နန်းသူးလေ (ကေအိုင်စီ)
ထားဝယ်-ကန်ချနဘူရီ အဝေးပြေး လမ်းမ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့၏ ဆောင်ရွက်မှုများကို ထောက်ခံကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB)မှ ယမန်နေ့က ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။
LDB ၏ ထုတ်ပြန်ကြေညာချက်များသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်အကျိုးထိခိုက်စေမည့် လုပ်ဆောင်ချက်များကို ၀ိုင်းဝန်းတားမြစ် ပိတ်ပင်သွားရခြင်းမှာ ပြည်သူအကျိုးအတွက်သာဖြစ်ကြောင်း KNU ၏ တွဲဖက်အ တွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။
ဗိုလ်မှူးစောလှငွေက “ဒီဆောက်လုပ်ရေးတွေက ဘယ်နေရာ ဘယ်ဒေသမှာပဲလုပ်လုပ် အဓိကတော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီး ပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ဆောင်ချက်တွေဆိုရင် ကျနော်တို့အနေနဲ့လည်း မတားဆီးပါဘူး။ အခုလည်း ကျနော်တို့အနေနဲ့ ပြည်သူလူထုအတွက် စဉ်းစားပြီး လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ဆန္ဒ နဲ့ ထပ်တူဖြစ်ပြီး ထောက်ခံအားပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။”ဟု ပြောသည်။
အီတာလျံထိုင်းကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော ၁၆၀ ကီလိုမီတာရှိသော ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်းမသည် မြန်မာပြည်အတွင်းပိုင်းတွင် ကီလိုမီတာ ၁၃၀ရှည်လျားပြီး လမ်းမတောက်လျှောက်တွင် ဒေသခံ ကရင်တိုင်းရင်းသားပြည်သူများ မှီတင်းနေထိုင်သော ကျေးရွာ ၁၃ရွာ၊ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့် ဥယျာဉ်ခြံမြေနှင့် တောင်ယာမြေများ ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်ဟု LDB က ထောက်ပြထားသည်။
ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးသည် ကချင်အကျိုးအတွက်သာမက မြန်မာတပြည်လုံး၏ အကျိုးအတွက် အရေးပါလှပြီး တစ်ဦး၏ပြဿနာအား တစ်ဦးက နားလည်ပေးနေသည့် LDB ၏ ကြေညာချက်မှာ တပြည်လုံး၏ ငြိမ်းချမ်းရေး အသွင်ဆောင်နေသည့်အတွက် အလွန်ဝမ်းမြောက်လှကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဒု နိုင်ငံခြားရေးတာဝန် ခံ ဗိုလ်မှူးကြီးဂျိမ်း(စ်)လွန်းဒေါင်က ကေအိုင်စီကို ပြောသည်။
“မြစ်ဆုံရေကာတာ တည်ဆောက်မှုဟာ တစ်ပြည်လုံးအရေးဖြစ်ပါတယ်။ ကချင်ပြည်ထဲမှာဆိုရင် ရွာပေါင်း ၆၀နဲ့ လူပေါင်း ၂သောင်းလောက် ဒုက္ခရောက်ကြရမှာပါ။ ကချင်ပြည်တခုထဲ မဟုတ်ဘဲ မြစ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်း ဒုက္ခ ရောက်ရမဲ့အရေးပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း ဒီစီမံကိန်းကြီး ဆက်ပြီး မသွားအောင် ရပ်ထားတယ်။ ရှေ့ဆက်ပြီး တော့လည်း လူမျိုးစုအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။”ဟု ဆိုသည်။
ထို့အပြင် ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို လျစ်လျူရှုပြီး အတုအယောင်လွှတ်တော်တွင် ဆုံးဖြတ်ချက် ရယူမှုကို ကန့်ကွက်ကာ ရေကာတာ ဆောက်လုပ်ခြင်း စီမံကိန်းရပ်တန့်သွားစေမည့် KIO ၏ လိုအပ်သော လုပ် ဆောင်မှုများကို ထောက်ခံကြောင်းလည်း LDB က ဆိုသည်။
