၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Thursday, June 30, 2011

ယနေ့ဖြစ်စဉ်နောက်ဆက်တွဲတိုက်ပွဲသတင်း

30.6.11 ညနေပိုင်း 16:00 နာရီအချိန်တွင် BGF နှင့် SPDC တပ်စွဲထားသည့်နေရာဖြစ်သော တခွက်ဖိုး ရွာနား က၀ီဝယ်ခီး နေရာကို DKBA ဒုဗိုလ်မှူးကြီး စောဘီခို ဦးဆောင်သည့်တပ်များမှ တိုက်ခိုက်သိမ်းယူလိုက်သည်ဟုသတင်းရရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ယနေ့နောက်ဆက်တွဲ တိုက်ပွဲသတင်း

30.6.11 နံနက် 5 နာရီအချိန်တွင် ကော့ကရိတ်မြို့အရှေ့ဖက် နိုလား ကျေးရွာတွင် ဒီကေဘီအေ နှင့် နအဖ တပ်တို့တွေ့ဆုံတိုက်ပွဲဖြစ်ပွား ခဲ့သည်။ နှစ်ဖက်ထိခိုက်မှုသတင်းမရရှိသေးပေ။ အလားတူ တဆက်တည်းမှာဘဲ ယနေ့ညနေ 4နာရီအချိန်တွင် ကမမောင်းမြို့နယ် အတွင်း ၀ါးမီကလားရွာတွင်လည်း ဒီကေဘီအေ နှင့် နအဖ တပ်မ ၄၄ လက်အောက်ခံ ခမရ(၁) ၊ (၂) တို့ တိုက်ပွဲဆက်ဖြစ်ပွားခဲ့သည်။
နှစ်ဖက်စလုံးထိခိုက်မှုသတင်းမရရှိသေးပါ၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကမမောင်းမြို့ရှိ နအဖ စခန်းအား ဒီကေဘီအေ၀င်ရောက်ပစ်ခတ်

29.6.11 ဒီနေ့ည ၁၂ နာရီ ကျော်အချိန်တွင် ဒီကေဘီအေ တပ်ဖွဲ့မှ ကမမောင်းမြို့ရှိ နအဖ စခန်းအားဝင်ရောက်ပစ်ခတ်ခဲ့သည် တိုက်ပွဲဖြစ်ပွားချိန် တွင် တံတား စောင့်လုံခြုံရေးတစ်ဦးနှင့် ကလေးတစ်ဦးထိခိုက်သေဆုံးခဲ့ပြီး ၊ တံတား တစင်းဖျက်စီးပစ်ခဲ့ဟုသတင်းရရှိသည်။

နောက်ဆက်တွဲသတင်းရရှိမှု
အလားတူ လါခါရွာတွင်လည်း တံတားတစ်စင်းဖျက်ဆီးခြင်းခံရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကရင်စစ်တပ်ချင်း ညီညွတ်တာကို ဖေဖေ ဂုဏ်ယူလိမ့်မယ်

http://burmese.dvb.no မှပြန်လည်ကူးယူဖ်ါပြသည်။

Published on June 21, 2011 by ဇိုယာဖန်း

ကရင်အမျိုး​သား​အစည်း​အရုံး​နဲ့​ တိုင်း​ရင်း​သား​လူမျိုး​စု အဖွဲ့​အစည်း​တွေ ရှုံး​နိမ့်​နေပြီ၊​ အတိုက်ခံရလို့​ ရှုံး​တော့​မယ် ဆိုတဲ့​ သတင်း​တွေ ထွက်တာ ဘယ်နှကြိမ်ရှိပြီလဲ- ကျမ မမှတ်မိ​တော့​ပါဘူး​။ ၁၉၅၀ ပြည့်​နှစ်မှာ ဗိုလ်ချုပ်ကြီး​နေဝင်း​က ကရင်​သောင်း​ကျန်း​သူ​တွေကို အဲဒီနှစ် ​မေလမှာ အပြီး​သတ် ​ချေမှုန်း​မယ်လို့​ နိုင်ငံတကာ သတင်း​မီဒီယာ​တွေကို ကြွား​လုံး​ထုတ်ဖူး​ပါတယ်။ နယူး​ယောက်တိုင်း​ သတင်း​စာက အဲသည်သတင်း​ ​ဖော်ပြခဲ့​ပါတယ်။

နောက် ၆၁ နှစ် ကြာပြီး​တဲ့​အချိန်မှာ ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) ဟာ ​ချေမှုန်း​ခံရလုနီး​ပါး​ ဖြစ်​နေပြီလို့​ ​ကေအန်ယူကို နှစ်​ပေါင်း​များ​စွာ ​တောက်​လျှောက် ​ဝေဖန်လာတဲ့​ အက်ရှ်​လေ ​ဆောက် (သ်) က သူ့​ရဲ့​ ၂၀၁၁ ခုနှစ် အစီရင်ခံစာမှာ ​ရေး​သား​လိုက်ပြန်ပါပြီ။

ကိုယ့်​ကိုယ်ကိုယ် ကျွမ်း​ကျင်သူပညာရှင်လို့​ သတ်မှတ်ထား​သူ​တွေနဲ့​ သတင်း​သမား​တွေက ဒီလို ​ရေး​သား​ဖော်ပြ​နေတာဟာ ကျမတို့​ရဲ့​ တိုက်ပွဲဝင်ရုန်း​ကန်မှု​တွေအ​ပေါ် အ​ကောင်း​မမြင်လို့​ ဖြစ်ပါတယ်။

မှန်ပါတယ်- ကျမတို့​မှာ အ​ခြေအ​နေဆိုး​တဲ့​ ကာလ​တွေ ရှိခဲ့​ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျမရဲ့​ဖခင် ကရင်အမျိုး​သား​အစည်း​အရုံး​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ပဒိုမန်း​ရှာ လုပ်ကြံခံခဲ့​ရပါတယ်။ လူသတ်သမား​တွေရဲ့​ လုပ်ကြံရမယ့်​ လူစာရင်း​ထဲမှာ ​ကေအန်ယူ ခေါင်း​ဆောင်​တွေရဲ့​ နာမည်​တွေ ပါ​နေခဲ့​ပါတယ်။

အာဏာရှင်အစိုး​ရက ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေသစ်တခုကို ပြဋ္ဌာန်း​ပြီး​ တိုင်း​ရင်း​သား​တွေရဲ့​ အခွင့်​အ​ရေး​နဲ့​ ကာကွယ်ခွင့်​ ရရှိ​ရေး​ ​တောင်း​ဆိုချက်​တွေကို လျစ်လျူရှုလိုက်ပါတယ်။ ​နောက်ပြီး​ အပစ်ရပ် တိုင်း​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေကိုလည်း​ လုံး​ဝလက်နက်ချဖို့​ ​တောင်း​ဆိုထား​ပါတယ်။ ရှမ်း​ပြည်နယ်နဲ့​ ကရင်နီပြည်နယ်မှာ စစ်အာဏာရှင်ဘက်က စစ်တပ်​တွေ တိုး​မြှင့်​ချထား​ခဲ့​တယ်။ ၂၀၀၉ ခုနှစ်မှာဆိုရင် တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) နဲ့​ မြန်မာစစ်အစိုး​ရတပ်​တွေဟာ အ​ရေး​ပါတဲ့​ ​ကေအန်ယူ အ​ခြေစိုက်စခန်း​နဲ့​ နီး​စပ်တဲ့​ ထိုင်း​-မြန်မာနယ်စပ်မှာ တိုး​မြှင့်​တပ်စွဲလာပါတယ်။ ဒါ​တွေက အ​ခြေအ​နေဆိုး​ခဲ့​တဲ့​ ကာလက ဖြစ်ရပ်​တွေပါ။

ဒါ​ပေမယ့်​ အခု​တော့​ အ​ခြေအ​နေက ​ကောင်း​တဲ့​ဘက်ကို ​ရောက်လာပါပြီ။

ဒီ​ကေဘီ​အေ တပ်မဟာ ၅ က မြန်မာစစ်တပ်​အောက်မှာ ​နေရမယ့်​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို ငြင်း​ဆိုလိုက်ပါတယ်။ သည်ငြင်း​ဆိုမှု​ကြောင့်​ ဒီ​ကေဘီ​အေ ပြိုကွဲသွား​ပါတယ်။ နယ်ခြား​စောင့်​တပ် ဖြစ်သွား​တဲ့​ ဒီ​ကေဘီ​အေ ပင်မအုပ်စုဟာ မြန်မာစစ်တပ်က အင်အား​လျှော့​လိုက်တဲ့​အတွက် အကြီး​အကျယ် အင်အား​ချည့်​နဲ့​သွား​ပါပြီ။ ဗမာတပ်မှူး​တွေ အမိန့်​ပေး​တာကို စိတ်မချမ်း​မြေ့​တဲ့​ ဒီ​ကေဘီ​အေစစ်သား​တွေဟာ ခု​တော့​ ​ကေအန်ယူဘက်ကို ​နေ့​စဉ် ဘက်​ပြောင်း​လာ​နေပါတယ်။

နောက်ထပ်တခုက​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေရဲ့​ နိုင်ငံ​ရေး​-စစ်​ရေး​ မဟာမိတ်အဖွဲ့​သစ်တခုဖြစ်တဲ့​ ‘ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ’ ​ပေါ်​ပေါက်လာတာပါပဲ။ ဒါဟာ နှစ်​ပေါင်း​ ၂၀ နီး​ပါး​အတွင်း​ မြန်မာတနိုင်ငံလုံး​က တိုင်း​ရင်း​သား​ လက်နက်ကိုင် နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေ ပထမဆုံး​အကြိမ် ညီညွတ်မှုရရှိတာ ဖြစ်ပါတယ်။

မကြာ​သေး​ခင်ကဆိုရင် ကရင်အမျိုး​သား လွတ်​မြောက်​ရေး​တပ်မ​တော် ​ကေအန်အယ်လ်​အေ တပ်မ​တော်သား​တွေဟာ ၁၉၉၅ တုန်း​က ဆုံး​ရှုံး​ခဲ့​တဲ့​ ​ကေအန်ယူဌာနချုပ် ​နေရာ မာနယ်ပ​လောကို ​ရောက်ရှိသွား​ကြပါပြီ။

