲဒါအပြင် အဲဒီလက်နက်ကျတဲ့နေရာမှာ အဲဒီဝန်းကျင်က ရှိတဲ့ ရဲဘော်တွေ မူးဝေတယ်လေ။ ဓာတုလက်နက်လို့​​ ​ထင်​ရ​တယ်​။”

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာမှာ လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကို ပစ်ခတ်မှုတွေရှိနေသလို မြန်မာ့တပ်မတော်ရဲ့ လူ့ခွင့်ရေးချိုးဖောက် ကျူးလွန်မှုတွေ ခံရမှာစိုးရိမ်တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြပါတယ်။

အထူးသဖြင့် ပန်မိုတ်၊ ၀မ်ဝ၊ ဟိုနား၊ ၀မ်မော့၊ ကျိုင်းလိန်၊ ၀မ်ဟိုင်း၊ ၀မ်ဆော့၊ ၀မ်ပန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“စစ်တပ်တွေလာမယ်လို့ သတင်းကြားရင် ထွက်ပြေးရတာပေါ့။ အလုပ်လည်း ကောင်းကောင်း လုပ်လို့မရဘူး၊ တခြားနေရာပြောင်းသွားတော့ ပေးကမ်းမဲ့ ဆွေမျိုးမရှိရင်တော့ ငတ်မှာပဲ၊ ကူညီတဲ့အဖွဲ့အစည်းတွေလည်း မရှိဘူး။ ဘုန်းကြီးကျောင်းမှာလည်း ဗမာစစ်သားတွေ ပြည့်နေတယ်၊ ဘယ်သူမှ မသွားရဲဘူး။ တချို့လည်း တောထဲမှာဖြစ်သလိုပေါ့၊ မလုပ်ရင် ငတ်မှာစိုးလို့ ခြံထဲဆင်းတယ်၊ တယောက်တည်းမသွားရဲဘူး။ အဖော် ၉ ယောက် ၁၀ ယောက်စုပြီးသွားတယ်။ စစ်သားနဲ့တွေ့ရင် မုဒိမ်းကျင့်ခံရမှာစိုးတယ်။”

ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ၀မ်ဟိုင်း အခြေစိုက် ရှမ်းပြည်တပ်မတော်ကို အစိုးရတပ်က ၄ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီး ဒီတကြိမ် တိုက်ပွဲကတော့ အပြင်းထန်ဆုံးနဲ့ အင်အားအများဆုံးဖြစ်ပြီး တပ်ရင်း ၁၄ ရင်း၊ အင်အား တထောင်ကျော်အထိ အသုံးပြု ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဘက်ကတော့ ငြိမ်းချမ်းစွာ ဆွေးနွေးချင်တဲ့အကြောင်း တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အစိုးရဘက်က ထိုးစစ်ဆင်နေဆဲပါ။

ဒီလို ရှမ်းပြည်နယ်အတွင်း မြန်မာတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေ အပါအ၀င် ဒုတိယသမ္မတ ဖြစ်လာတဲ့ ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်းတို့လည်း ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ် ညှိနှိုင်းပေးတာမျိုးတွေ မရှိသေးပါဘူး။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုးရတပ် ကချင်ဒေသတွင် အကျများ

http://www.irrawaddymedia.com/bur/index.php/news/6868-2011-07-18-11-49-20


ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှေ့တန်း တပ်မှူးများက ပြောသည်။

KIA က ခြုံခိုတိုက်ခိုက်သဖြင့် ထိုသို့ အကျအဆုံးများခြင်းဖြစ်ကြောင်း၊ KIA ဘက်မှ တဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

“သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းနေတုန်းပဲ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကပြောသည်။

KIA ရှေ့တန်း တပ်မှူးများ၏ အဆိုအရ ပြီးခဲ့သည့် ၂ရက်အတွင်း ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာ ဒေသတွင် အစိုးရ၏ ခြေလျင်တပ်ရင်း အမှတ်၂၁ နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး တဦး အပါအ၀င် တပ်သား ၁၁ ဦးခန့်ကို လက်နက်များနှင့်တကွ ဖမ်းဆီး ရမိကြောင်း သိရသည်။

ပြီးခဲ့သည့်လက စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဘက် သုံ့ပန်းရရှိသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။

အစိုးရက ယခုလ ၄ ရက်နေ့ ရက်စွဲဖြင့် KIA သို့ ပေးပို့သည့် စာတစောင်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ မည်သည့်အချိန်က ဖမ်းဆီးခံရသူများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

ကချင်ပြည်နယ် အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ထိုသို့ သွားရောက် တွေ့ဆုံနေစဉ်မှာပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အစိုးရ စစ်သည်များ ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် မြန်မာစစ်တပ် သိမ်းပိုက်လုနီး

http://www.voanews.com/burmese/news/myanmar-army-attacked-ssa-sspp-125747368.html
By နိုင်ကွန်းအိန်


သီတင်းတပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာဆိုရင် မြန်မာစစ်တပ်ကနေ အင်အားအလုံးအရင်းနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ၅ မိုင်အကွာမှာ ရောက်နေပြီလို့ ရှမ်းပြည် တိုးတက်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီစခန်းသိမ်း စစ်ဆင်ရေးအတွက် နေပြည်တော်ကနေ ညွှန်ကြားချက် ပေးလာတာလို့ ယူဆကြောင်းလည်း ရှမ်းပြည် တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။ SSA/SSPP ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ အနေနဲ့ကတော့ အင်အား အနေအထားအရ ပြောက်ကျားစနစ်နဲ့သာ ဌာနချုပ်ကို ကာကွယ်ရင်း ခုခံ တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ စိုးရိမ်နေရတဲ့ လုံခြုံရေး အနေအထားကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရသလို ကျောင်းသားတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာရှိတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ဌာချုပ်ဖြစ်တဲ့ ၀မ့်ဟိုင်းစခန်းကို သိမ်းဖို့အတွက် မြန်မာစစ်တပ်ဟာ အင်အား အလုံးအရင်းနဲ့ ချီတက်လာနေပြီး အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ၀မ့်ဟိုင်းဌာနချုပ်နဲ့ ၅ မိုင်လောက်မှာ ရောက်ရှိနေပြီလို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲဖို့ မြန်မာအစိုးရရဲ့ နေပြည်တော်ကနေ တိုက်ရိုက် ညွှန်ကြားချက် ပေးလာတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ကျနော်တို့ အထောက်တော်ရဲ့ သတင်းပေးချက် အရပေါ့၊ အဲဒီ နေပြည်တော်ကနေ ညွှန်ကြားလိုက်တာ တပတ်အတွင်း ၀မ့်ဟိုင်းကို သိမ်းနိုင်ဖို့ ညွှန်ကြားထားတယ်။ သူတို့ ကျိန်းလွန်းအနီးနားတော့ ရောက်သွားပြီ။ ကျနော်တို့ ၀မ့်ဟိုင်းနဲ့ ၅ မိုင်လောက်ပဲဝေးတယ်။ တပ်ရင်း ၁၄ ရင်းလေ၊ ထောင်ကျော်တာပေါ့။ ကျနော်တို့ ခုခံနိုင်သလောက်တော့ ခုခံသွားမှာပဲ။”

အခုလို စစ်ဆင်ရေးတရပ် အနေနဲ့ မြန်မာစစ်တပ်ဘက်ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ အနေနဲ့ကတော့ နောက်ဆုံးအချိန်ထိ တန်ပြန်နည်းနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

“နောက်ဆုံး လေကြောင်းရော လက်နက်ကြီးတွေရော အင်အားရော ဖိသုံးလာရင်တော့ ကျနော်တို့က ၀မ့်ဟိုင်းကို လက်လွှတ်ရရင်လည်း တန်ပြန်တဲ့နည်းတော့ ရှိတာပေါ့။ ကျနော်တို့က ပြောက်ကျားစနစ်နဲ့ တိုက်ပွဲတော့ ဆက်လက်ဝင်သွားမှာပါ။ သူတို့က မရပ်မချင်းတော့။”

အခုဆိုရင် SSA/SSPP ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ အနေနဲ့ကတော့ လိုအပ်တဲ့ ပြောင်းရွှေ့မှုတွေ ပြင်ဆင်မှုတွေ လုပ်နေပြီလို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။

ဇူလိုင် ၁၁ ရက်ကနေ စပြီးတော့ မြန်မာစစ်တပ်နဲ့ ရက်သတ္တပတ်ကျော်ကျော် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ကျနော်တို့ ပိတ်ထားတဲ့ကျောင်းက အဲဒီ ဖာထီးပေါ့။ မိုင်းနောင်နဲ့ ၀မ့်ဟိုင်းရဲ့ အဲဒီအနားမှာ ဖာထီးရွာ လမ်းခွဲလို့ ခေါ်တာပေါ့။ အဲဒီမှာ မူလတန်းကျောင်းတကျောင်း ရှိတယ်။ အဲဒီမှာ ပိတ်ပစ်လိုက်ရတယ်။ နောက် ၀မ့်ဟိုင်းမှာ တွဲဖက် အထက်တန်းကျောင်းရယ်၊ ပရဟိတကျောင်းရယ် အဲဒီကျောင်း ၂ ကျောင်း ရှိတယ်။ အဲဒါလည်း ပိတ်ပစ်လိုက်ရတယ်။ နောက် ကျနော်တို့ ကျိန်းလွန်းမှာပေါ့ မူလတန်းကျောင်း တကျောင်း ရှိတယ်လေ။ အဲဒီဟာလည်း ပိတ်ပစ်လိုက်ရတယ်။

“အခုဆိုရင် ကျနော်တို့ ကျောင်းတွေ အကုန်ပိတ်လိုက်ရတယ်။ အဲဒီ ကျောင်းသူ ကျောင်းသားတွေ တောထဲ လျှိုထဲမှာ မိုးမလုံ လေမလုံနဲ့ ပြေးလွှား ခိုအောင်းနေရတယ်ဆိုတော့ ရင်လေးစရာပါပဲ။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့ကတော့ ကိစ္စမရှိပါဘူး။ အဲဒီ ပြည်သူလူထုအတွက်ပဲ ကျနော်တို့ စိုးရိမ်ရတယ်။”

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်ကြောင့် စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားခဲ့ရပြီး ကျောင်းသား ၈၀၀ နီးပါးဟာ စာမသင်ရဘဲ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ ခိုလှုံနေရတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့တွေဟာ မနေ့က နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းကနေ ဆုတ်ခွာခဲ့ပြီး ၀မ့်ဟိုင်းဌာနချုပ် မရောက်ခင် တောင်ကြောတွေမှာ နေရာယူထားပြီး ပြောက်ကျားစနစ်နဲ့ မြန်မာစစ်တပ်တွေကို တိုက်ခိုက်နေဆဲပဲလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေတွေကိုတော့ ဆက်သွယ်မှု အခက်အခဲကြောင့် အတည်ပြုချက် မပေးနိုင်သေးပါဘူး။

ရှမ်းပြည် တိုးတက်ရေးပါတီဟာ အရင်က SSA (မြောက်ပိုင်း) လို့ လူသိများခဲ့ပြီး မြန်မာစစ်အစိုးရကနေ တိုက်တွန်း ဖိအားပေးထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် မတ်လမှာ မြန်မာစစ်အစိုးရတပ်ကနေပြီး စတင် တိုက်ခိုက်လာရာကနေ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာခဲ့ပေမဲ့လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့လည်း တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့တွေ အပေါ်မှာလည်း စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

တိုင်းရင်းသားတွေကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ လုံခြုံရေး ပြဿနာတွေ၊ စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးပွားလာမှာ ဖြစ်သလို စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီး ရှိလာမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, July 18, 2011

ရှမ်းပြည်တပ်မတော် စခန်းတချို့ ဆုတ်ခွာ

http://burmese.dvb.no/archives/12783
by နန်းမြနဒီ

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တိုက်ပွဲ ၇ ရက်မြောက်နေ့မှာ ရှမ်းပြည်တပ်မတော်က တောင်ကုန်းတချို့ကို လက်လွတ်ဆုတ်ခွာပေးလိုက်ပြီလို့ နယ်စပ် စစ်ဖက် သတင်းရပ်ကွက်က ပြောပါတယ်။