ဘိုးဘွားစဉ်ဆက် မြန်မာတိုင်းရင်းသားပြည်သူအားလုံး မှီတင်းနေထိုင်ခဲ့သည့် ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံရေကာတာကြောင့် ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ရှိသည့်အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ ပြည် သူအားလုံးနှင့် အဖွဲ့အစည်းများက ရေကာတာဆောက်လုပ်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းရန် တင်ပြ တောင်းဆိုခဲ့ကြသည်။
LDB ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကေအိုင်စီက ဂျပန်ရှိ LDB အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမည့်သူ မရှိပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့် အရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကာ မြန်မာလူထုကြား၌ အခိုင် အမာ တည်ရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် လေးစားကြောင်းကိုလည်း LDB က ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့ကလည်း LDB အနေဖြင့် မြန်မာအစိုးရစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ကို လေးစားထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
Friday, September 30, 2011
KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုးရေးစီမံကိန်းအပေါ် တားမြစ်နေမှုများကို LDB မှ ထောက်ခံ
Tuesday, September 27, 2011
ကေအိုင်အေ တပ်မဟာ ၄ နယ်မြေအချို့ကို အစိုးရတပ်က သိမ်းပိုက်
အစိုးရတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) နယ်မြေကို တပ်ရင်း ၁၀ ရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) က ပြောပါတယ်။
ကေအိုင်အိုတပ်မဟာ (၄) ခွင်ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မူဆယ်ခရိုင်အခြေပြု ကေအိုင်အေ တပ်ရင်း ၂ နဲ့ တပ်ရင်း ၉ ကို လက်လွှတ်ပေးလိုက်တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။
“လက်နက်ကြီးနဲ့ပဲ တရစပ်ပစ်တဲ့အတွက်ကြောင့် နောက်တန်းရုံးအဖွဲ့တွေကို နေရာဖယ်ခိုင်းလိုက်တာပါ။ အားလုံးကို ရှေ့တန်းကို လွှတ်ထားလိုက်ပါပြီ။ ကျနော်တို့ လက်ရှိကျင့်သုံးနေတာက ပြောက်ကျားစစ်ဗျူဟာပါ။”
တိုက်ပွဲဟာ မူဆယ်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတော်တော်ပြင်းထန်တယ်။ သူ့ရဲ့အင်အားက ၁၀၀၀ ကျော်သွားပြီ။ ဒီနေ့ရတဲ့စာရင်းအရ၊ တပ်ပို့တွေ ထပ်ဖြည့်တာတွေလည်းရှိတယ်။”
ကေအိုင်အေ တပ်မဟာ ၄ ခွင်ကိုတိုက်တဲ့ အစိုးရထိုးစစ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမတိုင်ခင် ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေကို ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု- ဗိုလ်ချူပ်ကြီး စိုးဝင်းနဲ့ ရမခ (အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးတို့ ဦးစီးကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။
အစိုးရဘက်ကထိုးစစ်ဟာ မူဆယ်မြို့က ရွှေပြည်သစ်ရဲဘက်စခန်းကို ကေအိုင်အေတပ်မဟာ ၄ က ၀င်စီးခဲ့ပြီးနောက် အစိုးရဘက်က တိုက်ခိုက်မှုဖြစ်ပါတယ်။