ဒီလို ထင်ရှား​တဲ့​ ​ပြောင်း​လဲတိုး​တက်မှု​တွေနဲ့​ ပတ်သက်လို့​ ကျမရဲ့​ဖေ​ဖေက ဘယ်လို ယူဆမလဲလို့​ လူ​တွေက ကျမကို ​မေး​ကြပါတယ်။ ကျမလည်း​ အတိအကျ​တော့​ မ​ပြောတတ်ပါဘူး​။ ​ဖေ​ဖေဟာ အ​တွေ့​အကြုံနဲ့​ အသိ ဉာဏ်ကြွယ်ဝသူဖြစ်ပြီး​ သူ့​ဆုံး​ဖြတ်ချက်​တွေနဲ့​ အမြင်​တွေဟာ ခိုင်မာတဲ့​ သ​ဘောတရား​တွေ​ပေါ်မှာ အ​ခြေခံတယ်ဆိုတာ​တော့​ ကျမသိပါတယ်။

ကေအန်ယူအတွက် ကျမ​ဖေ​ဖေ ​ဆောင်ရွက်သွား​တဲ့​အထဲမှာ ကရင်အချင်း​ချင်း​ ​သွေး​စည်း​ရေး​၊​ တိုင်း​ရင်း​သား​တွေအချင်း​ချင်း​ ညီညွတ်​ရေး​၊​ ပြီး​တော့​ မြန်မာပြည်သူအား​လုံး​ ​သွေး​စည်း​ညီညွတ်​ရေး​ အများ​ကြီး​ပါတယ်။

အား​လုံး​လွတ်​မြောက်​ရေး​အတွက် အား​လုံး​ လက်တွဲလုပ်ကိုင်ရမှာ ဖြစ်ပြီး​ စစ်အာဏာရှင်ရဲ့​ ​သွေး​ခွဲမှုကို မခံရဖို့​ လိုတယ်ဆိုတာ ​ဖေ​ဖေသိပါတယ်။ တိုင်း​ရင်း​သား​အချင်း​ချင်း​ ညီညွတ်​ရေး​ကို မြှင့်​တင်​ရေး​အတွက် ​ဖေ​ဖေဟာ အသက်ကို ပဓာနမထား​ဘဲ မြန်မာပြည်အနှံ့​ ခရီး​ထွက်ခဲ့​ပါတယ်။ ၁၉၈၈ အ​ရေး​တော်ပုံ​နောက်မှာ မြို့​ပြကိုစွန့်​လာတဲ့​ ​ကျောင်း​သား​တွေကို ​ကေအန်ယူဘက်က အ​ထောက်အပံ့​ ခိုလှုံမှု ​ပေး​ဖို့​လည်း​ အခိုင်မာဆုံး​ ​ထောက်ခံ​ပြောကြား​ခဲ့​ပါ တယ်။

ဖေ​ဖေမြင်​တွေ့​ချင်တာဟာ ညီညွတ်မှုပါ။ မတူကွဲပြား​မှု​တွေ ရှိတဲ့​ကြား​က လက်တွဲလုပ်​ဆောင်ဖို့​၊​ မတူကွဲပြား​ပေမယ့်​ တန်း​တူခွင့်​ရှိဖို့​၊​ လွတ်​မြောက်​ရေး​အတွက် ရင်​ပေါင်တန်း​ပြီး​ ​နေထိုင်​ဆောင်ရွက်သွား​ဖို့​ပါပဲ။

ကေအန်ယူနဲ့​ ဒီ​ကေဘီ​အေကြား​မှာ ပြဿနာမရှိဘူး​။ တကယ်တမ်း​ ပြဿနာရှိ​နေတာက ကရင်နဲ့​ မြန်မာစစ်အာဏာရှင်အကြား​မှာ ဖြစ်တယ်လို့​ ​ဖေ​ဖေ​ပြော​လေ့​ရှိပါတယ်။ ကရင်​တွေကို ​သွေး​ခွဲတာ စစ်အာဏာရှင်​တွေပဲလို့​ ​ဖေ​ဖေက ​ပြောပါတယ်။

ဒီ​ကေဘီ​အေကို ထူ​ထောင်ပြီး​ ကြိုး​ကိုင်တာ သူတို့​ပဲ။ အကယ်၍ ဒီ​ကေဘီ​အေ​တွေ ပြန်လာချင်တယ်ဆိုရင်၊​ မြန်မာစစ်အစိုး​ရ​နောက် မလိုက်​တော့​ဘဲ စွန့်​ခွာလာရင်၊​ မူး​ယစ်​ဆေး​ဝါး​နဲ့​ မပတ်သက်​တော့​ဘူး​ဆိုရင်၊​ ပြည်သူ​တွေကို မနှိပ်စက်မညှဉ်း​ပန်း​တော့​ဘူး​ဆိုရင် အချိန်မ​ရွေး​ ပြန်လာနိုင်တယ်လို့​ ​ဖေ​ဖေ ​ပြောခဲ့​ပါတယ်။

ဒီ​ကေဘီ​အေ ပြိုကွဲမှုနဲ့​အတူ ဖြစ်ထွန်း​လာတာ​တွေကို ​ဖေ​ဖေကြိုဆိုမှာ သံသယဖြစ်စရာ မလိုပါဘူး​။ ခုဆိုရင် ဒီ​ကေဘီ​အေစစ်သား​ အများ​အပြား​ဟာ စစ်အာဏာရှင်အလိုကျ ပြည်သူ​တွေကို ဖိနှိပ်မယ့်​အစား​ သူတို့​ရဲ့​ ပြည်သူ​တွေအတွက် တိုက်ပွဲဝင်​နေကြပါပြီ။ ဒီ​ကေဘီ​အေ တပ်မဟာ ၅ က ရဲ​ဘော်​တွေဟာ ​ကေအန်အယ်လ်​အေနဲ့​ ပူး​ပေါင်း​နေပါပြီ။ ဒီ့​ထက်ပိုပြီး​ကြီး​မား​တဲ့​ ညီညွတ်​ရေး​နဲ့​ ပူး​ပေါင်း​ဆောင်ရွက်မှု ဖြစ်ထွန်း​သွား​ဖို့​လည်း​ ​ဖေ​ဖေက​တော့​ အား​ပေး​မှာ အမှန်ပါ။

ဒါ​ပေမယ့်​ ​ဖေ​ဖေ အ​လေး​ထား​စိုး​ရိမ်မှာ​တွေလည်း​ ရှိမယ်လို့​ ကျမထင်ပါတယ်။ လက်ကျန် ဒီ​ကေဘီ​အေဟာ စစ်သည်၊​ လက်နက် ​လျော့​နည်း​သွား​လို့​ အား​နည်း​သွား​တာကို လူတချို့​က ​ကျေနပ်​ကောင်း​ ​ကျေနပ်လိမ့်​မယ်။ စစ်အာဏာရှင်ကို ကိုယ်စား​ပြုပြီး​ ဆိုး​ရွား​တဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ကျူး​လွန်မှုအတွက် ဒီ​ကေဘီ​အေမှာ တာဝန်ရှိပါတယ်။ သို့​ပေမယ့်​ ဒီကျူး​လွန်မှု​တွေအတွက် ​ခေါင်း​ဆောင်ပိုင်း​မှာပဲ တာဝန်ရှိပါတယ်။ သာမန် ရဲ​ဘော်​တွေမှာ တာဝန်မရှိပါဘူး​။

ကျမ​တွေ့​ဖူး​တဲ့​ ဘက်​ပြောင်း​လာသူတ​ယောက်ဆိုရင် အသိဉာဏ် ဗဟုသုတ နည်း​နည်း​လေး​ပဲ ရှိရှာပါတယ်။ ဒီ​ကေဘီ​အေ ဒီလိုပြုမူ​နေတာဟာ စစ်အာဏာရှင်အတွက်ပဲ ဆိုတာကို​တောင် သူမသိပါဘူး​။ ဒီလိုလူမျိုး​တွေကို မြန်မာစစ်တပ်က ဝါး​မြိုသွား​ပြီး​ ကရင်ပြည်သူ​တွေကို တိုက်ခိုင်း​တာမျိုး​ကို ​ဖေဖေမြင်ချင်မှာ မဟုတ်ပါဘူး​။ ​ကေအန်ယူနဲ့​ ပြန်​ပေါင်း​စည်း​ပြီး​ ပြည်သူ​တွေကို ကာကွယ်ဖို့​ ကူညီတာပဲ ​ဖေ​ဖေ ဖြစ်​စေချင်တာပါ။

မြန်မာဖက်ဒရယ်ပြည်​ထောင်စု ​ပေါ်ထွန်း​ရေး​အတွက် ​ဖေ​ဖေဟာ မမောနိုင်မပန်း​နိုင် အလုပ်လုပ်သွား​ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီ တပ်​ပေါင်း​စုထဲက​နေ ​ဆောင်ရွက်သွား​တာပါ။ တိုင်း​ရင်း​သား​အဖွဲ့​တွေ အန်ဒီအက်ဖ်နဲ့​ သ​ဘောတူညီမှုကို ချိုး​ဖောက်ပြီး​ စစ်အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​လိုက်တုန်း​က ​ဖေ​ဖေ သိပ်စိတ်ထိခိုက်ခဲ့​ပါတယ်။