အစိုးရဘက်က လက်နက်ကြီးတွေဟာ ရှမ်းတပ်မတော် တည်ရှိရာ တောင်ကုန်းတွေကို သာမက ရွာတွေထဲကိုပါ ကျမှန်ပေါက်ကွဲပြီးတဲ့နောက် ရွာသားတွေ ကစဉ့်ကလျား ဖြစ်ကုန်ကြသလို ရှမ်းတပ်က ဆုတ်ခွာပေးလိုက်တာလို့ ဆိုပါတယ်။

ဝမ်ဟိုင်း အနောက်မြောက်ဖက် ၁၆ မိုင်အကွာ နမ့်ပုတ်၊ လွယ်ကုန်၊ လွယ်ဆိုင်း၊ ဖတ်နမ် စတဲ့နေရာတွေမှာ ဖြစ်တဲ့ သီတင်းတပတ်ကြာ တိုက်ခိုက်နေတာ ဖြစ်ပြီး အစိုးရဘက်က ရှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီကနေ့မနက် ၁၀ နာရီကစပြီး ကျေးသီးမြို့နယ် ဖတ်နမ်ကျေးရွာအုပ်စု နမ့်စလွမ်းရွာအနီးမှာ နှစ်ဖက်အကြား နှစ်နာရီကြာ တိုက်ပွဲဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ စိုင်းလှက ရှမ်းတပ်က ၀မ်ဟိုင်းဌာနချုပ်နဲ့ ၁၅ မိုင်ဝန်းကျင်က တောင်ကုန်းတချို့ကို ဆုတ်ခွာပေးလိုက်သလို အစိုးရတပ်က အင်အား ၁၀၀၀ လောက် ရှမ်းတပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို ချီတက်နေတယ်လို့ ဒီနေ့ မြန်မာစံတော်ချိန် သုံးနာရီမှာ ပြောပါတယ်။

“ကျေးသီးမြို့နယ်မှာပဲ။ လက်နက်ကြီးတွေတော့ တောင်ကြောမှာ သူတို့ ပစ်တာပဲ၊ တောင်ကြောရော ရွာထဲရော အများကြီးကျတယ်။ အဲဒါ ကျနော်တို့ ဆုတ်ပေးလိုက်တော့ သူတို့ အခု ၀မ်ဟိုင်းနဲ့ သိပ်မဝေးတော့ဘူးဗျ။ ၀မ်ဟိုင်းနဲ့ ဆိုရင် ၈ မိုင်လောက်ပေါ့။ ၀မ်ဟိုင်းနားဆိုရင် အကြီးအကျယ် ပြန်ဖြစ်ဦးမယ် ထင်တယ်။”

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ (၁၁-၇-၂၀၁၁) ကစပြီး ဒီနေ့အထိ ၀မ်ဟိုင်းဒေသရှိ အရပ်သားရာချီ ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

အစိုးရဘက်က ၀မ်ဟိုင်းကို မရရအောင် သိမ်းပိုက်မယ်ဆိုတဲ့ သတင်းကြောင့် အရပ်သားတွေ ထိတ်လန့် ထွက်ပြေးကုန်တယ်၊ ဖတ်နမ်မူလတန်းကျောင်း၊ ကိန်းလိန် မူလတန်းကျောင်း၊ ၀မ်ဟိုင်းမူလတန်းကျောင်း၊ ၀မ်ဟိုင်းအထက်တန်းကျောင်း၊ ပါခီးမူလတန်းကျောင်း စတဲ့စာသင်ကျောင်းတွေ ပိတ်ပစ်လိုက်ရပြီး ကျောင်းသား ခုနှစ်ရာကျော်ဟာ ရှောင်တိမ်းပုန်းအောင် နေကြပါတယ်။

ဆရာ၊ ဆရာမတွေကိုတော့ အစိုးရဘက်က မိုင်းရှူးမြို့ဘက်ကို ခေါ်ဆောင်သွားတယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။

အစိုးရတပ်တွေ ပစ်မှတ်ထား တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ ၀မ်ဟိုင်းဌာနချုပ်ဟာ အရင် အပစ်ရပ်ရှမ်းတပ်မတော် (မြောက်ပိုင်း) ဌာနချုပ် ဖြစ်ပါတယ်။ အစိုးရရဲ့ တပ်အသွင်ပြောင်းရေး စီမံချက်အရ လက်ခံပြောင်းလဲသူတွေ ရှိသလို လက်မခံသူတွေက ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ပေါင်းပြီး တခုတည်းသော ရှမ်းပြည်တပ်မတော်အဖြစ် ပူးပေါင်း ရပ်တည်ခဲ့ကြပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Sunday, July 17, 2011

မြန်မာ စစ်အစိုးရ တပ်နှင့် DKBA တိုက်ပွဲသတင်း

16.7.2011 နံနက် 7း00 နာရီ အချိန်တွင်အစိုးရတပ်မှ ခလရ -(၂၄) တပ်ရင်းသည် မြ၀တီမြို့ ဖလူးမှနေ၍ ဝေါ်လေ သို့ချီတက်ရာ၌ စစ်သား
များသည် သူတို့ ကျောပိုးအိပ်များ ကိုမပိုးဘဲ ရွာသားများ၏(ထောလာဂျီ) 2 စီးကိုခေါ်ယူ၍သူတို့အထုပ်အပိုးများကိုပို့ခိုင်းသည်။

ညနေ 15း55 နာရီ အချိန်တွင် ၀ါမေးထာ ရွာနားအရောက်တွင် DKBA ကလိုထူးဘော ဗျူဟာ ပြောက်ကျား တပ်ဖွဲ့တဖွဲ့မှ ၀င်ရောက်
ပစ်ခတ်ရာ DKBA မှ ကျောပိုးအိတ် (6) လုံးသိမ်းဆည်း ရရှိပါသည်ဟုသတင်းရရှိပါသည်။ ဒေသခံရွာသားတဦးပြောပြရာမှာ " ဗမာစစ်သား
တွေဟာ သူတို့ကျောပိုးအိပ်ဟာ ဘာမှလေးတာမဟုတ်ဘူး၊ လမ်းမှာ DKBA ကသူတို့ကို ပစ်တော့ကျောပိုးအိပ်တွေပျောက်တယ်လို့ ပြောပြီး
ရွာသူကြီး မှာပြီးလိုက်ရှာခိုင်းတယ်၊ ရွာသူကြီးရှာမတွေ့တော့ ရွာသူ/ရွာသား တွေခေါ် မိန်းမတွေရော ခလေးတွေပါအကုန်ခေါ်ပြီးပြောက်တဲ့
ကျောပိုးအိတ်တွေကိုလိုက်ရှာခိုင်းတော့တယ် ၊ ဘယ်လိုလုပ်ပြီးတွေ့မှာလဲဗျား၊ ဒါ သက်သက် လူထုကိုအနိုင်ကျင့်တာဖြစ်တယ်၊ ဒီလူတွေ
ဟာရှေ့တန်းမှာ လူထုတွေလိုက်ပြီးအနိုင်ကျင့်တာ အထက်က သူတို့လူကြီးတွေမသိဘူးလား" ဟုပြောပြပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မြန်မာအစိုးရ စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေချိုးဖောက်ဟု ဝေဖန်ခံရ

By ကိုနိုင်ကွန်းအိန်
http://www.voanews.com/burmese/news/Burma-war-crimes-07-16-11-125686278.html

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်လို့ လူသိများတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA/SSPP တို့ကြား တိုက်ပွဲ ၆ ရက် ဆက်တိုက် ဖြစ်ပွားနေပြီးတော့ အဲဒီတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က အရပ်သားတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အသုံးပြုပြီး ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသား အရပ်သားတွေအပေါ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ သတင်းတွေရှိနေပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း မြန်မာအစိုးရ စစ်တပ်ဟာ နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်နေတယ်လို့ ပြစ်တင်နေပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာဆိုရင် SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ မြန်မာစစ်တပ်တို့ဟာ ဒီကနေ့အထိ ၆ ရက်တိုင်တိုင် တိုက်ပွဲတွေ ဖြစ်ပွားနေသလို လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ကနေ ဒေသခံ ကျေးရွာသားတွေကို ပေါ်တာဝန်ထမ်းအဖြစ် အသုံးပြုနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ စစ်ပွဲတွေမှာ ဒေသခံပြည်သူတွေနဲ့ အကျဉ်းသားတွေကို ပေါ်တာအထမ်းသမားတွေအဖြစ် အသုံးပြုနေတာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်တဲ့လုပ်ရပ်တခုလို့ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အရပ်သားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် အသုံးပြုခြင်းက စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှုဥပဒေတွေနဲ့ ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အရပ်သားတွေကို ညှင်းပမ်းခြင်းမပြုရဘူး၊ အဓမ္မစေခိုင်းခြင်း မပြုရဘူးဆိုတာက ဂျနီဗာစာချုပ်အပါအ၀င် လူသားခြင်းစာနာတဲ့ စစ်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်။ ဒီလိုမျိုး ပေါ်တာတွေအနေနဲ့ ရှေ့တန်းကနေ ထွက်ပြေးလာတဲ့အရာကို နောက်ကနေ တရားလက်လွတ် သတ်ဖြတ်ခြင်းကလည်း နောက်ထပ် စစ်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်တဲ့ပုံစံမျိုး ဖြစ်နေတာဖြစ်တဲ့အတွက် ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် စာချုပ်စာတမ်းတွေကို အတိအလင်း ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်း မွေတော်ကျေးရွာ ၀န်းကျင်မှာ ခမရ (၅၇၇) တပ်ရင်းကို ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ရင်း (၈၀၁) တပ်ဖွဲ့တွေကနေ ခြုံခိုတိုက်ခိုက်ခဲ့လို့ မြန်မာစစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအ၀င် တပ်သားနှစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မှူးတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာကနေ ထွက်ပြေးခဲ့တဲ့ ပေါ်တာအထမ်းသမားတွေကို မြန်မာစစ်တပ်ကနေ ပစ်သတ်ခဲ့တယ်လို့လည်း ရှမ်းပြည် တိုးတက်ရေးပါတီ ဗဟိုကော်မီတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က အခုလိုပြောပါတယ်။

“အဲဒီတိုက်ပွဲဖြစ်ချိန်မှာ သူတို့ခေါ်ခဲ့တဲ့အထမ်းသမားတွေ ထွက်ပြေးတော့ သူတို့ကပစ်ဖမ်းတာပေါ့။ ပစ်ဖမ်းတော့ ဦးမန်ဟိန်း ပလောင်အမျိုးသားပေါ့၊ အသက် ၄၀ တယောက်ရယ်။ ဦးပန်းဆာ အသက် ၃၀ ရှမ်းလူမျိုးတစ်ယောက် အဲဒီမှာ ပွဲချင်းပြီးသေတယ်ပေါ့။ နောက်ပြီးတော့ ဦးယောင် အသက် ၄၅ နှစ်၊ လီရှောအမျိုးသားက ဒဏ်ရာနဲ့ ကျနော်တို့လူဆီ ရောက်ခဲ့တယ်။ နောက်ပြီးတော့ သူတို့ အဲဒီမွေတော်ရွာနား ရောက်တော့ အဲဒီမှာ အထမ်းသမားတယောက်ကို ထပ်မံ ပစ်သတ်လိုက်တယ်။ အဲဒါ နံမည်တော့ မသိရသေးဘူး။ ပေါ်တာအထမ်းသမားတွေက သူတို့ရဲ့ (စစ်တပ်ရဲ့) လက်နက်ကြီးတွေနဲ့ စားနပ်ရိက္ခာတွေကို သယ်ရတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက နမ့်ကိုင်ဖိတ်တိုက်ပွဲမှာဆိုရင် အမှတ် (၂) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကိုယ်တိုင် စီမံကွပ်ကဲနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မီတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေက ပြင်းထန်နေပါတယ်။ ကျနော်တို့ မီးရှို့ပစ်လိုက်တဲ့ နန်းပုတ်စခန်းမှာ လာပြီးတော့ အခြေပြုတယ်လေ။ အခြေပြုတဲ့ အဲဒီမှာ ၁၂၀-မမ လက်နက်တွေနဲ့ တောင်ကြောမှန်သမျှ လျှောက်ပစ်တယ်။ ပြီးတော့ ရွာထဲကိုလည်း ပစ်တယ်။ အနီးကပ်လည်း ပစ်တာပေါ့။ အဲဒီ (၆၇) တို့ (၂၂) တပ်ရင်းတွေက။ သူတို့က ဟိုမှာ အရင်က အရှေ့မြောက်ချုပ် တိုင်းမှူးအောင်သန်းထွဋ်လေ။ အခုတိုင်းချုပ် ဖြစ်သွားတယ်ပေါ့။ တိုင်းချုပ်ကိုယ်တိုင် ဟိုက်စကီးနဲ့ တမြန်နေ့က လာဆင်းသွားတယ် အဲဒီကျေးသီးမှာ။ မနေ့ကလည်း လာတယ်။ လာပြီး ကွပ်ကဲဖို့။ သူတို့ဒဏ်ရာရတဲ့လူတွေလည်း လာကယ်တယ်။ ဟိုက်စကီးနဲ့ပေါ့။ အဲဒီခေါက်ရေတော့ မသိဘူးခင်ဗျာ့။”