ကေအိုင်အေဘက်ကလည်း ထိုးစစ်ကို ခုခံနေချိန်မှာ အခြားနေရာတွေဖြစ်တဲ့ ဗန်းမော် – လွယ်ဂျယ်လမ်းပေါ်က စိန်လုံနဲ့ လွယ်ဂျယ် တို့မှာ ကေအိုင်အေဘက်က စတင်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ဗန်းမော် – မြစ်ကြီးနားလမ်းပေါ်ရှိ တုန်ဖုန်းယန်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကေအိုင်အေသတင်းရပ်ကွက်အရ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ကြောင့် အခုလာမယ့် လေးလပတ်ပုံမှန် အစည်းအဝေးမှာလည်း စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေပဲ ကျလာဖို့ များတယ်လို့ ဦးလနန်းက သုံးသပ်ပါတယ်။
“အခု သူတို့ပြောဆိုနေတာတော့ နိုင်ငံရေး ဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ တဖက်မှာ ပြောနေကြပေမယ့် စစ်တပ်ဘက်ကတော့ စစ်ရေးနည်းနဲ့ပဲ အားလုံးကို ဖြေရှင်းနိုင်တယ်။ အားလုံးကို စိုးမိုးနိုင်တယ်ဆိုတဲ့ ပေါ်လစီကို လက်ကိုင်ကျင့်သုံးနေတယ်။ ဒါကြောင့်မို့ ဒီလေးလပတ်မှာ ထွက်လာမယ့် ရလဒ်ကတော့ တိုက်ပွဲခေါ်သံပဲ ဖြစ်ပါလိမ့်မယ်။”
၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်စဲတဲ့ ကေအိုင်အိုဟာ အစိုးရစီမံတဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပယ်ချပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်နေ့ကစလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အပစ်ရပ်ရေးစကားပြောနေပေမယ့် လက်တွေ့ မရပ်သေးပဲ ဖြစ်နေတာပါ။
မဲဆောက်- မြ၀တီတံတားကို ထိုင်းစစ်တပ် သံဆူးကြိုးဖြင့် ပိတ်ဆို့
by ဒီဗွီဘီ
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် မြ၀တီ – မဲဆောက်တံတား အနားတ၀ိုက်ကို ထိုင်းစစ်တပ်က ဒီနေ့ သံဆူးကြိုးတွေချပြီး ပိတ်ဆို့ ထားလိုက်ပါတယ်။
ထိုင်းစစ်တပ်က သံဆူးကြိုးဖြင့် ပိတ်ဆို့ နေ စဉ်
ထိုင်းနယ်စပ်ကော်မတီက မြန်မာနယ်စပ်ကော်မတီ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိတ်ဆို့တာလို့ သိရကြောင်း ကွင်းဆင်းလုပ်ဆောင်ရေး တာဝန်ကျ ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။
ဒီကိစ္စမှာ သူဟာ အမြင့်ဆုံး တာဝန်ခံ မဟုတ်တဲ့ အတွက် အသေးစိတ် ပြောပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။
တံတားအထက်ပိုင်းကနေ တံတားမြောက်ပိုင်း ပြည်သူပိုင်ကျွန်းအထိ ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။
ခုလိုပိတ်ဆို့ ရတာဟာ လူကူးလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေ မ၀င်လာနိုင်ဖို့ ဖြစ်တယ်လို့  ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။
တံတားတ၀ိုက်ကို ခုလို ပိတ်ဆို့ လိုက်ပေမယ့် သာမန် ကူးလူး သွားလာမှုတွေအတွက် တံခါးတခုကို လုံခြုံရေးအစောင့်ချပြီး ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ က ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့ နယ်ဘက်က သယ်ဆောင်လာတဲ့ ရာဘ ခေါ် မြင်းဆေးပြား ၈ သောင်းကျော်ကို မယ်ဆိုင်မြို့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
လွန်ခဲ့တဲ့အပတ်ကလည်း မြင်းဆေးပြား ၁ သိန်းခွဲကို ဆေးပြားထုတ်လုပ်ရေး ကိရိယာတွေနဲ့အတူ အိုက်စ်မူးယစ်ဆေး ဂရမ် ၈၅၀၀ ကျော်အပြင် အခြားမူးယစ်ဆေးဝါးမျိုးစုံ ကီလိုဂရမ် ၇၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာ ၄ ဦး ထိုင်းနိုင်ငံဘက်ကမ်း မယ်ဆိုင်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ် ယင်လတ်ဦးဆောင်တဲ့ ထိုင်းအစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၆ လအတွင်းအပြီး လုပ်ဆောင်မယ်လို့ ကြေညာထားပြီးနောက်မှာ ဖမ်းဆီးမှုတွေတိုးလာတဲ့အပြင် ခုလို သံဆူးကြိုးချကာ ကာကွယ်တာတွေကို လုပ်ဆောင်လာတာပါ။