စစ်သား​တွေဟာ ကချင်​တွေကို မတိုက်ရ​တော့​ဘဲ ကရင်ပြည်နယ်နဲ့​ ကရင်နီပြည်နယ်ဘက်ကို ဖိလာကြပြီး​ ကျမတို့​ရဲ့​ကျေး​ရွာ​တွေကို တိုက်ခိုက်လာတဲ့​အတွက် လူအများ​က အမျက်​ဒေါသ ထွက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ယုံကြည်မှုကင်း​မဲ့​မှုအ​မွေကို ချန်ထား​ရစ်ခဲ့​ပါတယ်။ အခု ယူအန်အက်ဖ်စီ ‘ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ’ ​အောင်​အောင်မြင်မြင် ဖြစ်သွား​ရင်​တော့​ ဒီအခက်အခဲကို ​ကျော်လွှား​သွား​ရမှာပါ။ အန်ဒီအက်ဖ်ကို ​ကျောခိုင်း​သွား​သူ​တွေ ပြန်လည်​ပေါင်း​စည်း​ရမယ့်​အစား​ အဖွဲ့​အစည်း​သစ်တခုကို တည်​ထောင်ရတာလဲလို့​ ​ဖေ​ဖေ ​တွေး​ကောင်း​ ​တွေး​နေပါလိမ့်​မယ်။ ယူအန်အက်ဖ်စီဟာ တိုင်း​ရင်း​သား​ညီညွတ်​ရေး​ကို ​ဖော်​ဆောင်မယ်ဆိုရင်​တော့​ ​ဖေ​ဖေဝမ်း​မြောက်မှာ မလွဲပါဘူး​။ နှစ်​ပေါင်း​များ​စွာ မပူး​ပေါင်း​ခဲ့​တဲ့​ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ အဖွဲ့​အစည်း​တွေဟာ အခု ပြန်ပြီး​ ပူး​ပေါင်း​ဆောင်ရွက်လာပါပြီ။ ဒါ​ပေမယ့်​ ​ရှေ့​ကို ခရီး​ဝေး​ ဆက်ရဦး​မယ်ဆိုတာလည်း​ အမှန်ပါပဲ။

ဖက်ဒရယ်ပြည်​ထောင်စုအ​ရေး​နဲ့​ ပတ်သက်လို့​ မြန်မာပြည်သား​ အချင်း​ချင်း​ အသိဉာဏ်ပညာချင်း​ ဖလှယ်ကြဖို့​ အလွန့်​အလွန် လိုအပ်​နေပါတယ်။ ကျမတို့​အချင်း​ချင်း​ တဦး​အ​ခြေအ​နေကို တဦး​ နား​လည်ကြဖို့​ လိုပါတယ်။ တဦး​အပေါ်တဦး​ မတူကွဲပြား​မှု​တွေကို နား​လည်သီး​ခံပြီး​ အပြန်အလှန်​လေး​စား​မှုရှိရပါမယ်။ ဒါဟာ စစ်မှန်တဲ့​ညီညွတ်မှု တည်​ဆောက်နိုင်မယ့်​ နည်း​လမ်း​ပါပဲ။

လက်ရှိအ​ခြေအ​နေကို ​ဖေ​ဖေသာဆိုရင် ဘယ်လိုများ​ ခြုံပြီး​ သုံး​သပ်မှာပါလိမ့်​။ သူသာဆိုရင် သတိထား​မယ်၊​ ဒါ​ပေမယ့်​ အ​ကောင်း​မြင် သ​ဘောထား​နဲ့​ ​မျှော်လင့်​ချက်ထား​မယ်လို့​ ကျမ ထင်ပါတယ်။ ဒီညီညွတ်​ရေး​အသစ်နဲ့​ အခွင့်​အလမ်း​သစ်အ​ပေါ်မှာ အ​ခြေခံပြီး​ တည်​ဆောက်နိုင်ဖို့​ ပြင်း​ပြင်း​ထန်ထန် ကြိုး​ပမ်း​သွား​ပါလိမ့်​မယ်။ ဗမာတိုင်း​ရင်း​သား​တွေ ဦး​ဆောင်တဲ့​ အဖွဲ့​အစည်း​တွေနဲ့​လည်း​ ဆက်ပြီး​ လက်တွဲ​ရေး​ကို အခိုင်အမာ ​တောင်း​ဆိုသွား​ပါလိမ့်​မယ်။ ဒါဟာ ဖက်ဒရယ်ပြည်​ထောင်စု​ရေး​အတွက် သ​ဘောတူညီချက်ရဖို့​ လိုအပ် ချက်တရပ်လည်း​ ဖြစ်ပါတယ်။

ပြီး​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​ရဲ့​ ပထမဦး​ဆုံး​ ဥက္ကဋ္ဌဖြစ်တဲ့​ ​စောဘဦး​ကြီး​ရဲ့​ လမ်း​ညွှန်မှာကြား​ချက်​တွေကို စွန့်​လွှတ်မှာပဲလို့​ ကျမတို့​အ​ပေါ် အစဉ်တစိုက် ​ဟောကိန်း​ထုတ်​နေတဲ့​ အဆိုး​မြင်ဝါဒီ​တွေကိုလည်း​ ​ဖေ​ဖေဟာ သတိ​ပေး​နေမှာပဲလို့​ ကျမယုံကြည်ပါတယ်။ အဲဒါက​တော့​ “လက်နက်ချစကား​ လုံး​ဝ မ​ပြောရ” ဆိုတဲ့​ စကား​ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

မယ်လအူးစခန်းမှ ဆိုင်ကယ်များကို ထိုင်းအာဏာပိုင်များ လာရောက်စစ်ဆေး

ဇွန်လ ၂၉ရက်။ နန်းသူးလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့နယ်ရှိ မယ်လအူးဒုက္ခသည်စခန်းအတွင်းမှ ဆိုင်ကယ်များကို စခန်းအုပ်ချုပ်ရေး ထိုင်းအာဏာပိုင်များက ယနေ့မနက်ပိုင်းမှစ၍ စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ်ရေးရုံး(ပလာရုံး)တွင် တစ်ရက်တည်းနှင့် အပြီးစစ် ဆေးခဲ့သည်ဟု သိရသည်။

ထိုသို့ စစ်ဆေးရန် မြို့နယ်အာဏာပိုင်များက ညွှန်ကြားခြင်းဖြစ်ပြီး စခန်းနှင့် နီးစပ်သည့် မဲ့စရင်းမြို့ထဲတွင် ဆိုင်ကယ်ပျောက် ဆုံးမှုများ ရှိနေသည့်အပေါ် မယ်လအူးစခန်းအတွင်းရှိ ဆိုင်ကယ်များကို သံသယဖြစ်သောကြောင့် လာရောက်စစ်ဆေးရခြင်း ဖြစ်ကြောင်း မယ်လအူးစခန်း ဥက္ကဌ စောကော်ဝါးက ကေအိုင်စီကို ပြောသည်။

စခန်းဥက္ကဌ စောကော်ဝါးက “ထိုင်းအာဏာပိုင်တွေက မဲ့စရင်းမြို့မှာ ဆိုင်ကယ်ပျောက်တာများတော့ စခန်းထဲက ဆိုင်ကယ် တွေကို သံသယရှိလို့ စစ်ဆေးတာပါ။ ကျနော်တို့ စခန်းထဲမှာတော့ ခိုးဆိုင်ကယ်တွေ မရှိလောက်ပါဘူး။ ဒါပေမဲ့ ထိုင်းအာဏာ ပိုင်တွေ ကျေနပ်အောင်လို့  အစစ်ဆေးခံလိုက်ကြတာပါ။”ဟု ပြောဆိုသည်။

စခန်းထဲတွင် ဆိုင်ကယ်စုစုပေါင်း အစီး ၁၀၀ ၀န်းကျင်ရှိပြီး ဆိုင်ကယ်ပိုင်ရှင်များက ၎င်းတို့၏ ဆိုင်ကယ်များကို ပလာရုံးသို့ ယူ ဆောင်သွားကာ ယနေ့မနက် ၉နာရီမှစ၍ ညနေပိုင်းအထိ အစစ်အဆေးခံကြရသည်ဟု ဒုက္ခသည်များက ပြောသည်။

အစစ်ဆေးခံခဲ့သူ ဆိုင်ကယ်ပိုင်ရှင် ဖိုးဟေးက “သူတို့ မေးတာတွေကတော့ ဆိုင်ကယ်ကို ဘယ်မှာဝယ်လဲ။ လိုင်စင်ရှိ/မရှိ မေး ပြီး ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို မြို့နယ်မှာ ပြန်စစ်ဆေးဖို့အတွက် ခဏ သိမ်းယူထားလိုက် တယ်လေ။ ဆိုင်ကယ်ကိုတော့ မသိမ်းဘူး။ ဒီအထဲမှာ စာရွက်စာတမ်း ဘာမှမရှိတဲ့ ဆိုင်ကယ်နှစ်စီးကတော့ အသိမ်းခံလိုက်ရ တယ်။”ဟု ပြောပြသည်။

မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၁၅၀ကွာဝေးသည့် မယ်လအူးစခန်းတွင် ၂၀၀၇-၂၀၀၈ခုနှစ်ခန့်က ဆိုင်ကယ်အသုံးပြုမှု ပိုမို များပြား လာပြီး ၎င်းဆိုင်ကယ်များကို စခန်းဆိုင်ရာ ထိုင်းလုံခြုံရေးအဖွဲ့(အောဆော်)ထံ စာရင်းသွင်းရကာ ဒုက္ခသည်စခန်းတွင်း ဆိုင် ကယ်စီးခွင့်လက်မှတ်ကို အောဆော်က တစ်လတကြိမ် လုပ်ပေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်က မယ်လအူးစခန်းအနီး မဲ့တောလရွာမှ ထိုင်းရွာသားတစ်ဦးထံမှ ခိုးဆိုင်ကယ်တစ်စီးကို မသိဘဲ ၀ယ်စီး မိသည့် မယ်လအူးဒုက္ခသည်ထံမှ ဆိုင်ကယ်ပိုင်ရှင်က ပြန်လည်တောင်းယူကာ ဆိုင်ကယ်ခိုးရောင်းသူမှာလည်း ထောင်ကျ သွားသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။

မယ်လအူးဒုက္ခသည်စခန်းသည် ၂၀၀၄ခုနှစ်တွင် မယ်ခေါင်ခါးစခန်းမှ ပြောင်းရွှေ့လာခဲ့ပြီး ရပ်ကွက် ၁၃ခုတွင် လက်ရှိ လူဦးရေ စုစုပေါင်း ၁၆,၃၂၁ဦးရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ ၂၀၁၁ခုနှစ်၊ မေလအစီရင်ခံစာတွင် ဖော်ပြထားသည်။
http://www.kicnews.org/?p=6310

ဆက်ဖတ်ရန်ကျန်သေးသည်.....