ဒီတိုက်ပွဲတွေမှာ နှစ်ဦးနှစ်ဖက် ထိခိုက်မှုတွေရှိနေပေမဲ့ အတည်ပြုချက် မပေးနိုင်သေးဘူးလို့လည်း ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့နေရာမှာ ဒေသခံပြည်သူတွေ အပေါ်မှာ ပေါ်တာအထမ်းသမားအဖြစ် စစ်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေကို ထမ်းခိုင်းတာတွေ၊ မိုင်းရှင်းကိရိယာ အဖြစ် အသုံးပြုနေတာတွေ ရှိနေဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာအစိုးရစစ်တပ်ရဲ့ ပေါ်တာဆွဲပြီး အဓမ္မလုပ်အားပေး စေခိုင်းနေမှုတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ILO ခေါ် နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးကလည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရအဖွဲ့ရဲ့ ဒီရာဇ၀တ်မှု ကျူးလွန် နေတာတွေကို သေသေချာချာ သိရအောင် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ပြီးစစ်ဆေးဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေးကင်တားနားကလည်း တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံခဲ့သလို အမေရိကန်နဲ့တကွ အီးယူ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကပါ ၀ိုင်းဝန်း ပံ့ပိုးပေးကြဖို့လည်း ပြောဆို တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အိန္ဒိယ-မြန်မာနယ်စပ်တွင် လေတပ်ရေဒါစခန်း တည်ဆောက်ဖွယ်ရှိ

ဧရာဝတီ,

သတင်းတိုများ

အိန္ဒိယလေတပ်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်၌ လေတပ်ရေဒါစခန်း တည်ဆောက်ဖွယ်ရှိကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့က ပြောသည်။ အဆိုပါ ရေဒါစခန်းကို လုံးလန်င်မြို့အနီးတွင် တည်ဆောက်ဖွယ်ရှိပြီး အိုက်ဇောမြို့အနီးရှိ လေဆိပ်တွင်လည်း လေတပ်မှ တိုက်လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ မြန်မာအတွင်း လတ်တလော ချဲ့ထွင်လာနေသော စီမံကိန်းများနှင့် အရှေ့တောင်အာရှသို့ ထိုးဖောက်ဝင်ရောက်လာမှုများကြောင့် လေတပ်ရေဒါစခန်း တည်ဆောက်ရန် စဉ်းစားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, July 16, 2011

မြေဧက ၃,၀၀၀ကျော် မတရားသိမ်းဆည်းခံရမှု အာဏာပိုင်များ လျစ်လျူရှု

ဇူလိုင်လ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ နတ်ထိပ်ကျေးရွာတွင် ရွာသားများပိုင်ဆိုင်သည့် ဧက ၃,၀၀၀ကျော်ရှိ မြေလွတ်မြေ ရိုင်းများ ယခင် ဒီကေဘီအေ တပ်မှူးအချို့က မတရား ရောင်းပစ်လိုက်သည့်အပေါ် နစ်နာကြေးများ ရရှိရန် ပြီးခဲ့သည့်မေလက ဖားအံမြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးရုံးသို့ ရွာသားများ သွားရောက်တင်ပြခဲ့သော်လည်း အာဏာပိုင်များက ယနေ့အထိ အရေးယူ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

မြေသိမ်းဆည်းခံရသည့် ရွာသားတစ်ဦးက “ကျနော်တို့ ရွာသူရွာသားတွေ ပိုင်ပြီးသားမြေကွက်တွေကို အရင် ဒီကေဘီအေ ဗိုလ်တစ်ယောက်က ဘာမှမပြောဘဲ သူ့ဟာသူအကွက်ချပြီး အခြားသူတွေကို ရောင်းလိုက်တယ်။ အဲဒီလို မတရားတာကို အရေးယူပေးဖို့ ရွာသားတွေက ကျေးရွာ ရ.ယ.က ဥက္ကဌကနေ မ.ယ.က ဥက္ကဌဆီကို တင်ပြခဲ့တယ်။ အဲဒီတုန်းက အာဏာပိုင် တချို့ကို သူတို့(ဒီကေဘီအေ)က ပိုက်ဆံထိုးထားတော့ ရွာသားတွေလည်း ဘာမှလုပ်လို့မရဘူး။ အခုလည်း ရွာက အုပ်ချုပ် ရေးမှူး ကိုယ်တိုင် ထပ်ခါထပ်ခါ သွားတင်ပြတယ်။ အဲဒီလိုပဲ ဘာမှအရေးမလုပ်ဘူး။”ဟု ပြောသည်။

၂၀၀၇ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ နတ်ထိပ်ကျေးရွာ အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းရှိ ၎င်းမြေလွတ်မြေရိုင်းများကို ဒီကေဘီ အေမှ ဗိုလ်ကြာဝင်းနှင့် အစိုးရအာဏာပိုင်အချို့ ပူးပေါင်း၍ မြေကွက်ချကာ ရောင်းချနေမှုများကို အရေးယူပေးရန် ၂၀၁၀ ခုနှစ်၊ မေလတွင် ကျေးရွာအေးချမ်းသာယာရေး(ရ.ယ.က) ဥက္ကဌက မြို့နယ်အေးချမ်းသာယာရေး (မ.ယ.က)ဥက္ကဌအား တရားဝင် စာဖြင့် တင်ပြတောင်းဆိုခဲ့သော်လည်း အာဏာပိုင်ဘက်က အလားတူ မဖြေရှင်းပေးခဲ့ပေ။

ထို့အတွက် ၎င်းရွာသားများက ယခုနှစ် မေလတွင်လည်း ပြည်နယ်ရုံးသို့တဖန် ထပ်မံ တောင်းဆိုခဲ့ရာ ယနေ့အချိန်ထိ တစုံတ ရာ အရေးယူခြင်းမရှိသေးကြောင်း မြေသိမ်းဆည်းခံရသူ ရွာသားများက ပြောသည်။

နတ်ထိပ်ကျေးရွာပိုင် မြေလွတ်မြေရိုင်းများနှင့် ကြိုးဝိုင်းမြေများအား ယခင်က နောင်လုံအခြေစိုက် တပ်မဟာ(၉၉၉) တပ်ရင်း (၄)မှ ဗိုလ်ကျော်ရွှေ၊ ကျေးရွာသား ဦးကြာဟဲနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစောသန်းစိန်နှင့် မြေ တိုင်းစာရေး ဦးစ၀င်းထွန်း၊ ဦးပါပီတို့နှင့်ပေါင်းပြီး တရုတ်၊ မွန် စီးပွားရေးသမားများနှင့် ဖားအံမြို့ရှိ ဒေါက်တာသောင်းစိန်၏ သား မက်ဆိုသူများအား အကွက်ချကာ ကာလပေါက်ဈေး သိန်းနှင့်ချီ၍ ပြန်လည်ရောင်းချခြင်း ဖြစ်သည်။

ရွာသားတစ်ဦးက “အမှန်ဆို အဲဒီမြေလွတ်မြေရိုင်းတွေက ကျနော်တို့ ဘိုးဘွားပိုင်မြေတွေပဲ။ အဲဒါကို ဒီကေဘီအေက အကွက် ချပြီး ကျနော်တို့ကို အတင်းပြန်ဝယ်ခိုင်းတယ်။ ၀ယ်ပြီးသားမြေတွေကို ရွာသားတွေက စိုက်ပျိုးရေးတွေ မလုပ်ပေမဲ့ သစ်ခုတ်၊ ထင်းခွေတော့ လုပ်တာပေါ့။ ကိုယ့်အပိုင် ဖြစ်သွားပြီးပဲ။ အခုတော့ မြေပိုင်ရှင်တွေကို အသိမပေးဘဲ အခြားသူတွေကို ထပ် ရောင်းတော့ ဖြစ်နိုင်ရင် ကျနော်တို့ကို ဒီမြေဧက ၃,၀၀၀ကျော်အတွက် တန်ရာတန်ကြေးလေး ပေးစေချင်တယ်။”ဟု ဆိုသည်။

နတ်ထိပ်ရွာသူရွာသားများသည် ၎င်းတို့၏မြေကွက်များ ပြန်လည်ရရှိရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ပြည်နယ်ရုံးသို့ အ ကြိမ်ကြိမ် သွားရောက်တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ယနေ့အချိန်ထိ လာ ရောက်ဖြေရှင်းပေးခြင်း မရှိသလို ၎င်းမြေကွက်များအတွင်း သစ်ခုတ်၊ ထင်းခွေသည့် ရွာသားများကို ယခုအချိန်တွင် ဒဏ်ငွေ ပေးဆောင်ခိုင်းကြောင်း ရွာသားများက ပြောသည်။

“ရွာသားတွေအားလုံးက ဒီလိုမြေကွက်တွေ မတရားရောင်းစားခံရတာကို ပြန်ရဖို့အတွက် ၁၈.၅.၁၁ရက်မှာ သပိတ်မှောက်မ လို့ ပြည်နယ်ရုံးကိုသွားတာ အာဏာပိုင်ဘက်က လက်မခံဘူး။ သူတို့က ရွာမှာပဲလာပြီး ရှင်းမယ်ဆိုပြီးတော့ ရွာမှာ အစည်းအ ဝေးလာလုပ်တယ်။ မြေတွေကို ပြန်ရအောင်လုပ်ပေးမယ်ဆိုပြီး ရက်ထပ်ချိန်းတယ်။ နောက် ဘာမှလည်းမထူးဘူး။”ဟု ပြော သည်။

ယခုအချိန်တွင် ရောင်းချလိုက်သည့် မြေကွက်များတွင် ရော်ဘာပင်များအပြည့် စိုက်ပျိုးထားကြပြီဖြစ်သည့်အပြင် ထိုမြေနေရာ များသို့ ရွာသားများ ထင်းခွေသွားပါက အဆိုပါ ဒီကေဘီအေတပ်မှူးဟောင်းကို ဒဏ်ငွေ ၂,၀၀၀ကျပ် ပေးဆောင်ရသည်ဟု လည်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ထိုမြေလွတ်မြေရိုင်းများမှာ ၂၀၀၄ခုနှစ်က ဒီကေဘီအေ တပ်မဟာ(၉၉၉) အမှတ်(၄)တပ်ရင်းမှ ဗိုလ်ကျော်ရွှေနှင့် အခြား ဒီကေ ဘီအေ တပ်မှူးအချို့က တစ်အိမ်ထောင်လျှင် ငွေကျပ် ၅,၀၀၀စီ မ၀ယ်မနေရစနစ်ဖြင့် ရွာသားများအား အတင်းအဓမ္မ ရောင်း ချခဲ့သည့် မြေကွက်များဖြစ်သည်။

ရွာသားများမှာ မည်သို့ပင် တိုင်ကြားနေစေကာမူ မြေရောင်းသူများနှင့် မြေ၀ယ်သူများက မ.ယ.ကဥက္ကဌအား ငွေပုံအောပေး ထားသဖြင့် မြေကွက်များ ပြန်လည်ရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း ရွာသားအများစုက ယုံကြည်နေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ရုံးသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းပြတ်တောက်နေခဲ့သည်။

