http://burmese.dvb.no မှပြန်လည်ကူးယူဖ်ါပြသည်။
Published on June 21, 2011 by ဇိုယာဖန်း
ကရင်အမျိုးသားအစည်းအရုံးနဲ့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေ ရှုံးနိမ့်နေပြီ၊ အတိုက်ခံရလို့ ရှုံးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်တာ ဘယ်နှကြိမ်ရှိပြီလဲ- ကျမ မမှတ်မိတော့ပါဘူး။ ၁၉၅၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ကရင်သောင်းကျန်းသူတွေကို အဲဒီနှစ် မေလမှာ အပြီးသတ် ချေမှုန်းမယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေကို ကြွားလုံးထုတ်ဖူးပါတယ်။ နယူးယောက်တိုင်း သတင်းစာက အဲသည်သတင်း ဖော်ပြခဲ့ပါတယ်။
နောက် ၆၁ နှစ် ကြာပြီးတဲ့အချိန်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဟာ ချေမှုန်းခံရလုနီးပါး ဖြစ်နေပြီလို့ ကေအန်ယူကို နှစ်ပေါင်းများစွာ တောက်လျှောက် ဝေဖန်လာတဲ့ အက်ရှ်လေ ဆောက် (သ်) က သူ့ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာမှာ ရေးသားလိုက်ပြန်ပါပြီ။
ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူပညာရှင်လို့ သတ်မှတ်ထားသူတွေနဲ့ သတင်းသမားတွေက ဒီလို ရေးသားဖော်ပြနေတာဟာ ကျမတို့ရဲ့ တိုက်ပွဲဝင်ရုန်းကန်မှုတွေအပေါ် အကောင်းမမြင်လို့ ဖြစ်ပါတယ်။
မှန်ပါတယ်- ကျမတို့မှာ အခြေအနေဆိုးတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျမရဲ့ဖခင် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံခဲ့ရပါတယ်။ လူသတ်သမားတွေရဲ့ လုပ်ကြံရမယ့် လူစာရင်းထဲမှာ ကေအန်ယူ ခေါင်းဆောင်တွေရဲ့ နာမည်တွေ ပါနေခဲ့ပါတယ်။
အာဏာရှင်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခုကို ပြဋ္ဌာန်းပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကာကွယ်ခွင့် ရရှိရေး တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်ပါတယ်။ နောက်ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကိုလည်း လုံးဝလက်နက်ချဖို့ တောင်းဆိုထားပါတယ်။ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်မှာ စစ်အာဏာရှင်ဘက်က စစ်တပ်တွေ တိုးမြှင့်ချထားခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာဆိုရင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နဲ့ မြန်မာစစ်အစိုးရတပ်တွေဟာ အရေးပါတဲ့ ကေအန်ယူ အခြေစိုက်စခန်းနဲ့ နီးစပ်တဲ့ ထိုင်း-မြန်မာနယ်စပ်မှာ တိုးမြှင့်တပ်စွဲလာပါတယ်။ ဒါတွေက အခြေအနေဆိုးခဲ့တဲ့ ကာလက ဖြစ်ရပ်တွေပါ။
ဒါပေမယ့် အခုတော့ အခြေအနေက ကောင်းတဲ့ဘက်ကို ရောက်လာပါပြီ။