သံဖြူဇရပ်နဲ့ တောင်ငူမှာ ဗုံးပေါက်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ ပဲခူးတိုင်း တောင်ငူမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး မနေ့ည ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်က စုပေါင်းရုံးခေါ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ၂ ခုမှာ ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာ မသိရပါဘူး။ ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်အနှံ့က မြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ ရက်နေ့က နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင် ပေါက်ကွဲမှုမှာတော့ လက်သည်တရားခံ အမည်တွေကို ဒီနေ့ သတင်းစာမှာ ဖော်ပြပေမဲ့ ဖမ်းဆီးရမိတာတော့ မရှိသေးပါဘူး။ ဒီနေ့ တောင်ငူနဲ့ သံဖြူဇရပ် ဗုံးပေါက်ကွဲတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက မြစ်ကြီးနား၊ တန့်ယန်း၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့တွေမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့ရာက ဒီကနေ့ နေ့ခင်းမှာတော့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ပဲခူးတိုင်း တောင်ငူမြို့မှာ ဗုံးတလုံး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

တောင်ငူမြို့ ဗုံးပေါက်ကွဲတဲ့ အခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မိုင်ဒါကွင်း အားကစားကွင်းနားလေးမှာပါ။ လမ်းဘေးနားမှာပဲ။ အသံဗုံးပါ၊ ဘာမှမဖြစ်ပါဘူး။ ၂ နာရီ ၁၀ မိနစ်လောက်က။”

ဒီပေါက်ကွဲမှုမှာ အထိအခိုက် အသေအပျောက် မရှိဘူးလို့ သူက ပြောပါတယ်။

အခြားဒေသခံတွေ အပြောအရ ဗုံးပေါက်ကွဲရာ နေရာဟာ မိုင်ဒါကွင်းခေါ် မိုးလုံလေလုံ အားကစားကွင်းနဲ့ ခပေါင်းခန်းမအကြားမှာ ပေါက်ကွဲတာဖြစ်ပြီး ဒီနေ့မနက် ခပေါင်းခန်းမမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခမ်းအနားတခု ကျင်းပပြီးနောက် ပေါက်ကွဲတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ည သန်းခေါင်အချိန်လောက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မှာ အလားတူ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သံဖြူဇရပ် မြို့ခံတယောက်က ပြောပါတယ်။

“ညသန်းခေါင်လောက်မှာ စုပေါင်းရုံးမှာ ဖြစ်တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ရုံးထဲမှာ မဟုတ်ဘူးတဲ့၊ ခြံစည်းရိုးမှာတဲ့။ ညသန်းခေါင် လူတိတ်တဲ့ အချိန်ကျတော့ အသံနည်းနည်း ကျယ်တယ်ပေါ့။ လူ ဘာမှမဖြစ်ဘူး၊ ခြံစည်းရိုးမှာ။”

သံဖြူဇရပ် ဗုံးပေါက်ကွဲမှုဟာ မွန်ပြည်နယ်က အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့တွေကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်အပ်ဖို့ အာဏာပိုင်တွေက ကြေညာပြီး ရက်ပိုင်းအတွင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ တောင်ငူနဲ့ သံဖြူဇရပ်က ဗုံးပေါက်ကွဲမှုတွေရဲ့ တရားခံကို ဖမ်းဆီးရမိတယ်ဆိုတာ မကြားသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၂၄ ရက်နေ့ကလည်း အစိုးရ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေး၊ မန္တလေး ဈေးချိုနဲ့ ပြင်ဦးလွင်မြို့ ထောက်ပို့ပန်းခြံ အနီးက နေအိမ်တွေမှာ မိနစ်ပိုင်းခြားပြီး ဗုံး ၃လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသား ၃ ယောက်က ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီ ဖောက်ခွဲသူ ၃ ယောက်ရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက ရရှိထားတယ်လို့ ဖော်ပြပေမဲ့ သတင်းစာမှာတော့ ဓာတ်ပုံတွေကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဓာတ်ပုံအစား ဒီလူ ၃ ယောက်ရဲ့ ပုံပန်းသဏ္ဌာန်တွေကိုသာ ဖော်ပြပြီး သူတို့ကိုတွေ့ရင် သက်ဆိုင်ရာကို သတင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီလ ၁၀ ရက်နေ့ကလည်း နေပြည်တော် မြို့မဈေးက သန့်စင်ခန်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့ကတော့ နေပြည်တော် ဘူတာအလွန် ရန်ကုန်၊ မန္တလေး မီးရထားပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလ ၂၁ ရက်နေ့ညက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမှတ် ၁ ရဲစခန်းနဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သလို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာတော့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာလည်း ဗုံး ၇ လုံး ပေါက်ကွဲခဲ့ပါတယ်။

မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အရင်ကလည်း ဒီလို ဗုံးပေါက်ကွဲတာတွေ မကြာခဏဆိုသလို ဖြစ်ခဲ့ဖူးပေမဲ့ ဒီလအတွင်းမှာတော့ အစိုးရတပ်တွေက ကချင်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့နောက်မှာ ဗုံးပေါက်ကွဲမှုတွေဟာ ပိုများလာတာလည်း ဖြစ်ပါတယ်။

ဒီလို ဗုံးတွေ ဆက်တိုက် ပေါက်ကွဲနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် လဆန်းပိုင်းမှာ ရန်ကုန်ပြင်ပကို စည်းရုံးရေး ခရီးစဉ် စတင်မယ်လို့ ကြေညာခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေက ခရီးစဉ် လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
http://www.voanews.com/burmese/news/myanmar-bomb-blast-124717399.html

ဆက်ဖတ်ရန်ကျန်သေးသည်.....

ဖားအံမြို့မှ ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ များကို နေပြည်တော်ရဲများ လိုက်လံ ဖမ်းဆီးနေ

Photo-KIC (နှစ်လုံးထီများကို ယခုလို ငွေချေဖြတ်ပိုင်းဖြင့် ရောင်းနေစဉ်)



ဇွန်လ ၂၉ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူများကို နေပြည်တော်မှ ဆင်းလာသည့် ရဲတပ်ဖွဲ့ဝင်များက ဇွန် လ ၂၀ရက်နေ့မှစ၍ ယနေ့အထိ လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်းသို့ လိုက်လံဖမ်းဆီးရာတွင် ရဲယူနီဖောင်းများ ၀တ်ဆင်ခြင်းမရှိဘဲ အရပ်ဝတ်များဖြင့် ဈေးဆိုင်များတွင်စုံစမ်းမေးမြန်းကာ ယခုအချိန်ထိ ဖမ်းဆီးနေဆဲဖြစ်ကြောင်း ဖားအံမြို့အရှေ့ဘက် လမ်းဂွတွင် နေထိုင်သူတစ်ဦးက ကေအိုင်စီကို ယခုလို ပြော သည်။

နေပြည်တော်က ရဲတွေဆင်းလာပြီး ချဲဒိုင်နဲ့ ကော်မရှင်သမားတွေကို လိုက်ဖမ်းတယ်။ စဖမ်းတာတော့ ၂၀ရက်နေ့ကနေ အခု ချိန်ထိပဲ။ တချို့ချဲဒိုင်တွေ ဖမ်းမိတယ်လို့ ကျနော်ကြားတယ်။ ဘယ်နှစ်ယောက် ဖမ်းမိတယ်ဆိုတာတေ့ အတိအကျ မသိဘူး။ အခုထိတော့ လိုက်ဖမ်းနေတုန်းပဲ။ လူတွေက ချဲထိုးချင်ရင် သူတို့အဆက်နဲ့ သူတို့ လိုက်ထိုးနေကြတယ်။ ခိုးထိုးရတာပေါ့။”ဟု ပြောသည်။

ဖားအံမြို့တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ အများစုမှာ နယ်မြေခံရဲများကို လစဉ်ကြေး ပေးထားသဖြင့် ပိုက်ဆံပေးနိုင်သည့် ချဲ ဒိုင်များကို မဖမ်းဘဲ ပိုက်ဆံမပေးနိုင်သည့် ဒိုင်များကိုသာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဒိုင်တစ်ဦးက ပြောဆိုသည်။

“အခု လိုက်ဖမ်းတဲ့ ရဲတွေက နေပြည်တော်ကပါ။ နယ်ခံရဲတွေလည်း အချို့လိုက်ပါလာတယ်။ လိုက်ဖမ်းနေတာ ခြောက်လပိုင်း အစကတည်းကပါ။ လကုန်ခါနီးမှပဲ အခုလို သတင်းပြန့်သွားတာ။ နယ်ခံရဲတွေကို ကျနော်တို့က လစဉ်ကြေး ပေးထားတော့ သူ တို့က ကျနော်တို့ကို ပြောပြတယ်လေ။ ကျနော်တို့ကို ရောင်းပေးတဲ့ ကော်မရှင်သမားတစ်ယောက်အတွက်ဆို တနေ့ ၂ထောင် နှုန်း ပေးသေးတယ်။ အဖမ်းခံရတဲ့ ဒိုင်သမားနှစ်ယောက်တော့ လစဉ်ကြေးမပေးလို့ပါ။ နယ်ခံရဲတွေကို ငွေပေးထားတဲ့ ဒိုင်အ များစုကတော့ ဖမ်းဆီးခံရတာ မတွေ့ရသေးဘူး။”ဟု ဖားအံမြို့တွင် ချဲဒိုင်လုပ်နေသူ မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