အိမ်ခြေ ၇၀ကျော်ရှိသည့် နတ်ထိပ်ကျေးရွာသည် ဖားအံမြို့၏ အရှေ့ဘက် ၂မိုင်အကွာအဝေးတွင် တည်ရှိပြီး ရွာသူရွာသား များမှာ လယ်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ အလားတူ နတ်ထိပ်ရွာ အနီးဝန်းကျင်ရှိ ကျေးရွာများ သည်လည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက မြေကွက်ရိုက်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြင်းထန်

by ဒီဗွီဘီ
http://burmese.dvb.no/archives/12766

ဒီကနေ့ နေ့လည် ၁ နာရီကစလို့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်မှာ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်နေပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)လက်အောက်ခံ ခလရ (၂၁) က ဧရာဝတီမြစ်ကမ်းပေါ်က တာလောကြီးကနေ ကားတွေနဲ့ ချီတက်လာစဉ် မိုးမောက်မြို့နယ် နားလုံနဲ့ နန့်ဆန်ယန် ကျေးရွာအကြား အောင်ဂျာယန်ကျေးရွာမှာ ရှိနေတဲ့ ကေအိုင်အေတပ်ဖွဲ့က တားဆီးခဲ့ရာ မြန်စစ်တပ်ဘက်မှ စတင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား (၁ဝဝ) ခန့်ပါတဲ့ ခလရ (၂၁) အဖွဲ့ကို အင်အား (၂ဝဝ) ကျော်ရှိတဲ့ ကေအိုင်အေတပ်ဖွဲ့က ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို မြန်မာစစ်တပ် အဝိုင်းခံထားနေရတာကြောင့် အနီးနားမှာရှိတဲ့ လဂျားယန်ကျေးရွာမှာ ရှိနေတဲ့ မပခလက်အောက်ခံ မြန်မာစစ်တပ်က ကား(၂)စီးနဲ့ စစ်ကူသွားရောက်ရာမှာ လမ်းခုလတ်မှာရှိတဲ့ ငှက်ပျော စိုက်ပျိုးရေးခြံ အရောက်မှာ ကေအိုင်အေအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်က ပြောပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လိုင်ဇာကနေ ဗန်းမော်နဲ့ မြစ်ကြီးနား သွားမယ့် ယာဉ်တွေအားလုံး လိုင်ဇာမှာ ရပ်နားထားရတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

တိုက်ပွဲဖြစ်​နေမှုကို ကြား​ဝင်​ဆောင်ရွက်​ပေး​ရန် တရုတ်ကို ​ကေအိုင်အို ပန်ကြား

by ​အေး​နိုင်
http://burmese.dvb.no/archives/12752

အစိုး ​ရတပ်​တွေနဲ့​ ​ကေအိုင်အိုအကြား​ စစ်စတင်ပြီး​ တပတ်အကြာမှာ တိုက်ပွဲ​တွေရပ်​ရေး​ တရုတ်အစိုး​ရက ကြား​ဝင်​ဆောင်ရွက်​ပေး​ဖို့​ ​ကေအိုင်အိုက ကမ်း​လှမ်း​ခဲ့​ပေမယ့်​ တလကြာတဲ့​တိုင် မထူး​ခြား​ဘူး​လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ဇွန် ၉ ရက်မှာ အစိုး​ရတပ်က ​ကေအိုင်​အေ တပ်မဟာ (၃) လက် ​အောက်ခံတပ်ကို တိုက်ခိုက်ရာကစလို့​ တိုက်ပွဲဖြစ်ပြီး​နောက် တပတ်အကြာမှာ ​ကေအိုင်အိုက တရုတ်အစိုး​ရကို စာပို့​ခဲ့​တာ ဖြစ်ပါတယ်။

ကေအိုင်အို​ ပြောခွင့်​ရ ဦး​လနန်း​က “ဒီနှစ်နိုင်ငံကြား​မှာ နှစ်နိုင်ငံ နယ်စပ်ချင်း​ထိ​နေတယ်၊​ စစ်​ပြေး​ဒုက္ခသည်​တွေကလည်း​ စ​ရောက်လာတယ်။ အဲဒီအချိန်က ဒုက္ခသည်တချို့​က တရုတ်ပြည်ဘက် ဝင်သွား​ကြတယ်။ အဲလို မငြိမ်မသက်ဖြစ်​နေတဲ့​အတွက်​ကြောင့်​ ​ကေအိုင်အိုနဲ့​ မြန်မာအစိုး​ရကြား​မှာ ဖြစ်​နေတဲ့​ ပြဿနာကို တရုတ်အစိုး​ရက​နေပြီး​တော့​ ကြား​က​နေ ဝင်​ရောက်ပြီး​တော့​ ​စေ့​စပ်ညှိနှိုင်း​ပေး​ဖို့​ အဆိုပြု ​တောင်း​ဆိုထား​တဲ့​စာပါ” လို့​ ​ပြောပါတယ်။

ဒါ​ပေမယ့်​ တရုတ်အစိုး​ရက တလကြာတဲ့​အထိ အ​ကြောင်း​မပြန်လာ​သေး​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။

“သူတို့​အစိုး ​ရက​နေပြီး​တော့​ တရား​ဝင် ဘာမှ အ​ကြောင်း​မပြန်​သေး​ဘူး​။ ကြာပြီ ဇွန် ၁၆ ​လောက်ကတည်း​က ပို့​ထား​တာ။ ဒါ​ပေမယ့်​ ဒါကို ကျ​နော်တို့​က အဲဒီအချိန်က​နေ မ​နေ့​ကအထိ ဘာမှ မီဒီယာအ​ပေါ် မ​ပြောဘဲနဲ့​ ချန်ထား​တာပါ။ ဒါ​ပေမယ့်​ အခုဟာ တလကြာတဲ့​အထိ သူတို့​က ဘာမှ မ​ပြောလာဘူး​ဆို​တော့​ အဲဒါကို အား​လုံး​သိ​အောင်ဆိုတဲ့​ သ​ဘောနဲ့​ ထုတ်​ဖော်တဲ့​သ​ဘောပါပဲ။”

တရုတ်အစိုး​ရက ကြား​မဝင်​ပေမယ့်​ ​ကေအိုင်​အေနဲ့​ အစိုး​ရဘက်က ကိုယ်စား​လှယ်​တွေ သုံး​ကြိမ်ထက်မနည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

လွန်ခဲ့​တဲ့​ ၁၂ ရက်နဲ့​ ၁၃ ရက်​တွေမှာ ​ကေအိုင်အိုက ကချင်လူထုကို လိုင်ဇာကို ဖိတ်ကြား​ပြီး​ တိုက်ပွဲဖြစ်စဉ်နဲ့​ အစိုး​ရနဲ့​ စကား​ပြောဆိုချက်​တွေကို ရှင်း​လင်း​တင်ပြခဲ့​ပြီး​ အကြံဉာဏ်ရယူခဲ့​ပါတယ်။

တက်​ရောက်လာသူ ​တွေက အပစ်အခတ်ရပ်စဲ​ရေး​ လုပ်တဲ့​အခါမှာ အချိန်ကို အကန့်​အသတ် ​ဘောင်ထဲမှာ ဖြစ်ရန်၊​ တနိုင်ငံလုံး​ အတိုင်း​အတာ အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်​စေရန်နဲ့​ ​ဆွေး​နွေး​တဲ့​အခါ ကြား​ခံနိုင်ငံတခုခု ဒါမှမဟုတ် အဖွဲ့​အစည်း​ တခုခုက သက်​သေအဖြစ်ရှိ​နေ​စေရန်ဆိုတဲ့​အချက်​တွေကို တင်ပြခဲ့​ပါတယ်။

ကေအိုင်အိုက အဲဒီစည်း​ဝေး​ပွဲအပြီး​မှာ ဌာ​နေပြန်တဲ့​ ကိုယ်စား​လှယ်​တွေ က​နေတဆင့်​ အစိုး​ရထံကို ​ပေး​လိုက်တဲ့​စာမှာ ဇွန်လကုန်ပိုင်း​မှာ ​ကေအိုင်အိုနဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ကချင်ပြည်နယ်အစိုး​ရ လုံခြုံ​ရေး​နဲ့​ နယ်စပ်ဝန်ကြီး​ ဗိုလ်မှူး​ကြီး​သန်း​အောင် ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​ကို ဘယ်သူက တာဝန်ခံ ခိုင်း​စေတယ်ဆိုတာကို ​ဖြေကြား​ပေး​ဖို့​ ဇူလိုင် ၁၄ ရက်မှာ စာပို့​လိုက်တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ဒီလိုနှစ်ဖက် ​စေ့​စပ်​ရေး​စကား​ ​ပြော​နေ​ပေမယ့်​ တိုက်ပွဲ​တွေက​တော့​ မစဲဘဲ ဆက်ဖြစ်​နေဖြစ်ပြီး​ ​ကေအိုင်အိုဌာနချုပ်မှာ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​ (​ကျောင်း​သား​တပ်မ​တော်) ဆက်ဆံ​ရေး​ရုံး​ဖွင့်​ဖို့​ ပြင်ဆင်​နေတယ်ဆိုတဲ့​ သတင်း​တွေလည်း​ ထွက်​ပေါ်​နေ​ပေမယ့်​ ဦး​လနန်း​က ​ကျောင်း​သား​တပ်ဖွဲ့​ဝင်​ဟောင်း​တွေ နဂိုကတည်း​က ရှိ​နေပြီး​ ဖြစ်တာ​ကြောင့်​ ဆက်ဆံ​ရေး​ရုံး​ ထပ်ဖွင့်​စရာ လိုမယ်မထင်ဘူး​လို့​ ​ပြောပါတယ်။

ဒုက္ခသည်​ တွေနဲ့​ ​ရွှေ့​ပြောင်း​ပုန်း​အောင်​နေသူ နှစ်​သောင်း​လောက်က​တော့​ နိုင်ငံတကာရဲ့​ အကူအညီကင်း​မဲ့​နေဆဲဖြစ်ပြီး​ နယ်စပ်မှာ ရာသီဥတုဆိုး​တဲ့​အတွက် အထူး​သဖြင့်​ ဒုက္ခသည်က​လေး​ငယ်​တွေ ကျန်း​မာ​ရေး​ခြူခြာတယ်လို့​ ​ဖြေပါတယ်။
http://burmese.dvb.no/archives/12752

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, July 15, 2011

ဗိုလ်မှူးစောဘိ၏ ခွဲထွက် နယ်ခြားစောင့်တပ်ဖွဲ့ စစ်ရေးပြင်ဆင်ပြီး

ဇူလိုင်လ ၁၅ရက်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသအခြေစိုက် ဗိုလ်မှူးစောဘိ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ခွဲ ထွက်အဖွဲ့သည် ယခုအချိန်တွင် အစိုးရစစ်တပ်အား ပြန်လည်ခုခံရန်အတွက် စစ်ရေးပြင်ဆင်မှုများ အသင့်အနေအထားတွင် ရှိနေကြောင်း ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူ ကေအိုင်စီ သတင်းထောက်တစ်ဦးက ယခုလို ပြောပြသည်။

အင်အား ၁၀၀၀နီးပါးရှိ အဆိုပါ BGF တပ်ဖွဲ့ဝင်များသည် ယခုအချိန်တွင် မြိုင်ကြီးငူဒေသရှိ တောတွင်းနယ်မြေတနေရာ၌ အမြောက်လက်နက်ကြီး၊ လက်နက်ငယ်နှင့် မိုင်းမျိုးစုံကို ပြင်ဆင်ထားပြီး ၎င်းတို့အား မြန်မာစစ်တပ်က ရန်သူဟု သတ်မှတ် လိုက်သည့်အပေါ် ယခုလို ပြင်ဆင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောဘိက ကေအိုင်စီကို ပြောဆိုသည်။

၎င်းက “ဗမာတပ်တွေက နယ်ခြားစောင့်တပ် ဆက်မလုပ်တော့တဲ့ ကျနော်တို့ကို ရန်သူလို့ သတ်မှတ်လိုက်တယ်လေ။ ဒီတော့ ကျနော်တို့အနေနဲ့ကလည်း ဗမာစစ်တပ်က ပစ်ခတ်မှုတွေ လုပ်လာရင် စစ်ရေးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရတာပေါ့။ စစ်တပ်ဘက်က တိုက်လာလို့ရှိရင် ချက်ချင်း ပြန်လည်ခုခံဖို့ အသင့်ပါပဲ။”ဟု ပြောသည်။