Friday, September 23, 2011
ကရင်ပြည်နယ်အတွင်း ကြံ့ဖွံ့စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးနေ့ ထိုးစစ်
http://www.naytthit.net/?p=19943
ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်ကြား ကောင်းမှုရွာအနီးမှာ ကြံ့ဖွံ့အ စိုးရစစ်တပ် ခမရ ၂၀၂ နဲ့ ဒီကေဘီကေ ၉၀၁ တပ်ဖွဲ့တို့ ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်။
ဒီရက်ပိုင်းတွေအတွင်းမှာ KNU နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တိုက် ခိုက်ဖို့အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး မြဝတီကို ရောက်ရှိလာကာ နယ်ခြားစောင့်တပ် တွေကို စစ်ဆင်ရေးမှာ ပါဝင်ဖို့ ညှိနှိုင်းခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကြံ့ဖွံ့အစိုးရဘက်က ထိုးစစ်တွေကို စတင်ခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်နဲ့ ထိစပ်နေတဲ့ ကေအန်ယူ တပ်မ ဟာ ၇ ဒေသကို စကခ(၁၂) လက်အောက်ခံ ခမရ (၃၅၇) (၂၀၂) နှင့် BGF တပ်ရင်း (၁၀၁၇) နယ်မြေခံ နဘူးအခြေစိုက် တပ်ရင် ၃ ရင်းနဲ့ ထိုးစစ်ဆင်နေပြီး။ မြဝတီ မြို့တောင်ဘက် သေဘောပိုး၊ ဝေါ်လေ ဒေသကိုတော့ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတချို့နဲ့ ထိုးစစ်ဆင် တိုက် ခိုက်နေပါတယ်။
ဒီနေ့ ညနေ ၃ နာရီခန့်မှာ သေ့ဘောပိုးရွာ အနောက်ဘက် တောင်နီတောင်တန်းပေါ်က ကွီးလရှုတောင်ကုန်းမှာ ဒီကေ ဘီအေ တပ်ဖွဲ့တွေနဲ့ ကြံ့ဖွံ့အစိုးရတပ် ခမရ ၂၀၄ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ည ၁၀ နာရီလောက်မှာလည်း ၎င်းနေရာမှာပဲ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့တုန်းက ကော့ကရိတ်မြို့အနီး ကြောင်ရှာကုန်းမှာ စစ်တပ်ယာဉ်တန်း ရှေ့ပြေးလမ်းရှင်းကားကို ဒီအေဘီအေမှာ ဆီးကြိုတိုက်ခိုက်ခဲ့တယ်။
စက်တင်ဘာ ၂၁ ရက်မှာလည်း ကေအန်ယူ တပ်မဟာ (၇) ဒေသ ထိလော်သေ့ခီး နေရာမှာ ကေအန်ယူ ၁၀၁ တပ်ရင်း နဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်တို့ မနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲမှာ ကေအန်ယူ ဘက်က ၂ ယောက်ကျဆုံးခဲ့ပြီး။ ကြံ့ဖွံ့အစိုးရ တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။
ထိုင်းမြန်မာနယ်စပ်နဲ့ နီးကပ်နေတဲ့ သေ့ဘောပိုးနဲ့ ဝေါ်လေ အနောက်ဘက်က တောင်နီတောင်းတန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတော့ ကြံ့ဖွံ့အစိုးရတပ်ဘက် ထိခိုက်မှုတွေ ရှိတယ်ခဲ့လို့ ဒီကေဘီအေ သတင်းရပ်ကွက်အဆိုအရ သိရှိရပါ တယ်။ ထိုဒေသမှာ ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နယ်မြေခံ မဟာမိတ် ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့တွေအပြင် ကျောင်းသားတပ်မတော်၊ ရခိုင်ကျောင်းသားလူငယ်အဖွဲ့၊ ဇိုမီးတိုင်းရင်းသား ကျောင်းသားလူငယ် တပ်ဖွဲ့တွေပါ လက်တွဲတိုက်ပွဲဝင်နေတယ်လို့ သိရှိရပါတယ်။
မိနစ် ၂၀ကြာ တိုက်ပွဲကြောင့် နှစ်ဖက်တပ်များ ထိခိုက်ဒဏ်ရာရခဲ့
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်းရှိ ဝေါ်လေဒေသ တစ်နေရာတွင် ခြေကုပ်နေရာယူထားသည့် ကရင်ပူးပေါင်းတပ်ဖွဲ့များ အား ယမန်နေ့က အစိုးရစစ်တပ်မှ တိုက်ခိုက်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) က ပြောသည်။