လောင်းကစားများကို အထက်မှ ညွှန်ကြားချက်ဖြင့် လာရောက်ဖမ်းဆီးပါက ရောင်းသားများအတွက် ပြစ်မှုဆိုင်ရာ လောင်းက စား ဥပဒေ ပုဒ်မ ၁၅(က)အရလည်းကောင်း၊ ထိုးသားများကိုမူ ပုဒ်မ ၁၆(က)အရလည်းကောင်း ငွေဒဏ်ကော ထောင်ဒဏ်ပါ အရေးယူခံရနိုင်ကြောင်း ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ မောင်တိုးက ကေအိုင်စီကို ပြောသည်။

၎င်းက “အထက်က အဲလိုလာဖမ်းတယ်ဆိုရင်တော့ လွှတ်ဖို့မလွယ်ဘူးလေ။ ငွေဒဏ်ကော ထောင်ဒဏ်ပါ နှစ်မျိုးစလုံး ခံရမှာပဲ။ ဥပဒေမှာက ဒိုင်၊ ကော်မရှင်သမားဆိုပြီး မရှိဘူးလေ။ ရောင်းသားဆိုရင် ဒိုင်ရော၊ ကော်မရှင်သမားရော အကျုံးဝင်တယ်။ သူတို့ က လောင်းကစားပုဒ်မ ၁၅(က)အရ ထောင်ဒဏ်တနှစ်ကနေ သုံးနှစ်အထိနဲ့ ငွေဒဏ်က တစ်ထောင်ကနေ ငါးထောင်အထိ။ ထိုးသားဆိုရင် ပုဒ်မ ၁၆(က)အရ ထောင်ဒဏ် ၆လကနေ တနှစ်အထိနဲ့ ငွေဒဏ်တစ်ထောင်အထိ ကျခံရတယ်။”ဟု ဆိုသည်။

ထို့အပြင် သက်သေခံပစ္စည်းများဖြစ်သည့် ရောင်းသားငွေများအတူ ဖမ်းဆီးရမိပါက ရောင်းသားဖြစ်စေ၊ ထိုးသားဖြစ်စေ ၎င်းတို့ ပိုင်ဆိုင်သည့် နေအိမ်များကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းနိုင်ကြောင်း ဥပဒေတွင် ပါရှိသည်။

ဖမ်းဆီးမှုများ ရှိနေသည့်ကြားက ဆက်လက်ရောင်းနေသူ ကော်မရှင် အမျိုးသမီးတစ်ဦးက “လမ်းဘေးဆိုင်တိုင်းလိုလို အရပ် ၀တ်ရဲတွေ ရှိကြတယ်။ အချို့ကော်မရှင်သမားတွေ ကြောက်လို့ နားကြတယ်လေ။ ကျမတို့ဒိုင်က ပေးရောင်းထားပေမဲ့ ခိုး ရောင်းရတယ်။ ကျမက တစ်အိမ်ဝင် တစ်အိမ်ထွက် ရောင်းတယ်လေ။ ကျမလည်း ရောင်းအားက ၅သောင်းကျော် ၆သောင်း လောက် ရတယ်။ တစ်သောင်းရောင်းရရင် ကျမအတွက် ကော်မရှင်ခ ၁,၅၀၀ကျပ် ရတယ်။”ဟု ဆိုသည်။

ဖားအံမြို့တွင် တစ်လ နှစ်ခေါက်သာ ထွက်သည့် ချဲထီထက် တစ်ရက် နှစ်ခေါက်နှုန်းဖြင့် တစ်ပတ်လျှင် ဆယ်ကြိမ်ထိုးရသည့် နှစ်လုံးထီက ပိုတွင်ကျယ်နေပြီး လောင်းကစားများ ပပျောက်ရေးအတွက် ၀န်ထမ်းများ လာဘ်စားမှုမရှိမှသာ ဖြစ်နိုင်ကြောင်း ဖားအံမြို့ အမှတ်(၂)ရပ်ကွက်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ချဲထီတွေက ပပျောက်ဖို့လည်း မလွယ်ပါဘူး။ နယ်ခံရဲတွေကလည်း လစာမလောက်တော့ ဒိုင်၊ ကော်မရှင်တွေဆီက လစဉ် ကြေး ရနေတယ်လေ။ ဆက်ကြေးအခွန်သဘောမျိုးပါပဲ။ အခုလို လာဖမ်းချိန်မှာ ခိုးရောင်းနေကြတာပေါ့။ တကယ်ပပျောက်ချင် ရင် လာဘ်စားမှုတွေ မရှိမှ လုပ်နိုင်မှာ။”ဟု ဆိုသည်။

နယ်မြေခံရဲ၏ ပြောပြချက်အရ နေပြည်တော်ရဲများမှာ အဖွဲ့လိုက် လာရောက်ဖမ်းဆီးနေခြင်းဖြစ်ပြီး မော်လမြိုင်မြို့သို့လည်း သီးသန့်တဖွဲ့ သွားရောက်စစ်ဆေးနေကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရသစ် တက်လာသည်အထိ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တွင် လောင်းကစားလုပ်ကိုင်သူများကို နယ်ဆင်းဖမ်းဆီးမှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
http://www.kicnews.org

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, June 28, 2011

မြေပြိုသောကြောင့် ကော့ကရိတ်-မြ၀တီကား လမ်းပိတ်

ဇွန်လ ၂၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (တောင်ပေါ်ကားလမ်းတွင် သွားလာနေသည့် ကားငယ်များ)

ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းတွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပွား ကာ လမ်းပိတ်သောကြောင့် မှန်လုံကား အပါအ၀င် ကုန်တင်ကားကြီးများကို ဇွန်လ ၂၅ရက်နေ့မှစ၍ ငါးရက်တိုင် သွားလာခွင့် ရပ် ဆိုင်းထားကြောင်း မြ၀တီမြို့ရှိ ကုန်သည်များက ပြောဆိုနေကြသည်။
ယခုလို မြေပြိုမှုမှာ မြ၀တီ-ကော့ကရိတ်ကားလမ်းတလျှောက်တွင် ၄နေရာ၊ ၅နေရာရှိပြီး တံတားကျိုးအပေါ် နတ်စဉ်အနီးတွင် အဆိုးဆုံးဖြစ်သလို ယခင်အပတ်က မြေပြိုမှုများထက် ပိုမိုဆိုးရွားသည်ဟု မြ၀တီမြို့ရှိ မြန်မာကုန်သည်အမျိုးသမီးတဦးက ပြော သည်။

“မြေပြိုလို့ ကားမဆင်းနိုင်တာ မနေ့ကပါဆို ၂ရက်ရှိပြီ။ တော်တော်အခြေအနေဆိုးတယ်။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ ကားတွေ တက်လည်း မတက်နိုင်။ ဆင်းလည်းမဆင်းနိုင် ဖြစ်နေတယ်။ မိုးကလည်း ဆက်တိုက်ကို ရွာနေတာကိုး။ ဒီနေ့တော့ မြ၀တီ ဆောက်လုပ်ရေးနဲ့ AK လမ်းပြင်ကုမ္ပဏီက လာရှင်းပေးလို့ ကားလေးတွေတော့ ဒီနေ့ ဆင်းလို့ရပြီတဲ့။ ဒါပေမဲ့ မှန်လုံကားနဲ့ အခြားကားကြီး၊ ၁၂ဘီးကားတွေကိုတော့ ငါးရက်ပိတ်ထားသေးတယ်။”ဟု သူမက ပြောသည်။

ယခုလို မြေပြိုမှုသည် တောင်ပြိုခြင်းမဟုတ်ဘဲ ရေတိုက်စားကာ လမ်းမြေသားပြိုကျသောကြောင့် လမ်းပြန်လည် ကောင်းမွန်လာ ရေး ပြင်မည်ဆိုပါက အနည်းဆုံး တစ်ပတ်ကျော် အချိန်ယူရမည်ဖြစ်၍ ကုန်သွယ်မှုများအတွက် နစ်နာမှုရှိကြောင်း ထိုင်းနိုင်ငံမှ မြန် မာပြည်သို့ စားသောက်ကုန် တင်သွင်းသည့် ကုန်သည်တစ်ဦးက ပြောသည်။

၎င်းက “ဒီမှာ နို့ဆီဝယ်ထားတာ နို့ဆီဖာတွေ ရေစိုကုန်တော့ နို့ဆီဗူးတွေက တစ်လုံးဆီဖြစ်ကုန်ပြီ။ ကားလမ်းပြိုတော့ ကားကလည်း သွားလို့မရသေး။ ကားပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အမိုးမလုံတဲ့အခါကျတော့ စိုရွှဲကုန်ပြီ။ လမ်းက အင်္ဂတေနဲ့ လုပ်ရမယ်ဆို လည်း မိုးဆက်တိုက်ရွာတော့ ဘယ်လိုလုပ်လဲ။”ဟု ပြောသည်။

မြ၀တီမြို့မှ အိမ်ရှင်မတဦးက “မြ၀တီက လူတွေက သားငါးတွေကျတော့ မဲဆောက်လာလို့ ၀ယ်စားလို့ရတယ်။ ကြက်သွန်တို့၊ ဆန် တို့၊ ငါးခြောက် ဘာညာတွေက အောက်ကနေလာတာ။ ကြာရင် ဘယ့်နှယ့်လုပ်မလဲ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှုမှာ ရပ်တန့်ခြင်းမရှိသေးသဖြင့် လမ်းပြုပြင်သူများအနေဖြင့် ကြန့်ကြာမှုများ ရှိသလို သွားလာနေ သည့် ဆိုင်ကယ်နှင့် ကားငယ်များအတွက်လည်း လမ်းတွင် မြေပြိုမှုနှင့် ရင်ဆိုင်ရပါက အသက်အန္တရာယ်ရှိနိုင်ကြောင်း ပြောဆိုနေ ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း၏ အလယ်ဘိုတဲအနီးရှိ ချောက်ကမ်းပါးနေရာ တွင် အလားတူ မိုးရွာပြီး မြေပြိုသဖြင့် ကုန်ပစ္စည်းတင်ဆောင်သည့် ကားများနှင့် ခရီးသည်တင်ကားများ တစ်ရက်ကျော်ကြာ လမ်း ပိတ်သွားခဲ့ပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သည့် အဆိုပါတောင်ပေါ်ကားလမ်း မြေသားပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေး တံတားမပိတ်ခင်တွင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုတွင် တလအတွင်း ထိုင်းမှ ကုန် ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၃,၀၀၀ဖိုးအထိရှိပြီး ယမန်နှစ် ဇူလိုင်လက ကုန်သွယ်ရေးတံတား ပိတ်လိုက်သောကြောင့် ထိုင်းမှ မြန်မာပြည်သို့ ကုန်ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀၀ခန့်သာရှိတော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, June 27, 2011

ကာရန်မဲ့မဲ့




ကဗျာမဆန်နိုင်ခဲ့တဲ့
အကျဉ်းတန်လမ်းလေးထက်ဝယ် ….