ခွဲထွက် နယ်ခြားစောင့်တပ်အဖွဲ့သည် လက်ရှိအချိန်၌ မြိုင်ကြီးငူနယ်မြေရှိ ၎င်းတို့ ထိန်းချုပ်ရာဒေသတစ်ဝိုက်တွင် အစိုးရစစ် တပ် လာရောက်နိုင်သည့် နေရာများ၌ မော်တာလက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအ၀င် မိုင်းများကိုလည်း စစ်ရေးအ တွက် ပြင်ဆင်ထားသည်။

အဆိုပါအဖွဲ့အနေဖြင့် ယမန်နှစ်၊ သြဂုတ်လက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးမှ ဒီကေဘီအေသို့ ပြန်လည် ဘက်ပြောင်းလာခြင်းအပေါ် ဗိုလ်မှူးစောဘိက ယခုလို ရှင်းပြသည်။

“ကျနော်တို့ BGF လုပ်တာ ပြည်သူတွေ ထောက်ခံမှုမရှိဘူး။ နောက် ကျနော်တို့ တပ်မှူးတပ်သားတွေလည်း ဆက်လုပ်ဖို့ကို ဆန္ဒမရှိကြတော့ဘူး။ လူမျိုးတခုရဲ့ လွတ်လပ်ခွင့်လည်း မရှိဘူး။ ကရင်လူမျိုးတွေရဲ့ နေ့ကြီးရက်ကြီးတွေဆို အရင်ကလို လွတ် လွတ်လပ်လပ် ကျင်းပခွင့်မရှိတော့ဘူး။ BGF ဆိုတာ အစိုးရရဲ့ ကြိုးကိုင်မှုအောက်မှာ နေရတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီ BGF ကို ဆက်လုပ်ဖို့ အကြောင်းမရှိတော့ဘူး။ ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။”ဟု ပြောသည်။

၎င်းဦးစီးသည့် ခွဲထွက် နယ်ခြားစောင့်တပ်ဖွဲ့များအနေဖြင့် အစိုးရစစ်တပ်များနှင့် တိုက်ပွဲတစုံတရာ ဖြစ်ပွားသည့်အခါ လိုအပ်ပါ က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များကို စစ်ရေးအကူအညီ တောင်းသွားမည်ဖြစ်ကြောင်း လည်း ဗိုလ်မှူးစောဘိက ထပ်မံ ပြောဆိုသည်။

“အကယ်၍ စစ်တပ်က ကျနော်တို့ကို တိုက်လာလို့ရှိရင် KNLA ကလည်း ကျနော်တို့ကို ကူညီမယ်။ အစိုးရစစ်တပ်နဲ့ KNLA တို့ တိုက်ခိုက်ကြရင်လည်း ကျနော်တို့က KNLA ကို ကူညီသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတပ်ကို တိုက်တာချင်းအတူတူ ကျနော်တို့က အချင်းချင်းတွေပဲလေ။ ကရင်က ကရင်ကို ကူညီရမယ်။”ဟု ပြောသည်။

အလားတူပင် ဗိုလ်မှူးစောဘိဘက်က စစ်ရေးအရ အကူအညီ ပြောဆိုလာပါက မိမိတို့ဘက်လည်း သွားရောက်ကူညီရန်အ တွက် အသင့်အနေအထား ပြင်ဆင်ထားကြောင်းလည်း KNLA (၁၀၁)တပ်ရင်းမှူး ဗိုလ်မှူးစောဖောဒိုက ပြောသည်။



လက်ရှိအချိန်တွင် အစိုးရတပ်က ယခင် ဗိုလ်မှူးကြီးစောချစ်သူကို နယ်ခြားစောင့်တပ် ကွပ်ကဲရန် တာဝန်ပေးထားသော်လည်း ခွဲထွက် BGF တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရတပ်ကို ပြန်လည်တိုက်ခိုက်ရန်ပင် ဆန္ဒရှိကြသည်။

ဗိုလ်မှူးစောဘိ၏ တပ်သားတဦးက “အရင်တုန်းက ကျနော်တို့ ညီအစ်တွေ အချင်းချင်း ပစ်ခတ်၊ သတ်ဖြတ်ကြတာ လုံးဝကို စိတ်မကောင်းဘူး။ အခု ကျနော်တို့ ညီအစ်ကို အချင်းချင်း လက်တွဲပြီးတော့ ဒ်ီမတရားအုပ်ချုပ်နေတဲ့ အစိုးရကို ပြန်လည်ခုခံဖို့ အတွက်ပဲ ကျနော့်ဆန္ဒ အရမ်းပြင်းပြတယ်။”ဟု ပြောသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ခွဲထွက်နယ်ခြားစောင့်တပ်များအား စေ့စပ်ညှိနှိုင်းရန်အတွက် စစ်ကားအစီး ၂၀နှင့်အတူ နယ် ခြားစောင့်တပ် အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောချစ်သူသည် မြိုင်ကြီးငူဒေသသို့ သွားရောက်ခဲ့ရာ ဗိုလ်မှူးစောဘိက အတွေ့မ ခံခဲ့ပေ။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Thursday, July 14, 2011

အကျဉ်းသား ပေါ်တာများ အထောက်အထား အစီရင်ခံစာထွက်

ဧရာဝတီ မှ


မြန်မာအစိုးရ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အကျဉ်းသားများကို ပေါ်တာအဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။


၂၀၁၁ ခုနှစ်တွင် ကရင်ပြည်နယ် မြောက်ပိုင်းတနေရာ၌ အပြာရောင်ဝတ်စုံဝတ် အကျဉ်းသား ပေါ်တာများကို အစိုးရ စစ်တပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - Free Burma Rangers)

“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့” ဟု မြန်မာစစ်တပ်နှင့်အတူ ရှေ့တန်းစစ်မျက်နှာသို့ ပေါ်တာအဖြစ် လိုက်ပါခဲ့ရသူ အကျဉ်းသား ကိုထွန်းထွန်းအောင်က ပြောသည်။

မန္တလေးဇာတိဖြစ်သူ ကိုထွန်းထွန်းအောင်သည် တခြားသော အကျဉ်းသား ၂၉ ယောက်နှင့်အတူ မိတ္ထီလာထောင်မှ ၂၀၁၀ ဒီဇင်ဘာတွင် ပေါ်တာအဖြစ် စစ်တပ်၏ ခေါ်ဆောင်မှုကို ခံခဲ့ရသူဖြစ်သည်။

ကရင်ပြည်နယ်သို့ ပေါ်တာအဖြစ် သူတို့အဖွဲ့ ရောက်သွားစဉ်တွင် ထိုဒေသတွင် အကျဉ်းသား ၁ ထောင်ခန့် ပေါ်တာဆွဲထားသည်ကို မြင်ခဲ့ရကြောင်း၊ စစ်တပ်အတွက် ဗုံးများ သယ်ဆောင်ရန် သူတို့အုပ်စုကို နှစ်ဖွဲ့ ခွဲလိုက်ကြောင်း ကိုထွန်းထွန်းအောင်က ပြောသည်။

၁၉၄၈ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်နေသည့် အန္တရာယ်များလှသော ယင်းဒေသ၌ တတောင်တက် တတောဝင် ထမ်းပိုး၍ သွားရသည့်ခရီးတွင် “ကျနော်တို့ကို အစားအစာ၊ သောက်ရေ လုံလုံလောက်လောက် မပေးပါဘူး” ဟု ကိုထွန်းထွန်းအောင်က ပြောသည်။

ကိုထွန်းထွန်းအောင်၏ အတွေ့အကြုံသည် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ မှတ်တမ်းတင်ထားသော အဖြစ်အပျက် ၅၈ ခုအနက်မှ တခုဖြစ်သည်။ ယင်းအဖွဲ့နှစ်ခုတို့ ပူးပေါင်း၍ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်းအစီရင်ခံစာကို ပေါ်တာဆွဲခံရရာပြီး ရှေ့တန်းစစ်မျက်နှာမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ ထွက်ဆိုချက်များဖြစ်သည့် နှိပ်စက်ညှဉ်းပမ်း ခံရမှုများ၊ သတ်ဖြတ်ခံရမှုများကို အခြေခံ၍ ပြုစုထားသည်။

ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစတင်၍ အစိုးရတပ်နှင့် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည် အရှိန်မြင့်လာခဲ့သည်။ တိုက်ပွဲများ အဆက်မပြတ် ဖြစ်မှုနှင့်အတူ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးပြုမှုများလည်း တိုးမြင့်လာသည်။

အကျဉ်းသား ပေါ်တာများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တိုက်ပွဲဖြစ်ရာဒေသ မိုင်းဗုံးများထူထပ်သည့် နေရာများတွင် စစ်သားများ၏ ရှေ့မှ ကြို၍ သွားရကြောင်း၊ အကာအကွယ် အတားအဆီးမပါဘဲ အတင်းသွားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းသားပေါ်တာတဦးဖြစ်သူ ကိုမောင်မြင့်က “စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ” ဟု အစီရင်ခံစာတွင် ပြန်ပြောပြထားသည်။

KHRG မှ သုတေသီ ကိုဖိုးရှမ်းက အကျဉ်းသားပေါ်တာများ ဤသို့ ပြုမှုခံရသည်မှာ ယခုမှ မဟုတ်ကြောင်း၊ ၁၉၉၂ ခုနှစ်ကတည်းက အစိုးရတပ်များက တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာများတွင် အကျဉ်းသားပေါ်တာများကို အသုံးပြုခဲ့ကြောင်း ပြောသည်။

အကျဉ်းသား ပေါ်တာများနှင့်အတူ ဒေသခံရွာသားများလည်း ပစ္စည်းများ ထမ်းပိုးရန် အဓမ္မခိုင်းစေခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးထောင်တွင် သေဒဏ်ကျခံထားရပြီး ၁၉၉၂ တွင် အကျဉ်းသား ပေါ်တာဖြစ်ခဲ့သည့် ကိုမြင့်အောင်က “ကျနော်တို့နဲ့အတူ ပေါ်တာတွေ ဘယ်နှယောက်ရှိလဲ မသိဘူး၊ ဒါပေမယ့် ရွာသား ၄၀၀ လောက်ကိုတော့ အကျဉ်းသားပေါ်တာတွေကို အခိုင်းခံနေရတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

ပေါ်တာ အယောက် ၃၀ ကျော် ၄၀ ခန့်ကို စစ်သားများက သတိလစ်သည်အထိ ရိုက်နှက်ပြီး ထိုအတိုင်း ပစ်ထားခဲ့သည်ကို မြင်ဖူးကြောင်း၊ ယင်းတို့အားလုံး သေဆုံးနိုင်ကြောင်းလည်း ကိုမြင့်အောင်က ပြောသည်။

HRW မှ တာဝန်ရှိသူ Elaine Pearson က “မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာပါ။ အကျဉ်းသားတွေကို ပေါ်တာအဖြစ် သုံးတာ၊ လူတွေကို မိုင်းရှင်းကိရိယာအဖြစ်သုံးတာတွေ ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေပါပဲ” ဟု ပြောသည်။
http://www.irrawaddy.org

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ

by နန်းမြနဒီ

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​မှာ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​တိုက်ပွဲမှာ အစိုး​ရတပ်ဘက်က အမ်အိုင်ဂျီ ၂၆ လို့​ ယူဆရတဲ့​ တိုက်​လေယာဉ်နဲ့​ ဗုံး​ ၁၀ လုံး​ခန့်​ ကြဲချသွား​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ​ပြောခွင့်​ရသူ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။


အက်စ်အက်စ် ​အေတပ်ဖွဲ့​တွေနဲ့​ အစိုး​ရတပ် ခလရ ၂၈၆၊​ ၂၈၇ တို့​နဲ့​ ဝမ်ဟိုင်း​ဌာနချုပ်ဝန်း​ကျင် ဝမ်ဆိုင်း​တောင်၊​ ဝမ်ကိုင်ဖရွာအနီး​မှာ ဒီမနက်က​နေ အခုထိ ဆက်လက်ဖြစ်ပွား​နေတုန်း​ပဲလို့​ သူက ​ပြောပါတယ်။