ဒီကေဘီအေ တပ်မဟာ ၅ က မြန်မာစစ်တပ်အောက်မှာ နေရမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုလိုက်ပါတယ်။ သည်ငြင်းဆိုမှုကြောင့် ဒီကေဘီအေ ပြိုကွဲသွားပါတယ်။ နယ်ခြားစောင့်တပ် ဖြစ်သွားတဲ့ ဒီကေဘီအေ ပင်မအုပ်စုဟာ မြန်မာစစ်တပ်က အင်အားလျှော့လိုက်တဲ့အတွက် အကြီးအကျယ် အင်အားချည့်နဲ့သွားပါပြီ။ ဗမာတပ်မှူးတွေ အမိန့်ပေးတာကို စိတ်မချမ်းမြေ့တဲ့ ဒီကေဘီအေစစ်သားတွေဟာ ခုတော့ ကေအန်ယူဘက်ကို နေ့စဉ် ဘက်ပြောင်းလာနေပါတယ်။
နောက်ထပ်တခုကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေး-စစ်ရေး မဟာမိတ်အဖွဲ့သစ်တခုဖြစ်တဲ့ ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ’ ပေါ်ပေါက်လာတာပါပဲ။ ဒါဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း မြန်မာတနိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင် နိုင်ငံရေးအဖွဲ့အစည်းတွေ ပထမဆုံးအကြိမ် ညီညွတ်မှုရရှိတာ ဖြစ်ပါတယ်။
မကြာသေးခင်ကဆိုရင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ကေအန်အယ်လ်အေ တပ်မတော်သားတွေဟာ ၁၉၉၅ တုန်းက ဆုံးရှုံးခဲ့တဲ့ ကေအန်ယူဌာနချုပ် နေရာ မာနယ်ပလောကို ရောက်ရှိသွားကြပါပြီ။
ဒီလို ထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ ပတ်သက်လို့ ကျမရဲ့ဖေဖေက ဘယ်လို ယူဆမလဲလို့ လူတွေက ကျမကို မေးကြပါတယ်။ ကျမလည်း အတိအကျတော့ မပြောတတ်ပါဘူး။ ဖေဖေဟာ အတွေ့အကြုံနဲ့ အသိ ဉာဏ်ကြွယ်ဝသူဖြစ်ပြီး သူ့ဆုံးဖြတ်ချက်တွေနဲ့ အမြင်တွေဟာ ခိုင်မာတဲ့ သဘောတရားတွေပေါ်မှာ အခြေခံတယ်ဆိုတာတော့ ကျမသိပါတယ်။
ကေအန်ယူအတွက် ကျမဖေဖေ ဆောင်ရွက်သွားတဲ့အထဲမှာ ကရင်အချင်းချင်း သွေးစည်းရေး၊ တိုင်းရင်းသားတွေအချင်းချင်း ညီညွတ်ရေး၊ ပြီးတော့ မြန်မာပြည်သူအားလုံး သွေးစည်းညီညွတ်ရေး အများကြီးပါတယ်။
အားလုံးလွတ်မြောက်ရေးအတွက် အားလုံး လက်တွဲလုပ်ကိုင်ရမှာ ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ သွေးခွဲမှုကို မခံရဖို့ လိုတယ်ဆိုတာ ဖေဖေသိပါတယ်။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးကို မြှင့်တင်ရေးအတွက် ဖေဖေဟာ အသက်ကို ပဓာနမထားဘဲ မြန်မာပြည်အနှံ့ ခရီးထွက်ခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံနောက်မှာ မြို့ပြကိုစွန့်လာတဲ့ ကျောင်းသားတွေကို ကေအန်ယူဘက်က အထောက်အပံ့ ခိုလှုံမှု ပေးဖို့လည်း အခိုင်မာဆုံး ထောက်ခံပြောကြားခဲ့ပါ တယ်။
ဖေဖေမြင်တွေ့ချင်တာဟာ ညီညွတ်မှုပါ။ မတူကွဲပြားမှုတွေ ရှိတဲ့ကြားက လက်တွဲလုပ်ဆောင်ဖို့၊ မတူကွဲပြားပေမယ့် တန်းတူခွင့်ရှိဖို့၊ လွတ်မြောက်ရေးအတွက် ရင်ပေါင်တန်းပြီး နေထိုင်ဆောင်ရွက်သွားဖို့ပါပဲ။