နက်ဖန်ဆိုဘယ်ကိုပြေးရမှန်း
မနက်စာကို ဘယ်လိုတွေးရမှန်း
အိပ်ရာခင်းဆိုတာ ပင်ရင်းက ရွက်ကြွေတွေပဲကွယ်

ပွင့်လင်းရာသီ - ရောက်ပြီဆိုတာနဲ့
မိစ္ဆာ ရာသီ . စပြီသူငယ်ချင်း ….

ပေါ်တာနဲ့ လုပ်အားပေး - ကြိုက်တာသာရွေးတော့
ကိုယ့်လုပ်စာကိုယ်မစားရ- ပြန်ကြည့်ရင် ဆားတိုင်ဖြစ်မှာမို့
အမောဆို့လည်း မတတ်နိုင်ဘူးသူငယ်ချင်း …..

အိမ်ကြက်ချင်းခွပ်ခိုင်း
ဇိမ်နဲ့ ဒင်းတို့ဝိုင်းလောင်းတယ်
သေကုန်အောင်ခွပ်ကြ
ရှင်ကျန်ရင် ဒင်းတို့ ရှင်းမယ်တဲ့
ပြတိုက်မှာပဲ ထားတော့မယ်တဲ့သူငယ်ချင်းရေ

သူငယ်ချင်း
မင်းလည်းအဝေးမှာ
မျက်နှာရပါ့မလားကွယ်

သူ့ပြည်သူ့မြေ သူ့ဌာနေမှာ
သူ့အခွင့်အရေး ရရှိဖို့ဝေးနေရင်တော့
သူငယ်ချင်းအတွက်လည်း
ငါ့ရဲ့သက်ပြင်းရှည်တွေ ဥသြဆွဲနေမှာပဲလေ….။

သူငယ်ချင်း
ပန်းခင်းလမ်းဆိုတာ
စာအုပ်ထဲမှာပဲနော်
ငါတို့တွေလျှောက်တဲ့လမ်းဟာ
ကြမ်းတမ်းတာမှန်ပေမဲ့
ပရမ်းပတာမဖြစ်ဖို့သတိထားစို့နော်
လမ်းထိပ်ရောက်ရင် အော်ခေါ်ကြမယ်လေ ………။

စောတူလဲမူး
(၁၃-၆-၂၀၁၁) နံနက် (၁း၃၆) နာရီ
World Refugee day အမှတ်တရ ရင်ခုန်သံ

ဆက်ဖတ်ရန်ကျန်သေးသည်.....

Sunday, June 26, 2011

ကရင်လူမျိုးကို မချစ်သော သူငယ်ချင်းအတွက်

http://www.zwekabin.org မှကူးယူဖေါ်ပြသည်။

“အမျိုး မချစ်သော သူငယ်ချင်း”၊ မင်းကို ငါ ဒီလို ခေါင်းစဉ်တပ်ပြီး ခေါ်လိုက်လို့ မင်း အံ့သြသွားမှာ လား။ ငါ့ကို ဒေါသဖြစ်ပြီး ရန်လိုနေမှာလား ဆိုတာ ကိုတော့ မင်းကိုယ်မင်း အသိဆုံးပဲ ဖြစ်မှာပါ။ ငါက လည်း မင်းကို ဒီလိုမျိုး ဂုဏ်ပုဒ် ကြီးကြီးမားမား တပ်ဖို့ မရည်ရွယ် ခဲ့ပါဘူး။ ဒါပေမယ့် ငါ သွားရင်း လာရင်း တခြားသော (တချို့သော) ကရင်လူမျိုး သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ အကြောင်းတိုက်ဆိုင်သွားလို့ မင်းအတွက် ဒီစာကို ရေးဖြစ်သွားတာပါ။

ငါဆုံတွေ့ဖူးတဲ့ ကရင်လူမျိုး သူငယ်ချင်း တယောက်ဆိုရင် ဘယ်လောက်ထိ ဆိုးလဲဆိုတာ မင်းကို ပြောပြမယ်။ (သူ ဆိုးတယ်ဆိုတာ ဆိုးသွမ်းတဲ့ သဘောပြောတာ မဟုတ်ဘူးနော်။ ကိုယ့် ကရင်လူမျိုးကို သူမချစ်လို့ ဆိုးတယ်လို့ ပြောတာ။) ကဲ … အဲဒီ လူရဲ့အကြောင်းကို ပြောရရင် နာမည်က ကရင်နာမည် လှလှလေးကို မှည့်ထားတာ။ နေတာကလည်း ကရင်မြို့ကြီး တမြို့မှာ မွေးဖွား ကြီးပြင်းလာတာ။ သူ့ရဲ့ မိဘတွေက သူ့ရဲ့ အမည်ကို ကရင်အမည်အဖြစ် အကောင်းဆုံးဖြစ်အောင် မှည့်ထားတယ် ဆိုပေမယ့် သူကတော့ ကရင်လူမျိုးတွေ ဘာပဲလုပ်လုပ် လုံးဝ (လုံးဝ) စိတ်မ၀င်စားဘူး။ (ဥပမာ – ငါတို့ ဒုံးအက သင်နေတဲ့ အချိန်၊ ကရင်စာပေ ယဉ်ကျေးမှု သင်နေတဲ့ အချိန်တွေ ဆိုပါတော့ကွာ။

အေး … သူ့ကို ငါ အဲဒီလို ဆုံတွေ့ရတဲ့ အချိန်မှာ သူနဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊ စိတ်သဘောထားပါ တူညီတိုက်ဆိုင်တဲ့ တခါက သူငယ်ချင်းအဖြစ် ဆုံဆည်းခဲ့ဖူးတဲ့ မင်းကို ငါပြန်ပြီး သတိရမိတယ်။ ဘာကြောင့်လဲဆိုရင် မင်းကိုလည်း မင်းရဲ့ အဘိုးက “စ၀်အဲဆိုဒ်” ဆိုတဲ့ “မျိုးချစ်သောလူ” လို့ အဓိပ္ပါယ်ရတဲ့ ကရင်နာမည်နဲ့ မှည့်ထားပေးတယ်။ ဒါပေမယ့် မင်းက ကရင်စကားဆိုရင် “အင်းမေ၀်” (ထမင်းစား) “အ၀်ထီ့” (ရေသောက်) က လွဲပြီး ဘာမှ မပြောတတ်ဘူး။ ငါ အဲဒီလိုပြောခဲ့လို့ မင်းက ငါ့ကို ဒေါသနဲ့ ပြန်ပြီး ပြောလိုက်သေးတယ်။ “ငါ့ မိဘတွေက ကရင်စကားမှ မပြောတာ၊ ငါလည်း ဘယ်ပြောတတ်မလဲ” တဲ့။ အေး … မင်း အဲဒီလို ပြောလို့ ငါ မင်းကို ပြန်ပြောခဲ့တာတွေကို မင်း မှတ်မိသေးလား။ မိဘက ကရင်စကား မပြောတိုင်းနှင့် မင်းက ကရင်စကား မပြောတတ်ဘူးဆိုတာ မဖြစ်သင့်ဘူး။ မင်းကိုယ်တိုင်က ကရင်စကား ပြောချင်စိတ် ရှိတယ်ဆိုရင် ငါတို့ သူငယ်ချင်း ကရင်တွေ အများကြီးပဲ။ ငါတို့တွေ ကရင်စကား ပြောတဲ့အချိန်မှာ မင်းလိုက်ပြောရင် ကရင်စကား မတတ်ဘူးဆိုတာ မရှိပါဘူးကွာ။ မင်းကိုယ်တိုင်က ကရင်စကားကို ပြောတတ်အောင် ကြိုးစားပြီး မသင်တော့ ဘယ်ပြောလို့ ရမှာလဲ။

ငါ ဒီလိုပြောတော့ မင်းက ငါ့ကို ပြောလိုက်သေးတယ်။ ကရင်စကား ပြောတတ်ရုံနဲ့ ကမ္ဘာပတ်လို့ ရပြီလား ဆိုပြီး ငါ့ကို မင်းက လှောင်ပြောင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်သေးတယ်။ အေး … ကရင်စကား၊ ကရင်စာကို တတ်ရုံနဲ့ ကမ္ဘာပတ်လို့ မရပေမယ့် မင်းသာ ကရင်စကား မပြောဘဲ ဒီအတိုင်း ဆက်သွားနေရင် နောင်လာမယ့် မင်းရဲ့ အနာဂတ် မျိုးဆက်ဟာ ကရင်ပါလားဆိုတာ အတိတ်သမိုင်းမှာပဲ ကျန်သွားလိမ့်မယ် သူငယ်ချင်း။ ငါတို့ ကရင်လူမျိုးထဲမှာ မင်းလို စိတ်ထားတွေ၊ စိတ်ဓာတ်တွေနဲ့ပဲ ပြည်နေမယ် ဆိုရင်တော့ “ကရင်” ဆိုတဲ့ လူမျိုးစုကြီးဟာ သမိုင်းစာမျက်နှာပေါ်မှာသာ တွင်ကျန်ရစ်ပြီး အနာဂတ်မှာ တိမ်ကော ပျောက်ကွယ် သွားလိမ့်မယ် ဆိုတာ မင်း အသိတရား ရှိစမ်းပါကွာ။