စိုင်း ​လောဝ်ဆိုင်က “မ​နေ့​က သူတို့​ထိုင်ထား​တဲ့​ ​ရှေ့​တန်း​စခန်း​ကို ကျ​နော်တို့​က သိမ်း​ဆည်း​ရမိပါတယ်။ သူတို့​က အခု​ပြောတဲ့​ (ဝမ်ဆိုင်း​) ​တောင်​ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျ​နော်တို့​တပ်​တွေက လိုက်ရင်း​နဲ့​ ပိတ်ထား​တဲ့​သ​ဘောဖြစ်ပါတယ်။ သူတို့​ကိုကူညီဖို့​အတွက် ဒီ​နေ့​မွန်း​လွဲပိုင်း​ တနာရီ​ကျော်​လောက်မှာ ​ဝေဟင်က​နေ အမ်အိုင်ဂျီ ၂၆ အမျိုး​အစား​ တိုက်​လေယာဉ်လို့​ယူဆရတဲ့​ ​လေယာဉ်နှစ်စင်း​နဲ့​ ကျ​နော်တို့​ အက်စ်အက်စ်​အေတပ်​တွေကို ဗုံး​ ၁၀ လုံး​ကြဲသွား​တယ်” လို့​ ​ပြောပါတယ်။

ထိခိုက်ကျဆုံး​စာရင်း​ အစီရင်ခံစာ မ​ရောက်​သေး​ဘူး​လို ဆိုပါတယ်။

အပစ်ရပ် ရှမ်း​ပြည်တပ်မ​တော် (​မြောက်ပိုင်း​) က အစိုး​ရရဲ့​ တပ်အသွင်​ပြောင်း​ရေး​ စီမံချက်ကို မလိုက်နာတဲ့​တပ်ဖွဲ့​ဝင်​တွေဟာ ဝမ်ဟိုင်း​ဌာနချုပ်မှာ အ​ခြေပြုပြီး​ ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​) နဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ ဖြစ်ပါတယ်။

အစိုး​ရတပ်​တွေက ဝမ်ဟိုင်း​ဌာနချုပ်အ​ခြေပြု ရှမ်း​ပြည်တပ်မ​တော်နဲ့​ ဒီနှစ်ဆန်း​ကတည်း​က ဆက်တိုက်တိုက်ပွဲဖြစ်​နေတာပါ။

ကေအိုင် ​အေနဲ့​ ဖြစ်တဲ့​ တိုက်ပွဲ​တွေမှာ အစိုး​ရက အပစ်ရပ်​ရေး​ ကိုယ်စား​လှယ် ​စေလွှတ်​ပေမယ့်​ ရှမ်း​တပ်မ​တော်နဲ့​ဖြစ်တဲ့​ တိုက်ပွဲ​တွေရပ်ဖို့​ ကိုယ်စား​လှယ် ​စေလွှတ်တာ မရှိပါဘူး။

http://thawthikho.blogspot.com/ မှ

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, July 13, 2011

BGF (1017) တပ်ရင်းမှ တပ်သား (၅) ဦးလက်နက်ချ

13.7.2011 ရက်နေ့ မွန်းလွဲ 23း0 အချိန်တွင် BGF (1017) တပ်ရင်းမှ တပ်သား (5) ဦး သည် လက်နက်အပြည့်အစုံနှင့် DKBA တပ်မှုး ကျော်ဘလို ထံသို့ သွားရောက်လက်နက်ချသည်ဟု သတင်းရရှိပါသည်။ သူတို့နှင့် ပါလာသည့် လက်နက်များမှာ M-79 (2)လက်၊
M-16 (2)လက်၊ AK - 47 (1)လက်ဖြစ်သည်ဟုသတင်းရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, July 9, 2011

တတိယဘုံမှအပြန်




တတိယဘုံမှအပြန်
(လင်္ကာဒီပ)

ဒို့အရေး ဒို့အရေးတွေအော်
ကြွေးကြော်ခဲ့တယ် လမ်းမထက်မှာ
“စစ်အာဏာရှင်ချုပ်ငြိမ်းရေး”တဲ့
ဟုတ်ပါပြီ အမောင်
“ဒီတောင်ကို မောင်ဖြိုမယ်”ဆို
ပြည်သူကို ကတိတွေ အထွေထွေ
ပေးခဲ့လေတယ် မဟုတ်လား။

မညီမျှမှုတွေ အထွေထွေက
လောကငရဲ အကြပ်အတည်းကြောင့်
စွဲစွဲမြဲမြဲ ဝုန်းကနဲဝုန်းကနဲ
သဲသဲမဲမဲတောက်လောင်
ကောက်ရိုးတောင်မီးတောင်လို
ဟိုတချိန်တုန်းက အသင်
“သခွပ်ပင်က မီးတကျီကျီ” ပြခဲ့ဖူးတယ်လေ။

လိုရာပြည့်စုံ တတိယဘုံမှာ
တခါက အတူမက်ခဲ့ကြ
ဒီမိုကရေစီ ပြည်ထောင်စုအရေး
တစက်လေးမှ မကြားရတော့ပါလား အမောင်
အတောင်ပံလဲ ခြံရံခွဲရက်
ဇတ်ပျက်ခွပ်ဒေါင်းကြီး ဖြစ်နေပါရော့လား။

တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်
သင့်လူထု သင့်လူမျိုးရေး
သင်ပေးခဲ့တဲ့ ကတိတွေနဲ့
လျှောက်ခဲ့တဲ့လမ်းတွေ
ပန်းတွေမခင်းတဲ့လမ်းဆိုး
အမျိုးကို အရမ်းချစ်ပါတယ်ဆို။

ဇိမ်ခံအိမ် ဇိမ်ခံကား
သင်စံစားနေချိန်မှာ
ငါတို့မှာ ငတ်တလှည့် ပြတ်တလှည့်
လုပ်လက်စ အလုပ်တွေကို
အသက်ကိုပဓာနမထား
အားလုံးတွက်ရည်စူး
စိတ်ကိုထူးခတ်လုပ်ဆောင်နေတုန်းပါ အမောင်။

အကူညီ တစိတ်တဆံ
အသံဗလံတစွန်းတစ
သင်မဟတော့ဘူးလား အမောင်
ရွှေတောင်ပံကို သင့်ကိုသင်
စီရင်ရိုက်ချိုးလိုက်ပြီလား
လည်စင်းခံလိုက်ပြီလားကွာ
ရင်နာနာနဲ့ ငါမေးချင်လျက်
ဇာတ်ပျက်ကရင် အဖြစ်မခံပါနဲ့တော့ အမောင်။

ဘယ်ခုံမှာထိုင်ထိုင်
ဘယ်နိုင်ငံ ဘယ်ဘုံမှာနေနေ
လူတွေမှာ အရေးကြီးတာလေး
ပေးခဲ့တဲ့ ကတိသစ္စာ
သင့်မှာ ကိုယ်စီတာဝန်တွေရှိကြတာမို့
ပြန်လာလက်တွဲ ခရီးဆုံးလျှောက်လှမ်းလိုက်ကြပါစို့။ ။

ဧပြီလ ၂၁၊ ၂၀၁၁။
http://www.sawkyawkhwi.com/

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, July 8, 2011

လက်ကိုင်တိုင်းရင်းသားများပေါင်းစည်းကာ နအဖ စစ်အာဏာရှင်ကို အပြီးသတ်ခြေမှုန်းနိုင်ရန် အကြံပြုစာ

လက်ကိုင်တိုင်းရင်းသားများပေါင်းစည်းကာ နအဖ စစ်အာဏာရှင်ကို အပြီးသတ်ခြေမှုန်းနိုင်ပြီး တိုင်းရင်းသားများမျော်လင့်တောင့်တနေသော ဖက်ဒရယ်မူဖြင့် နိုင်ငံကိုတည်ဆောက်နိုင်ရေးအတွက်အကြံပေးတင်ပြခြင်း

ပထမဦးဆုံးတင်းပြချင်တာကတော့ လက်ရှိအခြေအနေပဲဖြစ်ပါတယ်။ အာလုံးသိကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရဟာ ၂၀၁၀ ရွှေးကောက်ပွဲမှာသူတို့အနိုင်ရပြီး အာဏာဆက်လက်တည်မြဲရေးအတွက် ကလိမ်ကျစ်နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာတွေ့ရပါတယ်။ တဖက်မှာဆိုရင်လည်း ငြိမ်းချမ်းရေကိုရှေ့ကကွယ်ထားပြီး နောက်မှာတော့အိမ်ကြက်အချင်းချင်း အစာနဲ့မျှားပြီး ခွတ်ခိုင်းနေတာကိုတွေ့ရပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း လယ်သမားတွေနဲ့ လက်လုပ်လက်စားသမားများဟာလည်း ဒုက္ခအတိနဲ့ပါ။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားပြည်သူလူထုအများစုရဲ့ နောင်ရေးဟာရင်လေးစရာပါဘဲ။ အဲ့ဒီအခက်အခဲတွေကိုကျှော်လွှာနိုင်ဖို့အတွက်ကတော့ လက်နက်ကိုင်တိုင်ရင်းသားများစုပေါင်းပြီး ဒီစစ်အာနာရှင် န အ ဖ ကိုတရားဝင်တိုက်ဖို့ပါပဲ။

အဲ့ဒီလိုတရားဝင်တိုက်ဖို့အတွက် ကျွန်တော်တို့ဖက်မှာ စနစ်ကောင်တစ်ခုကို အခြေခံထာရှိဖို့ လိုပါတယ်။ အဲဒီစနစ်ဟာ မြန်မာနိုင်သားအားလုံး ကောင်းမွန်စွာနေထိုင်စားသောက်သွားနိုင်ဖို့အတွက်လည်းဖြစ်စေရပါမယ်။ လက်ရှိအခြေအနေမှာ အားလုံးဟာ ဒီမိုကရေစီကိုပဲ လိုလားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီအရေးကို ရှေတန်းထားပြီးတိုက်လို့မရပါဘူ။ ဘာကြောင့်လဲဆိုတော့

၁။ ။ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဟာ နိုဘလ် ဆုရှင် ဒေါ်အောင်ဆန်းဆုကြည် ပါ။ သူမအနေနဲ့ ဒီမိုကရေစီ အရေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရယူဖို့အတွက်လုပ်ဆောင်တာကတစ်ကြောင်း ၊
၂။ ။ န အ ဖ အနေနဲ့ကလည်း ဒီမိုကရေစီ အရေနှင့်ပက်သက်သူများကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် ၊ န အ ဖ လုပ်ရပ်အားလုံးဟာ ဒီမိုကရေစီ ကိုမလိုလာကြောင်း တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ကိုသာပေးလိုက်ရင် သူတို့လည်ပင်းကိုသူတို့ ကြိုးကွင်းနဲ့စွတ်သလို မျိုးဖြစ်နေတာကြောင့် မို့ပါပဲ။

အဲဒါကြောင့် အားလုံးလက်ခံနိုင်မည့် စနစ်တခုကိုကျွန်တော်ရေးဆွဲးခဲ့ပါတယ်။ အဲ့ဒီစနစ်ကို Austalia နိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့ လူအခွင့်အရေးနဲ့ပတ်သက်သည့်ရပိုင်ခွင့်တွေအပေါ်မှာအခြေခံပြီး ရေးဆွဲးထားတာဖြစ်ပါတယ်။

အဲဒါကတော့၊

ဤစနစ်တွင် နိုင်ငံတော်အနေဖြင့်

၁။ ။ နိုင်ငံသားအားလုံး၏ စာဝတ်နေရးပြေလည်မှု ကိုအလေးထားဆောင်ရွက်ပေးရမည်။
၂။ ။ နိုင်ငံသားအားလုံး၏ ကျမ်းမာရေး ကိုကြည့်ရှုဆောက်ရွက်ပေးရမည်။
၃။ ။ နိုင်ငံသားအားလုံး၏ ပညာရေး ကိုဆောင်ရွက်ပေးရမည်။
၎။ ။ လုပ်နိုင်သောသူအားလုံး အလုပ်ရရှိရေး ၊ နေထိုင်ရေး ၊ လစာလုံးလောက်စွာရရှိရေး ကိုဆောင်ရွက်ပေးရမည်။
၅။ ။ ပင်စင်စားများနှင့် အသက်ကြီးသူများ ကောင်းမွန်စွာနေထိုင်စားသောက်နိုင်ရေး ကိုလုပ်ဆောင်ပေးရမည်။