ဝေါ်လေဒေသ၊ မယ်ကလာ့ချောင်းအနီးရှိ KNLA တပ်ရင်း(၁၀၃)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ရင်း(၉၀၇)တို့အား အစိုးရစစ်တပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄) စစ်ကြောင်း(၁)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ကြာ ၀င်ရောက်ပစ်ခတ်ခဲ့ရာမှ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း KNLA (၁၀၃)တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး စောနေ့စေးက ပြောသည်။
“ဖြစ်တဲ့နေရာက မယ်ကလာ့ချောင်းတံတားအနီး သေ့ဂေထာ့ကုန်းမှာ။ ၃နာရီ ၅မိနစ်အချိန်မှာ အင်အား ၅၀ကျော်ရှိတဲ့ ရန်သူ တပ်က ကျနော်တို့တပ်ဖွဲ့ကို ၀င်တိုက်တယ်။ မိနစ် ၂၀ကြာတယ်။ ဒီကေဘီအေတပ်သား ၁ဦးနဲ့ ကျနော်တို့ဘက်က ၁ဦး ထိ သွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေထိတော့ မရှိဘူး။ ရန်သူ့ဘက်လည်း ၁ဦးသေ၊ ၁ဦးဒဏ်ရာရတယ်လို့ သိရတယ်။”ဟု အ တည်ပြု ပြောဆိုသည်။
ခမရ(၂၀၄)သည် ကရင်ပူးပေါင်းတပ်ဖွဲ့အား တိုက်ထုတ်ရန်အတွက် လွန်ခဲ့သည့် ၂ရက်ကတည်းက ၀င်ရောက်နေရာယူထားခဲ့ သလို ရှေ့ဆက်လည်း ကရင်တပ်ဖွဲ့များ လှုပ်ရှားနေသည့်နေရာများကို ရှင်းလင်းရန် အစီအစဉ်ရှိသေးကြောင်း ၎င်းတပ်ရင်းမှူး က ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် အစိုးရတပ် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၄)တပ်ရင်း၊ ကေအဲန်အယ်လ်အေ (၁၀၃)တပ်ရင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ရင်းတို့ စစ်ရေးလှုပ်ရှားလျှက်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်၊ နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် တရက် တာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့သော်လည်း အစိုးရစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဆက် တိုက် လုပ်ဆောင်လျှက်ရှိသည်။
Thursday, September 22, 2011
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် KNU လက်နက်ကြီးဖြင့် အပစ်ခံရ
စောခါးစူး (ကေအိုင်စီ)
Photo-KIC(ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော)
ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရှိရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် တစ်ရက်တာ အပစ်အခတ် ရပ်စဲရန် KNU က စက်တင်ဘာလ ၁၅ရက်နေ့၌ ကြေ ညာချက် ထုတ်ပြန်ထားသော်လည်း မြ၀တီမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် BGF ပူးပေါင်းတပ် တို့က ထီးဝါ့ဘလောကျေးနယ်အတွင်းရှိ KNLA တပ်ရင်း(၁၀၁)ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးကြီးစောအယ်ဆဲဆဲက “သူတို့(အစိုးရနဲ့ BGF တပ်ဖွဲ့)က ကျနော်တို့ကို လက်နက်ကြီးသက်သက်ပဲ ပစ်တာ။ ကျနော်တို့ ဘက်တော့ ပြန်ပစ်ခတ်တာ မလုပ်ဘူး။ ထိခိုက်မှုလည်း ဘာမှ မရှိ ပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာစစ်တပ်၏ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)နှင့် BGF တပ်ရင်း(၁၀၁၇)တို့က ထီးဝါ့ဘလောရွာအနီး တောင်ခြေမှနေ၍ ၎င်းတို့ကို နံနက် ၈နာရီကျော်မှ ၁၁နာရီအထိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ မတိုင်မီ စောစီးစွာ ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားပြည် နယ်များတွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်များ အားလုံး ရုပ်သိမ်းပေးရန်လည်း ပါဝင်သည်။