“ငါ ကရင်လူမျိုးကို ချစ်တယ်ကွ” လို့ ကြွေးကြော်တတ်ပြီး ကရင်စကား မပြောတတ်တဲ့ ကရင်လူမျိုးတွေကို တွေ့တိုင်း ငါပြောမိတာ တခုကတော့ “အေး မင်း ကရင်လူမျိုးကို တကယ်ချစ်တယ်ဆိုတာ မှန်ခဲ့ရင် ကရင်စကားကို တတ်အောင်သင်။ နောက်ဆုံးကွာ။ ကရင်စကားကို မပြောနိုင်ရင်တောင်မှ မင်းရဲ့ ကရင်အမျိုးသား သီချင်းကို မင်းရအောင် ကြိုးစားပြီး ဆိုထားပါ။ မင်းသာ ကရင်အမျိုးသား သီချင်းကို ရထားမယ်ဆိုရင် မင်းကို တခြားလူမျိုးတွေက အကြောင်းတိုက်ဆိုင်လို့ မင်း ကရင်စကားတတ်လားလို့ မေးလာခဲ့ရင် မင်းက ဟာ … ငါ ကရင်စကား မပြောနဲ့၊ ကရင်အမျိုးသား သီချင်းကိုပါ ရတယ်ဆိုပြီး အာမာန်အပြည့်နဲ့ ဆိုပြလိုက်စမ်းပါ။ အဲဒါဆိုရင် မင်းကို သူတို့က အထင်သေးတော့မှာ မဟုတ်ဘူး။ မင်းကို အထင်မသေးမှတော့ မင်းရဲ့ လူမျိုး၊ ငါတို့ရဲ့ ကရင်လူမျိုးကိုလည်း ဘယ်သူမှ အထင်မသေးရဲတော့ဘဲ အထင်ကြီး လေးစား လာလိမ့်မယ်ဆိုတာ မင်းရဲ့ အသိစိတ်ထဲမှာ အမြဲတမ်း ရှိထားမယ်ဆိုရင် မကောင်းဘူးလား သူငယ်ချင်း” ဆိုပြီး ငါ ပြောလေ့ရှိတယ်။

သူငယ်ချင်း၊ နောက်ဆုံး အနေနဲ့ ငါ မင်းကို မှာချင်တာကတော့ မင်းကို မျိုးမချစ်တဲ့ ကရင်လူမျိုးလို့ လူတွေရဲ့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောတာကို မခံရအောင် အနာဂတ်မှာ ကရင်လူမျိုးရဲ့ ဂုဏ်ကို ဆောင်နိုင်တဲ့ ကရင်ဘိုးဘွားတွေရဲ့ ကြိုးပမ်းခဲ့မှုတွေကြောင့် ရရှိထားတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကရင်ရိုးရာ ယဉ်ကျေးမှုတွေကို မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့ သမိုင်းပေး တာဝန်တရပ် အနေနဲ့ မင်းရဲ့ အသိစိတ်ဓာတ်မှာ အမြဲကိန်းအောင်းပြီး ငါတို့နဲ့ အတူတူ စည်းလုံး ညီညွတ်စွာနဲ့ သမိုင်းပေး တာဝန်ကို ကျေပွန်စွာနဲ့ ငါတို့တွေ အတူတကွ ထမ်းဆောင်ကြရအောင်လား သူငယ်ချင်း။

နောင်တချိန်မှာ မင်းဆီကို ငါ စာရေးရင် “ကရင်လူမျိုးကို ချစ်သော၊ ကရင်လူမျိုးတွေရဲ့ မြတ်နိုး ချစ်ခင် လေးစားမှုကို ခံရသော သူငယ်ချင်း” လို့ ခေါင်းစဉ်တပ်ပြီး ငါ ရေးချင်တယ်ကွာ။

မင်းရဲ့ သူငယ်ချင်း

ခလယ်သား စောအဲသမော့

မှတ်ချက်။ ဒီစာကို ကရင်လူမျိုး ဖြစ်ရတာကို ကိုယ့်ကိုယ်ကို ဂုဏ်ယူရမှန်းမသိဘဲ အမြင်လွဲမှားနေတဲ့ ယနေ့ခေတ် ကရင်လူငယ် မောင်မယ် အချို့ကို ဖတ်စေချင်သော ရည်ရွယ်ချက်ဖြင့် ရေးသားရခြင်း ဖြစ်ပါသည်။ အကြောင်းတိုက်ဆိုင်မှုလေး ရှိခဲ့ပါက ခွင့်လွှတ် နားလည်ပေးပါရန်။ (စာရေးသူ)

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) မှ ကရင်သက္ကရာဇ် ၂၇၄၇ ခုနှစ် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် ကရင့်ကြေးမုံစာစောင်မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို

ဇွန်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မွန်ပြည်နယ်၊ ဝေါလေမြို့နယ် ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ ၂၃ရက်နေ့က တောင်ယာသွားရင်း နင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။
ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထိုနေ့မနက်က တောင်ယာသို့သွားစဉ် ရွာ၏အရှေ့တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်နေရာ၌ KNU ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲထားခြင်းအပေါ် KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “မြန်မာအစိုးရကတော့ မီးရထားတွဲမှာ၊ အမှိုက်ပုံးမှာ၊ အိမ်သာထဲမှာ ပေါက်တဲ့ ဗုံးတွေတိုင်း KNU လက်ချက်လို့ စွပ်စွဲပြောနေတာပဲ။ ကျနော်တို့ ကို ဒီလို အခြေအမြစ်မရှိဘဲ စွပ်စွဲတာတော့ ကျနော်တို့ KNU အနေနဲ့ လိုက်ပြီး ဂရုစိုက်စရာ မလိုဘူး။ တကယ်တမ်း ဒီလို ကိစ္စတွေ အဖြစ်အမှန်သိဖို့ ပြည်သူသာ အသိဆုံး ဖြစ်လိမ့်မယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍ အ ပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာ ခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင် ကိုလတ် (ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု ၁၈ရက်နေ့ထုတ် အစိုးရသတင်းစာတွင် စွပ်စွဲဖော်ပြခဲ့သေး သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, June 25, 2011

မြ၀တီ-ကော့ကရိတ်ကားလမ်းတွင် လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဆက်ကြေးတောင်း

ဇွန်လ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


တောင်ပေါ်ကားလမ်းတွင် သွားလာနေသည့် ကားကြီးကားငယ်များ (Photo - KIC)


ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း၌ ယမန်နေ့ နေ့လည်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ က ယာဉ်မောင်းသူများထံမှ ဆက်ကြေးကောက်ခံလျှက်ရှိသည်ဟု ကားမောင်းသူများက ပြောသည်။
မြ၀တီ-ကော့ကရိတ်ကားလမ်း ယာဉ်မောင်းသူတစ်ဦးက “မနေ့ ကားတန်းအဆင်းနေ့ဆိုတော့ နေ့လည် ၁၂နာရီကျော်ကျော်မှာ သူပုန်အဖွဲ့က ကျနော်တို့ ကားသမားတွေဆီကို ငွေတောင်းတယ်။ ကားအမျိုးအစားအပေါ်မှာ ကြည့်ပြီးတော့ ၂သောင်းကနေ ၁သိန်းအထိ တောင်းတယ်။ မနက်ပိုင်းသွားတဲ့ ကားတွေကျတော့ လွတ်သွားတာပေါ့။”ဟု ပြောသည်။
ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသည့် အင်အား ၁၀၀ကျော်ရှိ ၎င်းတပ်ဖွဲ့က ကားသမားများကို အတင်းအဓမ္မ ငွေကောက်ခံခြင်း မဟုတ်သော်လည်း လက်နက်များ ကိုင်ဆောင်ထားသည့်အတွက် ကြောက်လန့်ကာ ပေးရခြင်းဖြစ်ကြောင်း အဆိုပါကားသမားက ပြောသည်။