အဲဒီအချက် ၅ ချက်ပါဝင်တဲ့ ဒီစနစ်ကို န အ ဖ ထံတင်ပြပြီး သတ်ထားသောရက်ချိန်းအတွင်း ပေးပြီးမိမိတို့မူလနေရာမှန်သို့ ပြန်လည် သွားရောက် တာဝန်ထမ်းဆောင်ရန်အတွက်ကို သွေးမြေမကျပဲ ရရှိမယ်ဆိုရင် သူတို့ပြုခဲ့သမျှတွေအတွက် သင်ပုန်းချေ ခွင့်လွှတ်ပေးပြီး စနစ်သစ်မှာကျရာတာဝန်ကိုအေးချမ်းစွာ လုပ်ကိုင်သွားနိုင်မှာဖြစ်ကြောင်း နှင့်အကယ်၍ သတ်မှတ်ထားသောအချိန်အတွင်းမပေးပါက န အ ဖ ကိုတိုင်းပြည်၏ လက်နက်ကိုင်သောင်းကျန်းသူ သူပုန် အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာသိအောင် ကြေငြာ၍ အမြစ်ပြတ်တိုက် သွားမှာဖြစ်ကြောင်း ကြေငြာရပါမယ်။

အဲ့ဒီတော်လှန်ရေးအောင်မြင်ဖို့အတွက် ရေးကြီးဆုံးအချက်ကတော့ လက်နက်ကိုင်တိုင်းရင်းသားတွေ စုပေါင်းလက်မှတ်ထိုး အတည်ပြု ရမှာဖြစ်ပါတယ်။

အဲ့ဒီလိုတိုင်းရင်းသားများစုပေါင်းလတ်မှတ်ရေးထိုးပြီး ကြေငြာနိုင်ရင် ကျွန်တော်တို့နိုင်ဖို့ ရာနှုန်းပြည့်ဖြစ်သွားပါပြီ။ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိုလည်း အလိုလိုဆောင်ရွက်ပြီးသားဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီအရေးကိုအချိန်ဆွဲမနေပဲ အမြန်ဆုံးအလေးထားဆောင်ရွက်သွားဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

ဇော်မင်း ၁၉၆၆

ဆက်ဖတ်ရန်ကျန်သေးသည်.....

တိုက်ပွဲသတင်း တိုများ

7.7.2011 ရက်နေ့ နံနက် 73း0 အချိန်တွင် ဒုဗိုလ်မှုးကြီး စောဘီခို ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် သထုံမြို့နယ် လော်ပူကျေးရွာ၌ တပ်စွဲထားသော အစိုးရတပ်ဖွဲ့အားဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသတင်းရရှိပါသည်။

ထိုနည်း၎င်း 8.7.2011 ရက်နေ့နံက် 10း00 နာရီ အချိန်တွင်သထုံမြို့နယ်အတွင်းရှိ ဖွာ့ဝေါ်ကျေးရွာ အနီးရှိ DKBA တပ်ဖွဲ့နှင့် အစိုးရတပ် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဟုသတင်းရရှိပါသည်။ တိုက်ပွဲအခြေအနေအသေးစိပ်ကိုတော့မသိရသေးပါ။

DKBA ကလိုထူးဘောဗျူဟာ တိုက်ပွဲသတင်း

7.7.2011 ရက်နေ့ DKBA ကလိုထူးဘောဗျူဟာ တပ်ဖွဲ့များမှ မြန်မာအစိုးတပ်များလှုပ်ရှားသည့် မြ၀တီ မြို့နယ် ဝေါ်လေဒေသတ၀ိုက်၌ တစ်ရက်တည်းအတွင်း ပြောက်ကျားစစ်ပွဲ (3) ကြိမ်ဖြစ်ခဲ့သည်ဟုသတင်းရရှိပါသည်။ နံနက် 6း40 အချိန်၌ မော်ကနုခီး တွင်တစ်ကြိမ် ၊ နံနက် 7း20 အချိန်၌ ချူးကလီး တွင်တစ်ကြိမ် ၊ နံနက် 8း50 အချိန်၌ မောတူ နှင့် ကွီးတာဟိုး အကြားတွင် တစ်ကြိမ် အားလုံး (3) ကြိမ်ဖြစ်ပွားခဲ့သည်ဟုသတင်းရရှိပါသည်။ ထိခိုက်ကျဆုံးမှု အသေးစိပ်သတင်းကိုတော့ မရရှိသေးပါ။ အစိုးရတပ်မှဒဏ်ရာရရှိသော လူနာများအားဝေါ်လေ ဆေးရုံသို့ ပို့ဆောင်သည်ဟု သတင်းရရှိပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Thursday, July 7, 2011

မန်းထွန်းအေး၏ ဇနီးကို ဖမ်းပေးရန် တရားသူကြီးက အမိန့်ထုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား မန်းထွန်းအေးအား အမိန့်ချမှတ်မည့်နေ့တွင် တရာခံမစုံသည့်အတွက် အမိန့်မချသေးဘဲ ၎င်း၏ ဇနီးဖြစ်သူကို ဖမ်းပေးရန် တရားသူကြီး ဒေါ်ဖြူဖြူခိုင် အမိန့်ထုတ်လိုက်သည်။

ယခုလ ၄ ရက်နေ့က ပုသိမ်ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီးနောက် လာမည့် (၈) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“မန်းထွန်းအေးကို အမိန့်ချမယ်ဆိုပြီး ရုံးထုတ်တယ်၊ တရားရုံးရောက်တော့ တရားခံမစုံသေးဘူး၊ ပြီးတော့ မန်းထွန်းအေးရဲ့ဇနီး ဒေါ်ထွန်းကြည်ကို ဖမ်းပေးဖို့ တရားသူကြီးက ပြောပြီး ထပ်ချိန်းလိုက်တာ” ဟု ပြောသည်။

ရဲစခန်းအာဏာပိုင်များက မန်းထွန်းအေးကို မိသားစုဝင်များဖြင့် တွေ့ခွင့်မပေးဘဲ ဆက်လက်ချုပ်နှောင်ထားကြောင်း ဒေသခံက ဆက်ပြောသည်။

မန်းထွန်းအေးကို အာဏာပိုင်များက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀) မှ ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများထံမှ သီးစားငွေနှင့် ဘဏ်စာအုပ်ဖိုးငွေ အဓမ္မကောက်ခံနေမှုများကို လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည့်အတွက် ယခုလ (၁) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မန်းထွန်းအေး၏ ဇနီးဖြစ်သူမှာကိုလည်း အာဏာပိုင်များက လိုက်လံဖမ်းဆီးနေသည့်အတွက် ပုန်းရှောင်နေရလျှက်ရှိသည်။

အာဏာပိုင်များက မန်းထွန်းအေးကို အကျိုးဖျတ်ဆီးမှု ပုဒ်မ ၄၂၇ နှင့် ရာဇဝတ်မကင်းမြေ ကျော်နင်းမှု ပုဒ်မ ၄၄၇ တို့ဖြင့် တရားစွဲဆိုထားလျှက်ရှိသည်။

ရိုးမ ၃ မှကူးယူဖေါ်ပြသည်။
http://www.karenunited.com/index.php?option=com_content&view=article&id=1724:2011-07-07-13-28-40&catid=1:news&Itemid=2

ဆက်ဖတ်ရန်ကျန်သေးသည်.....

အနားယူခဲ့သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်ဟောင်းအချို့ မိခင်အဖွဲ့အစည်းသို့ ပြန်လာနေကြပြီ

မွန်ရဲဘော်တွေ လူပြန်စုနေပြီ

မင်းသုတ – ယခင်အနားယူခဲ့သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းများအတွင်း၌ သက်ဆိုင်ရာ မိခင်ဌာနအဖွဲ့အစည်းထံသို့ ပြန်လာနေကြသူ အများအပြားရှိနေကြောင်း ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

“အရေအတွက်အတိအကျပြောဖို့ခက်တယ်၊ ဗဟိုဌာနချုပ်ကို ပြန်ရောက်လာသူရှိသလို အောက်ခြေခရိုင်ရုံးနဲ့ မြို့နယ်ရုံးတွေမှာလည်း ပြန်ရောက်လာတာရှိပါတယ်၊ ဇွန်လ ၃၀ နောက်ဆုံးထားပြီး လက်နက်ပြန်အပ်ကြဖို့ အာဏာပိုင်တွေတလောက ကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့ တနည်းနည်းဆက်စပ်နိုင်တယ်လို့ ယူဆပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့်အဖွဲ့ဝင်များ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်း (သို့မဟုတ်) စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးသို့ လက်နက်များ အပ်နှံရန် လိုက်လံနှိုးဆော်ထားကြောင်း ယခင်သတင်း (ဇွန်လ-၂၉) များတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

“လက်နက်ရှိရင် လက်နက်လာအပ်ဖို့ အချို့ရွာတွေမှာ စာကပ်ထားပါတယ်၊ ဒါကြောင့် နောက်တဆင့် ခံဝန်ချုက်လိုလိုဟာမျိုး လက်မှတ်ပေးထိုးလာလိမ့်မယ်လို့ ယူဆမိတဲ့အတွက် ကျနော့်မိခင်အဖွဲ့အစည်းကို အခုအရောက်ပြန်လာကြတယ်၊ အာဏာပိုင်တွေက တဆင့်ပြီးတဆင့်အကြပ်ကိုင်လာဖို့ရှိတယ်” ဟု ယခုရက်ပိုင်း၌ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ ပြန်ရောက်ရှိလာသူ ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောသည်။
ထို့အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာအနီးအခြေစိုက်ထားသည့် မွန်ပြည်သစ်ပါတီ သထုံခရိုင်တပ်ရင်းတွင်လည်း အနားယူခဲ့သည့် တပ်ဖွဲ့ဝင်ဟောင်းအချို့ ပြန်လည်ရောက်လာနေကြောင်း သထုံခရိုင်အတွင်းရေးမှူး နိုင်အောင်မငေး ကပြောသည်။

“ခုတလော မွန်ရဲဘော်ဟောင်းတွေ အရန်တပ်ဖွဲ့အနေနဲ့ တာဝန်လာယူတဲ့အရေအတွက် ထပ်တိုးလာတယ်၊ ကာလတခုအထိ လာပြီးတာဝန်ထမ်းဆောင်သူတွေ များတယ်၊ တကယ်လို့ အစိုးရတပ်ဖွဲ့နဲ့ပစ်ခတ်မှုဖြစ်တာနဲ့ ဒီဒေသတဝိုက်မှာရှိနေကြတဲ့ အရင်တပ်မှူး၊ တပ်သားဟောင်းတွေအားလုံး ပြန်လာမယ်လို့ ကျနော့်ကိုအသိပေးထားကြတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါအနားယူခဲ့သူ တပ်မှူးတပ်သားအများစုမှာ အပစ်ရပ်စဲထားသောကာလများ၌ မွန်ပြည်သစ်ပါတီမှ အနားယူကြကာ မိသားစုစားဝတ်နေရေးပြေလည်စေရေးအတွက် မိမိဇာတိနေရပ်များတွင် လယ်ယာခြံမြေလုပ်ငန်း လုပ်ကိုင်နေကြကြောင်း သိရသည်။

၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့်စစ်အစိုးရအပစ်ရပ်စဲစဉ်ကာလ၌ တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ရှိခဲ့သည်ဟု ထိုကာလထုတ်စစ်အစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။

၂၀၀၉ ခုနှစ်ဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့သောစာရင်းတွင် အင်အား (၃၅ဝဝ) ကျော်ရှိသည်ဟု ဖေါ်ပြခဲ့သည်။

မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်အသွင်မပြောင်းလဲသည့်အတွက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့မှစတင်၍ စစ်အစိုးရနှင့်အပစ်ရပ်ပျက်ပြယ်ကြောင်း စစ်အစိုးရအကြောင်းကြားစာကို မွန်ပြည်သစ်ပါတီမှ သတင်းထုတ်ပြန်ခဲ့သည်။
http://www.karenunited.com/index.php?option=com_content&view=article&id=1721:2011-07-07-05-14-37&catid=1:news&Itemid=2

ဆက်ဖတ်ရန်ကျန်သေးသည်.....