ကေအန်ယူနဲ့ ဒီကေဘီအေကြားမှာ ပြဿနာမရှိဘူး။ တကယ်တမ်း ပြဿနာရှိနေတာက ကရင်နဲ့ မြန်မာစစ်အာဏာရှင်အကြားမှာ ဖြစ်တယ်လို့ ဖေဖေပြောလေ့ရှိပါတယ်။ ကရင်တွေကို သွေးခွဲတာ စစ်အာဏာရှင်တွေပဲလို့ ဖေဖေက ပြောပါတယ်။
ဒီကေဘီအေကို ထူထောင်ပြီး ကြိုးကိုင်တာ သူတို့ပဲ။ အကယ်၍ ဒီကေဘီအေတွေ ပြန်လာချင်တယ်ဆိုရင်၊ မြန်မာစစ်အစိုးရနောက် မလိုက်တော့ဘဲ စွန့်ခွာလာရင်၊ မူးယစ်ဆေးဝါးနဲ့ မပတ်သက်တော့ဘူးဆိုရင်၊ ပြည်သူတွေကို မနှိပ်စက်မညှဉ်းပန်းတော့ဘူးဆိုရင် အချိန်မရွေး ပြန်လာနိုင်တယ်လို့ ဖေဖေ ပြောခဲ့ပါတယ်။
ဒီကေဘီအေ ပြိုကွဲမှုနဲ့အတူ ဖြစ်ထွန်းလာတာတွေကို ဖေဖေကြိုဆိုမှာ သံသယဖြစ်စရာ မလိုပါဘူး။ ခုဆိုရင် ဒီကေဘီအေစစ်သား အများအပြားဟာ စစ်အာဏာရှင်အလိုကျ ပြည်သူတွေကို ဖိနှိပ်မယ့်အစား သူတို့ရဲ့ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေကြပါပြီ။ ဒီကေဘီအေ တပ်မဟာ ၅ က ရဲဘော်တွေဟာ ကေအန်အယ်လ်အေနဲ့ ပူးပေါင်းနေပါပြီ။ ဒီ့ထက်ပိုပြီးကြီးမားတဲ့ ညီညွတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ထွန်းသွားဖို့လည်း ဖေဖေကတော့ အားပေးမှာ အမှန်ပါ။
ဒါပေမယ့် ဖေဖေ အလေးထားစိုးရိမ်မှာတွေလည်း ရှိမယ်လို့ ကျမထင်ပါတယ်။ လက်ကျန် ဒီကေဘီအေဟာ စစ်သည်၊ လက်နက် လျော့နည်းသွားလို့ အားနည်းသွားတာကို လူတချို့က ကျေနပ်ကောင်း ကျေနပ်လိမ့်မယ်။ စစ်အာဏာရှင်ကို ကိုယ်စားပြုပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်မှုအတွက် ဒီကေဘီအေမှာ တာဝန်ရှိပါတယ်။ သို့ပေမယ့် ဒီကျူးလွန်မှုတွေအတွက် ခေါင်းဆောင်ပိုင်းမှာပဲ တာဝန်ရှိပါတယ်။ သာမန် ရဲဘော်တွေမှာ တာဝန်မရှိပါဘူး။
ကျမတွေ့ဖူးတဲ့ ဘက်ပြောင်းလာသူတယောက်ဆိုရင် အသိဉာဏ် ဗဟုသုတ နည်းနည်းလေးပဲ ရှိရှာပါတယ်။ ဒီကေဘီအေ ဒီလိုပြုမူနေတာဟာ စစ်အာဏာရှင်အတွက်ပဲ ဆိုတာကိုတောင် သူမသိပါဘူး။ ဒီလိုလူမျိုးတွေကို မြန်မာစစ်တပ်က ဝါးမြိုသွားပြီး ကရင်ပြည်သူတွေကို တိုက်ခိုင်းတာမျိုးကို ဖေဖေမြင်ချင်မှာ မဟုတ်ပါဘူး။ ကေအန်ယူနဲ့ ပြန်ပေါင်းစည်းပြီး ပြည်သူတွေကို ကာကွယ်ဖို့ ကူညီတာပဲ ဖေဖေ ဖြစ်စေချင်တာပါ။
မြန်မာဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖေဖေဟာ မမောနိုင်မပန်းနိုင် အလုပ်လုပ်သွားပါတယ်။ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုထဲကနေ ဆောင်ရွက်သွားတာပါ။ တိုင်းရင်းသားအဖွဲ့တွေ အန်ဒီအက်ဖ်နဲ့ သဘောတူညီမှုကို ချိုးဖောက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်တုန်းက ဖေဖေ သိပ်စိတ်ထိခိုက်ခဲ့ပါတယ်။