KNU ၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ငြိမ်းချမ်းရေးနေ့မှာ ကျနော်တို့ KNLA တပ်တွေကို ပစ်ခတ်တာဟာ သူတို့(အစိုးရနှင့် BGF တပ်ဖွဲ့)တွေ နိုင်ငံတကာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းကို မလေးစားတာကို ပြတာပဲ။”ဟု ပြောသည်။
ယခင် ၂၀၁၀ခုနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကလည်း KNU သည် အစိုးရတပ်များနှင့် တစ်ရက်တာ အပစ်အ ခတ် ရပ်စဲမှု ပြုလုပ်ရန် အလားတူ ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရတပ်များက KNU တပ်မဟာ(၄)နှင့် တိုက်ခိုက် ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။
Wednesday, September 21, 2011
တရုတ်သံရုံးရှေ့ တကိုယ်တော်ဆန္ဒပြသမားနဲ့ နောက်ဆက်တွဲများ
http://www.naytthit.net/?p=19878
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ဆန္ဒပြကြမယ်ဆိုတဲ့ သတင်းဟာ ကောလဟာလ မ ဟုတ်ဘဲ အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
မနေ့ (၂၀- ၉- ၂၀၁၁)၊ နေ့လည် ၁း ၃၀ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့မှာ တကိုယ်တော် ဆန္ဒပြမှုတခု ဖြစ်ပေါ်ခဲ့ပါ တယ်။
ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့်ရှိတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး နိုင်ငံသားတယောက်ရဲ့ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ STOP IRRAWADDY ELECTRONIC PROJECT ဆိုတဲ့ စာနဲ့  မြန် မာလို “ဧရာဝတီ လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပေးပါ” စာသားပါတဲ့ သူ့ရင်ထဲက ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရေးသားပြီး တ ရုတ်ကုမ္မဏီတခုရဲ့ ပါဝင်ပက်သက်နေမှုအပေါ် မကျေမနပ်ဖြစ်ရာက တရုတ်ပြန်ကြားရေးရုံးရှေ့ကို လာရောက်ပြီး နှစ်နိုင် ငံတာဝန်ရှိသူတို့အပြင် မြန်မာပြည်သူတွေ သိရှိရန် ရိုးသားစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။
အဆိုပါ တကိုယ်တော်ဆန္ဒပြသူဟာ အသက် (၄၆) နှစ်ခန့်ရှိပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့ တနှစ်ကျော်က ပြန်လည်ရောက်ရှိခဲ့သူပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည်အဖြစ် ရပ်တည်နေထိုင်လာခဲ့ ပြီး အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ဗီဇာရရှိခဲ့သူတဦး ဖြစ်ပါတယ်။
အမေရိကန်သို့ သွားရောက်ရေးဟာ အကြောင်းမညီညွတ်မှုများကြောင့် ပျက်ပြားသွားခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဆန္ဒပြသမား ကိုအောင်သိန်းလှ (ခေါ်) ကိုကျော်ဝင်းဟာ ကွာလာလမ်ပူမြို့မှ ရန်ကုန်သို့ပြန်ရောက်ပြီးနောက်ပိုင်းမှာ တောင်ဥက္ကလာပမှာရှိတဲ့ မိသားစုနဲ့ သိပ်စကားမပြောတော့ဘဲ တစုံတခုကို အမြဲတွေးတော စဉ်းစားနေတတ်သူလို့ စုံစမ်း သိရှိရပါတယ်။