နင်းစရာမြေ မရှိတော့တဲ့ ပြည်သူများ

မော်ချီးမြို့ တောင်ပေါ်ရွာရဲ့ စနေနေ့ ညနေခင်းလေးမှာ နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ဘာသာဝင် လူငယ်တစ်စုက ရှင်းလင်းရမယ့် မြက်ပင်တွေကို ပေါက်ပြားနဲ့ ပေါက်တဲ့သူကပေါက်၊ လက်နဲ့ နှုတ်တဲ့လူက နှုတ်၊ တစ်ယောက်နဲ့တစ်ယောက် စကားပြော၊ နောက်ပြောင်ကြရင်း ‘ဝုန်း’ ဆိုတဲ့ ပေါက်ကွဲသံ တစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွားပါတယ်။

ပေါက်ကွဲသံနဲ့အတူ အသက် ၂၆ နှစ်အရွယ် စိုးမိုး ဆိုတဲ့ ဆူသူအရပ်သား လူငယ်တစ်ယောက်ဟာ ညာခြေထောက် တစ်ဖက် ပြတ်နေတာကို မြင်တွေ့လိုက်ရတယ်လို့ မော်ချီးတောင်ပေါ်ရွာ ဒေသခံ ထူးရယ်က ပြောပါတယ်။
“တနင်္ဂနွေနေ့ ဘုရားရှိခိုးတော့မယ်ဆိုတော့ သူတို့ အဲဒီမှာ စနေနေ့ဆို သူတို့အမြဲတမ်း သန့်ရှင်းရေး လုပ်တယ်လေ။ ခြံဝင်းထဲမှာ ရှည်နေတဲ့ မြက်တွေကို သူတို့ ရှင်းလင်းတာတွေ၊ ဘာတွေ လုပ်ရင်း ခါတိုင်းဆိုတော့ သူတို့ လုပ်တာ မထိဘူး” လို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မော်ချီးမှာ လုံခြုံရေး ယူထားတဲ့ ထင်းရူးတောင်စခန်း၊ တာဝတိသာစခန်း၊ ကျောက်တောင်စခန်း၊ ရှေ့တန်း (တပ်ရင်းရုံး)စခန်း၊ ၂ မိုင် (အမှတ် ၂) စခန်းနဲ့ ၉၄ မိုင် စခန်းအသီးသီးရဲ့ ကိုက် (၃ဝ) အကွာ ဝန်းကျင်အားလုံးကို မြေမြုပ်မိုင်းတွေ ချထားတယ်လို့ ဗိုလ်မှူးကိုကိုဦး ဦးစီးကွပ်ကဲတဲ့ ခလရ ၁၃၄ တပ်ရင်းက တရားဝင်အမိန့် ထုတ်ပြန်ထားပါတယ်။

မော်ချီးရှေ့တန်းရုံးနဲ့ ခြံခြင်းကပ်လျက်လည်းဖြစ်၊ ဘုရားကျောင်းဝင်း အတွင်းမှာလည်း မိုင်းကို လာရောက် ထောင်ထားတဲ့အတွက် မတ်လ ၂၄ ရက်နေ့မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ထူးရယ်က ပြောပါတယ်။
“ထိတဲ့အချိန်၊ ပြီးတဲ့အချိန်မှာ သူ့ကို သွားဆွဲမလို့ ဒါပေမယ့် ဟို့စခန်းထဲမှာက သူလှမ်းအော်တယ်။ မသွားကြနဲ့ အများကြီး ရှိသေးတယ်။ သူတို့က အဲလိုမျိုး နအဖတပ်တွေက လှမ်းအော်လို့ တစ်ယောက်မှ မသွားရဲကြတော့ဘူး” လို့ ပြောပါတယ်။

မြေမြုပ်မိုင်း နင်းမိတဲ့ ကိုစိုးမိုးကို မိုင်းထိတဲ့ တစ်ရက်မှာတော့ မော်ချီးပြည်သူ့ဆေးရုံမှာ ထားရှိပြီး နောက်တစ်ရက်မှာ ဖာဆောင်းဘက်ကို ပို့သွားတယ်လို့ သူကပဲ ဆက်လက်ပြောသွားပါတယ်။
“အမှန်ဆိုတော့ အဲဒီနေရာက ထောင်စရာ အကြောင်း မရှိဘူးလေ။ ကရင်နီရဲဘော်တွေ တခါမှ မရောက်ဖူးတဲ့နေရာ၊ သွားလို့ မရတဲ့နေရာ၊ အတွင်းထဲမှာလည်း ဖြစ်တယ်။ ပတ်ပတ်လည်မှာက ကျနော်တို့ ဒေသခံတွေ ဝိုင်းရံထားတယ်လေ” လို့လည်း ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မိုင်းအန္တရာယ် ပညာပေး (MRE - Mine Risk Education) အဖွဲ့ရဲ့ ၁၉၇၈ ကနေ ၂ဝ၁၁ ခုနှစ်ထိ စာရင်း ပြုစုထားချက်အရ မြေမြုပ်မိုင်းကြောင့် ကရင်နီပြည်နယ်မှာ ရှိနေတဲ့ ဒေသခံတွေနဲ့ ထိုင်း-ကရင်နီနယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူ ၅၅ ယောက်ကျော်ဟာ သေဆုံးကြတာရှိသလို၊ ဒုက္ခိတ ဖြစ်သွားကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှတ် ၂ ခရိုင် မော်ချီးဒေသမှ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရသူ တစ်ဦး (ဓါတ်ပုံ-MRE)
အမှတ် ၂ ခရိုင် မော်ချီးဒေသမှ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရသူ တစ်ဦး (ဓါတ်ပုံ-MRE)

“အချက်အလက် ပိုပြည့်စုံတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဒုက္ခိတ ဖြစ်တဲ့ လူနဲ့ သေဆုံးသွားပေမယ့် ကျန်ခဲ့တဲ့ သူ့ရဲ့ ဆွေးမျိုးတွေကို အင်တာဗျူး မေးထားတယ်။ အချက်အလက် မပြည့်စုံရင် ကျနော်တို့ မယူဘူး။ စာရင်း မပြုနိုင်တာတွေလည်း ရှိပါသေးတယ်။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေလည်း ရှိသေးတယ်” လို့ MRE ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ လေးရယ်စိုးက ပြောသွားပါတယ်။

အများအားဖြင့် အမ် ၁၄ နင်းမိုင်းနဲ့ တိုက်မိုင်းတွေကြောင့် ဖြစ်ပြီး အမှတ် ၂ ခရိုင် မော်ချီးဒေသနဲ့ နယ်စပ်ဒေသက ပိုမိုဖြစ်ပွားတာပါ။

လူတွေတင် မကပါဘူး မကြာသေးမှီက ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် အခုအချိန်မှာ ထင်းရူးတောင် စခန်းအနီးတဝိုက်က ရွာသားတွေရဲ့ ကျွဲ၊ နွားတွေ နေ့စဉ် မိုင်းထိမှန်နေကြတယ်လို့ မော်ချီးဒေသခံ တစ်ယောက်က ပြောပြပါတယ်။

“မော်ချီးနဲ့ အနီးအနားမှာ ရှိတဲ့ ကော်ဒူဒိုး၊ ဘူးလော်ပယ်၊ လယ်လော်ထိ၊ လိုခါးလိုနဲ့ မောဆာခီး ရွာက ရွာသားပိုင် ကျွဲ၊ နွားတွေဟာ (၂) ရက်တစ်ခါ၊ (၃) ရက်တစ်ခါ မြုပ်ထားတဲ့ မိုင်းတွေ တောက်လျှောက်ထိတယ်။ ကျနော်တို့ ဒေသခံလည်း ဘာမှ ပြောလို့ မရဘူး၊ ဘာမှ မတတ်နိုင်ကြပါဘူး” လို့ ပြောပါတယ်။

မြေမြုပ်မိုင်းတွေကို စစ်အစိုးရတပ်က အထူးသဖြင့် သူတို့ရဲ့ တပ်အခြေစိုက်ရာ စခန်းတိုင်းရဲ့ အနီးတဝိုက်၊ လျှပ်စစ်သွယ်တန်းသွားတဲ့ တာဝါတိုင်အောက်ခြေ အနီးတဝိုက်၊ အနက်ရောင် နယ်မြေလို့ သတ်မှတ်ခံထားရတဲ့ အိုင်ဒီပီတွေ ပုန်းအောင်းနေတဲ့ နေရာဒေသ အနီးတဝိုက်နဲ့ ကရင်နီတပ်မတော်တွေ လှုပ်ရှားနေတဲ့ နယ်မြေဒေသမှာ ထောင်လေ့ရှိပါတယ်။

ကရင်နီတပ်မတော် တပ်ရင်း ၁ က ပြောရေးဆိုခွင့် ရှိတဲ့ စောထီးထာစွေ့ကတော့ “အမှန်တကယ် ပြောရမယ်ဆိုရင်တော့ မိုင်းကို အသုံးပြုတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို အကာကွယ်မပေးနိုင်တဲ့ နေရာမှာ ထောင်လေ့ရှိတယ်။ အခုက ဘုရားကျောင်းထဲမှာ ထောင်တယ်။ အဲဒါ နအဖ အဖွဲ့တွေက တမင်သက်သက် လူထုနဲ့ ကျနော်တို့ အဖွဲ့အစည်းကို အမြင်လွဲချော်မှုအတွက် သူတို့ အဖွဲ့အစည်းကပဲ လာထောင်တယ်” ပြောပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံ အနီးတဝိုက်မှာပင် စစ်အစိုးရမှ မြေမြုပ်မိုင်းပေါင်း ၁၈ဝဝဝ ခန့်ထောင်ထားပြီး ထိုင်း-ကရင်နီ နယ်စပ်တလျှောက်မှာမူ မြေမြုပ်မိုင်းပေါင်း ၂ဝဝဝ ကျော်တယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (KDRG) အဖွဲ့မှ ပြုစုထားချက်အရ သိရပါတယ်။

ကရင်နီတပ်မတော် ရှေ့တန်းစခန်း တစ်နေရာမှာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်အစိုးရ တပ်သားတွေရဲ့ ပြောပြချက်အရ တပ်ချိန်းတဲ့ အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မိုင်းထောင်ထားတဲ့ နေရာကို အကုန်မပြနိုင်တာက တကြောင်း၊ ပြနိုင်ခဲ့ပေမယ့် လိုက်လံထိန်းသိမ်းတာတွေ မလုပ်နိုင်တဲ့အတွက် စွန့်လွတ်မိုင်း အမြောက်အများ ရှိနေသေးတယ်လို့ ပြောပါတယ်။

KDRG အဖွဲ့တွေရဲ့ ခန့်မှန်းထားချက်အရ ကရင်နီပြည်မှာ မြေမြုပ်မိုင်း အလုံးပေါင်း (၁) သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ ကရင်နီမှာ ရှိနေတဲ့ လူဦးရေ (၃) သိန်းရဲ့ ထက်ဝက်မှာ ရှိနေတဲ့အတွက် လူတွေရဲ့ သွားလာလုပ်ကိုင်စားသောက်ရေးမှာ လွန်စွာမှ ဒုက္ခရောက်နေကြရပါတယ်။

မော်ချီးဒေသက ပြည်သူတွေဟာ တောင်ယာလုပ်ငန်း၊ ဖလာစိုက်ပျိုးရေးလုပ်ငန်း၊ ခဲတူးဖော်ရေး လုပ်ငန်းနဲ့ ဝမ်းစာရေးအတွက် အလုပ်လုပ်ကြရပါတယ်။

အခုလို ကျေးရွာအပြင်မှာသာမကပဲ အတွင်းထဲမှာပါ မိုင်းလာထောင်ထားတော့ ကျနော်တို့ အသက်ရှင်ဖို့ ဘယ်လိုလုပ်ကိုင်စားသောက်ရမလဲဆိုတာ ကျနော်တို့လည်း မစဉ်းစားတတ်တော့ဘူးလို့ မော်ချီးတောင်ပေါ်ရွာ ဒေသခံ တစ်ယောက်ဖြစ်တဲ့ ထူးရယ်က ဘာကိုမှ မစဉ်းစားတတ်တော့တဲ့ လေသံနဲ့ ပြောသွားပါတယ်။

ကန္တာရ၀တီတိုင်းမ် မှကူးယူဖေါ်ပြသည်။
http://www.karenunited.com/index.php?option=com_content&view=article&id=1723:2011-07-07-13-26-55&catid=2:articles&Itemid=1

ဆက်ဖတ်ရန်ကျန်သေးသည်.....