စစ်သားတွေဟာ ကချင်တွေကို မတိုက်ရတော့ဘဲ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်ဘက်ကို ဖိလာကြပြီး ကျမတို့ရဲ့ကျေးရွာတွေကို တိုက်ခိုက်လာတဲ့အတွက် လူအများက အမျက်ဒေါသ ထွက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ယုံကြည်မှုကင်းမဲ့မှုအမွေကို ချန်ထားရစ်ခဲ့ပါတယ်။ အခု ယူအန်အက်ဖ်စီ ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ’ အောင်အောင်မြင်မြင် ဖြစ်သွားရင်တော့ ဒီအခက်အခဲကို ကျော်လွှားသွားရမှာပါ။ အန်ဒီအက်ဖ်ကို ကျောခိုင်းသွားသူတွေ ပြန်လည်ပေါင်းစည်းရမယ့်အစား အဖွဲ့အစည်းသစ်တခုကို တည်ထောင်ရတာလဲလို့ ဖေဖေ တွေးကောင်း တွေးနေပါလိမ့်မယ်။ ယူအန်အက်ဖ်စီဟာ တိုင်းရင်းသားညီညွတ်ရေးကို ဖော်ဆောင်မယ်ဆိုရင်တော့ ဖေဖေဝမ်းမြောက်မှာ မလွဲပါဘူး။ နှစ်ပေါင်းများစွာ မပူးပေါင်းခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေး အဖွဲ့အစည်းတွေဟာ အခု ပြန်ပြီး ပူးပေါင်းဆောင်ရွက်လာပါပြီ။ ဒါပေမယ့် ရှေ့ကို ခရီးဝေး ဆက်ရဦးမယ်ဆိုတာလည်း အမှန်ပါပဲ။
ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သား အချင်းချင်း အသိဉာဏ်ပညာချင်း ဖလှယ်ကြဖို့ အလွန့်အလွန် လိုအပ်နေပါတယ်။ ကျမတို့အချင်းချင်း တဦးအခြေအနေကို တဦး နားလည်ကြဖို့ လိုပါတယ်။ တဦးအပေါ်တဦး မတူကွဲပြားမှုတွေကို နားလည်သီးခံပြီး အပြန်အလှန်လေးစားမှုရှိရပါမယ်။ ဒါဟာ စစ်မှန်တဲ့ညီညွတ်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းပါပဲ။
လက်ရှိအခြေအနေကို ဖေဖေသာဆိုရင် ဘယ်လိုများ ခြုံပြီး သုံးသပ်မှာပါလိမ့်။ သူသာဆိုရင် သတိထားမယ်၊ ဒါပေမယ့် အကောင်းမြင် သဘောထားနဲ့ မျှော်လင့်ချက်ထားမယ်လို့ ကျမ ထင်ပါတယ်။ ဒီညီညွတ်ရေးအသစ်နဲ့ အခွင့်အလမ်းသစ်အပေါ်မှာ အခြေခံပြီး တည်ဆောက်နိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းသွားပါလိမ့်မယ်။ ဗမာတိုင်းရင်းသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်ပြီး လက်တွဲရေးကို အခိုင်အမာ တောင်းဆိုသွားပါလိမ့်မယ်။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စုရေးအတွက် သဘောတူညီချက်ရဖို့ လိုအပ် ချက်တရပ်လည်း ဖြစ်ပါတယ်။
ပြီးတော့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်တဲ့ စောဘဦးကြီးရဲ့ လမ်းညွှန်မှာကြားချက်တွေကို စွန့်လွှတ်မှာပဲလို့ ကျမတို့အပေါ် အစဉ်တစိုက် ဟောကိန်းထုတ်နေတဲ့ အဆိုးမြင်ဝါဒီတွေကိုလည်း ဖေဖေဟာ သတိပေးနေမှာပဲလို့ ကျမယုံကြည်ပါတယ်။ အဲဒါကတော့ “လက်နက်ချစကား လုံးဝ မပြောရ” ဆိုတဲ့ စကား ဖြစ်ပါတယ်။
0 comments:
Post a Comment