သူ ဆန္ဒပြပြီး မကြာခင် တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုများကို ဆောင် ရွက်တဲ့အခါ ကိုအောင်သိန်းလှအနေနဲ့  သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကိုသာ ထုတ်ဖော်ပြောဆိုပြီး မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ သူ တောင်းဆိုတဲ့ကိစ္စနဲ့ ပက်သက်လို့ ဘာကိုမှ ထုတ်ဖော်မပြောဘဲ ၀စီပိတ် နေတယ်လို့ သိရပါတယ်။
ယခုအခါ သူ့ကို ဘယ်ပုံဘယ်နည်း ဆက်လက်ကိုင်တွယ်ရမယ်ဆိုတာ အထက်အဆင့်ဆင့်ကို တင်ပြတာ ၀န်ခံခိုင်းထား တယ်လို့ သိရပါတယ်။ ကိုအောင်သိန်းလှဟာ မိမိဆန္ဒကို ရိုးသားစွာ ထုတ်ဖော်ဆန္ဒပြသူဖြစ်ပြီး သူ့ရဲ့နောက်ကွယ်မှာ နိုင် ငံရေးအဖွဲ့အစည်းများ ပါဝင်ခြင်း ရှိနိုင်ခြေ နည်းပါးတယ်လို့ သိရပါတယ်။
သူဟာ မြန်မာပြည်မှာ စီးပွားလာရှာတဲ့ တရုတ်နိုင်ငံကုမ္မဏီကြီးတစ်ခုကို မကျေနပ်ကြောင်း ထင်ထင်ရှားရှား ဆန္ဒပြတဲ့ ပထမဆုံး တကိုယ်တော်ဆန္ဒပြသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြည်တွင်းက နိုင်ငံရေးအကဲခတ်များနဲ့  ပြည်ပ အခြေစိုက် သတင်းသမားများအပါအ၀င် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ၊ မြစ်ဆုံစီမံကိန်း ရပ်တန့်စေလိုသူများက ကို အောင်သိန်းလှရဲ့ တကိုယ်တော်ဆန္ဒပြမှုအပေါ် လက်ရှိအစိုးရဘက်က ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အနီး ကပ်စောင့်ကြည့်နေကြပါတယ်။
ဒီမိုကရေစီရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေမယ်လို့ ၂၀၀၈ ဖွဲ့ စည်းပုံအရ အာမခံချက်ပေးထားတဲ့ ကြံ့ခိုင် ရေးပါတီအစိုးရအနေနဲ့ ကိုအောင်သိန်းလှ ကို ပြန်လွှတ်ပေးမလား၊ ဆက်လက်ဖမ်းဆီးထားပြီး ဥပဒေ တခုခု အကြောင်း ပြပြီး တရားစွဲ ထောင်ချပစ်မလားဆိုတာ မြန်မာပြည်သူအားလုံးက စိတ်ဝင်တစား ရှိနေကြပြီး နေပြည်တော်လွှတ်တော် တွင်းက ဦးဌေးဦး ခေါင်းဆောင်တဲ့ “ဒီမိုကရေစီရေးကော်မတီ” နဲ့ မကြာမီကမှ ဖွဲ့စည်းလိုက်တဲ့ အငြိမ်းစားဝန်ထမ်းကြီး များပါဝင်တဲ့ “လူ့အခွင့်အရေးကော်မရှင်” တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့  ဆောင်ရွက်ချက်အလားအလာတွေကို “ကိုအောင်သိန်းလှ အရေး” က ကြီးစွာသော စမ်းသပ်စိန်ခေါ်မှုတခု ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
လွန်ခဲ့တဲ့ လပိုင်းများကလည်း ကိုနေမျိုးဝေ အပါအ၀င် လူ ၄ ဦး တို့ရဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လမ်းညွှန်ချက်တောင်းခံခဲ့မှုရှိခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်ငြား ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ထုတ်ပြန်ရန် ရှိသေး၍ ထိုဆန္ဒပြလိုခြင်းကို နောက်ဆုတ်ရွှေ့ဆိုင်း ထားပေးရန် တာဝန်ရှိအာဏာပိုင်များက မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါတယ်။
ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတဦးချင်းစီရဲ့ ဆန္ဒပြဆို ထုတ်ဖော် နိုင်ခွင့်ဟာ မဖြစ်မနေပေးအပ်ခွင့်ပြုရမယ့် အခြေခံလူ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြပြီး လက်ရှိအုပ်ချုပ်သူ အ စိုးရအနေနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ လူသားဘ၀ အခြေခံရပိုင်ခွင့်တခုကို ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲပြီး တုန့် ဆိုင်းဖင့်နှေးခြင်းမရှိ အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီဘက် တော်သားများမှ တညီတညွတ်တည်း မှတ်ချက်ပေးကြကြောင်း သိရှိရပါတယ်။