“အတင်းအကြပ် တောင်းသလောက် ပေးရတာတော့လည်း မဟုတ်ဘူးပေါ့။ သေနတ်တကားကား ကိုင်ထားတော့ ကြောက်လို့ ပေး လိုက်ရတာပေါ့။ တစ်သောင်းရှိရင် တစ်သောင်း။ ၃သောင်းရှိရင် ၃သောင်းပေးလိုက်တာပဲ။ ကျနော်တို့ပြည်သူတွေဟာ ဓါးစာခံပဲ။ သူပုန်အဖွဲ့ကလည်း တောင်းတယ်။ စစ်တပ်ဖက်ကလည်း တောင်းတယ်။ ကြာရင် ဘာမှလုပ်စားကိုင်စားလို့ ရမှာမဟုတ်တော့ဘူး။” ဟု ပြောသည်။
၎င်းငွေကောက်ခံသူများကို တောတွင်းမှ ကရင်လက်နက်ကိုင်အဖွဲ့ဟု ကားသမားများနှင့် ခရီးသည်များက ခန့်မှန်းကြသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်မဟာ(၆)မှ စစ်ကြောင်းမှူး ဗိုလ်ကြီးစောလှမင်းအား ကေ အိုင်စီက ဆက်သွယ်မေးမြန်းရာ ၎င်းက “ကျနော်တို့လူတွေ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ တခြားအဖွဲ့တွေအ ကြောင်းကိုတော့ ကျနော့်မှာ ပြောပိုင်ခွင့်မရှိဘူး။”ဟု ပြန်လည်ပြောဆိုသည်။
ထိုဒေသတွင် နယ်ခြားစောင့်တပ်ကို ငြင်းဆန်ခဲ့သည့် ဗိုလ်မှူးစောကျော်သက် ဦးစီးသော ဒီကေဘီအေ တပ်ဖွဲ့ဝင်များက အစိုးရ တပ်များကို ရှောင်တခင် တိုက်ခိုက်လျှက်ရှိပြီး ပြီးခဲ့သည့် လအနည်းငယ်ကလည်း ၎င်းတို့တပ်ဖွဲ့၏ ရန်ပုံငွေအတွက် ယာဉ်မောင်း သူများ၊ ယာဉ်ပိုင်ရှင်များထံမှ ငွေကြေးကောက်ခံမှု ရှိခဲ့ဘူးသော်လည်း အစိုးရစစ်တပ်နှင့် ရဲဝန်ထမ်းများက တစုံတရာ ဟန့်တားမှု မရှိဘဲ မသိကျိုးကျွံပြုနေကြသည်ဟု ခရီးသည်များက ပြောသည်။
ကိုယ်တိုင်ကြုံခဲ့ဖူးသူ ခရီးသည်တစ်ဦးက “ငွေကောက်တဲ့အဖွဲ့ကလည်း အင်အားအများကြီးပဲ။ ရာနဲ့ချီတယ်။ ဟိုတခါကလည်း အဲလိုငွေကောက်တာကို ရဲဂိတ်၊ စစ်တပ်ဂိတ်တွေက သိပေမဲ့ ဘာမှလည်း မလုပ်ဘူး။” ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့က မြ၀တီ-ကော့ကရိတ်ကားလမ်းတွင် ပြေးဆွဲနေသည့် မှန်လုံကား၊ ၁၂ဘီးကား၊ ဖင်ကောက်ကား စသည့် မော်တော်ယာဉ် အမျိုးအစားအပေါ် မူတည်၍ ယာဉ်ပိုင်ရှင်များအား ကားတစ်စီးလျှင် တနှစ်စာအခွန်ငွေကျပ် ၆သိန်းမှ သိန်း ၆၀အထိ မတ်လအတွင်း မပျက်မကွက် ပေးဆောင်ရန် ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅)တပ် ဖွဲ့က တရားဝင်စာ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ တရားဝင်စာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မြ၀တီ-ကော့ကရိတ်ကားလမ်းတွင် ရက်သတ္တ ၂ပတ်၊ ၃ပတ်လျှင် တစ်ကြိမ်ခန့် ကရင်တပ်ဖွဲ့များဟု ထင်ရသည့်အဖွဲ့များက ယာဉ်မောင်းသူများထံမှ ပုံမှန် ငွေကောက်ခံလျှက်ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သည့် ယာဉ်မောင်းသူများက ပြောသည်။
အချို့ကားသမားများမှာ အဆိုပါ လက်နက်ကိုင်အဖွဲ့ကို ၎င်းတို့ ငွေကြေး ပေးဆောင်လိုက်ရသည့်အတွက် ခရီးသည်များထံမှ ပြန် လည်တောင်းခံခြင်းများလည်း ရှိသည်ဟု သိရသည်။
မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတစ်လျှောက်တွင် အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံတပ်ရင်းများ၊ ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၈)နှင့် တပ်မဟာ(၆) စစ်ကြောင်းတို့ လှုပ်ရှားလျှက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, June 24, 2011

အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား

ဇွန်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရစစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အဇင်းကျေးရွာအခြေစိုက် အစိုးရစစ်တပ်စခန်းတခုအား ကရင်ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်စီးနင်းခဲ့ရာ တွင် တပ်စခန်းထဲမှ စစ်ဗိုလ်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အတွက် ၎င်းစစ်ဗိုလ်ကို ပြန်လွှတ်ပေးရန် ယခုကဲ့သို့ ရွာသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

သူက “စစ်ဗိုလ် ပြန်လွတ်ပေးဖို့အတွက် ရွာသားတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတာပါ။ အခုအချိန်ထိ ဖမ်းထားတုန်းပဲ။ အဲဒီစစ် ဗိုလ်ကို ပြန်မလွှတ်မချင်း ဓါးစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရွာသားတွေကို လွှတ်ပေးမှာမဟုတ်ဘူးလို့ စစ်တပ်က ပြော တယ်။”ဟု ပြောသည်။

အဆိုပါ အစိုးရစစ်တပ်၏ တပ်ရင်းနံပါတ်ကို မသိရှိရသေးသော်လည်း ဖမ်းဆီးထားသည့် အဇင်းရွာသား ၁၀၀ကျော်ကို သီးသန့်နေ ရာတွင် ချုပ်နှောင်ထားပြီး ၎င်းတို့အထဲမှ ရွာသားအချို့မှာ စစ်တပ်၏ ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့ (ကေအိတ်ခ်ျအာရ်ဂျီ)မှ သတင်းပြန်ကြားရေးတာဝန်ခံ နော်ဂေနေဆဲက “အဲဒီကိစ္စကို ကျမတို့ ကြားသိရပါတယ်။ ဒါပေမယ့် အထဲမှာရှိတဲ့ ကျမတို့လူတွေ သတင်းအချက်အလက် မပို့ပေးသေးတဲ့အပေါ်မှာ အသေးစိတ် မပြောနိုင်သေးဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၇ရက်နေ့ကလည်း အဇင်းကျေးရွာအနီးရှိ မယ်တလဲကျေးရွာအနီးတွင် အခြေစိုက်သည့် ခမရ(၂၅၃) တပ်ရင်းအား ဒီကေဘီအေတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်က ကျေးရွာအတွင်းသို့ ၈၁-မမ လက်နက်ကြီးဖြင့် အချက် ၃၀ကျော် ပြန်လည် ပစ်ခတ်သောကြောင့် အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၁၇နှစ်အရွယ် လူငယ်တစ်ဦးနှင့် ၂၅အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စသည့်ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် ရာနှင့်ချီ သည့် အဇင်းရွာသားများ ထိုင်းနိုင်ငံနယ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
http://www.kicnews.org

ဆက်ဖတ်ရန်ကျန်သေးသည်.....

နေပြည်တော်နှင့် မန္တလေးတို့တွင် ဗုံးကွဲ

နေပြည်တော်နှင့် မန္တလေးတို့တွင် ယနေ့ နေ့လယ်၌ တပြိုင်တည်း လိုလို ဗုံးပေါက်ကွဲသည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံးပေါက်ကွဲကြောင်း သိရသည်။



မန္တလေးတွင် ကားဗုံးကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / Facebook)

သပြေကုန်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက “အရမ်းပြင်းတော့ အိမ်အမိုးလန်သွားတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြေးကြလွှားကြနဲ့” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေကျေမှု သတင်းအတိအကျ မသိရသေးကြောင်း၊ လုံထိန်းများနှင့် ရဲများရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားကြောင်း ၎င်းဒေသခံက ပြောသည်။

တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင်လည်း နေလယ် ၁၂ နာရီခန့်က ကားဗုံးတလုံး ပေါက်ကွဲသည်။

ဂျစ်ကားပေါ်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး နှစ်ဦး ဒဏ်ရာရကြောင်း၊ မြို့နယ်အာဏာပိုင်များနှင့် ရဲများ၊ လုံခြုံရေး တာဝန်ရှိသူများ၊ မီးသတ်များက ပေါက်ကွဲမှု ဖြစ်သည့် အနီးတ၀ိုက်ကို ပိတ်ဆို့ထားကြောင်း မန္တလေး ဒေသခံတဦးက ပြောသည်။

“အသံကြီးက ကျယ်တယ်။ ထရန်စဖော်မာ ပေါက်တယ်ထင်တာ။ ဈေးချိုက ဥပုသ်နေ့ဆိုတော့ ပိတ်ထားလို့။ ဖွင့်ရင်တော့ မလွယ်ဘူး” ဟု ဆိုသည်။

ယင်းကားဗုံးပေါက်ကွဲမှုအားသည် ကြီးမားကြောင်း၊ အနီးနား အဆောက်အဦးမှ ပြတင်းပေါက် မှန်များလည်း ကွဲကုန်ကြောင်း သိရသည်။

ယင်းဗုံးပေါက်ကွဲမှုများ ဖြစ်ပြီး မကြာမီတွင်ပင် ပြင်ဦးလွင်မြို့၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး အိမ်ပြိုကျသွားသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော် မြို့မဈေးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရေနီမြို့ အမှတ် ၅ လေ့ကျင်ရေးတပ်နေ အသက် ၃၅နှစ် အရွယ်ရှိ ကိုအောင်ကိုလတ်ကို ဖမ်းဆီးခဲ့သည်။

ထိုသို့ဗုံးပေါက်ကွဲမှုများတွင် မည်သည့် အဖွဲ့အစည်းကမှ မိမိတို့လက်ချက်ဖြစ်ကြောင်း ၀န်ခံခြင်းမရှိသော်လည်း အစိုးရကမူ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အခြားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲရေးသားသည်။
http://www.irrawaddymedia.com

ဆက်ဖတ်ရန်ကျန်သေးသည်.....

Tuesday, June 21, 2011

အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်ပြောဆို

ဇွန်လ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေသည့် မြန်မာအစိုးရတပ်များကို ရိုက်ချိုးနိုင်ဖို့ တိုင်းရင်းသားများ အားလုံး စုစည်းညီညွှတ်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိကြရန် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB က ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ပွဲများသည် တိုင်းရင်းသားများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီ ရေးနှင့် အမျိုးသားတန်းတူရေး စသည့် နိုင်ငံရေးပြဿနာများဖြစ်သော်လည်း မြန်မာအစိုးရသည် စစ်ရေးနည်းဖြင့် ဖြေရှင်းနေ သည့်အတွက် တိုင်းရင်းသားအားလုံးကလည်း ညီညီညွှတ်ညွှတ် ပြန်လည် ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ကြရမည်သာဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

SYCB ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်ဆန်း(Nan San)က “ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ မြန်မာ့အရေး ၀ိုင်းဝန်းကြိုးပမ်းတဲ့နေရာမှာ အပြန်အလှန် အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုနဲ့ ဟန်ချက် ညီညီ အတူတကွ ပူးပေါင်းအလုပ်လုပ်သွားကြဖို့ ရည်ရွယ်ပြီး ဒီကြေညာချက်ကို ထုတ်တာပါ။”ဟု ပြောသည်။
အဆိုပါ ကြေညာချက်၌ မြန်မာပြည်သူများအပေါ် အစိုးရတပ်၏ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေမှု၊ အမျိုး သမီးများအပေါ် အဓမ္မပြုကျင့်နေမှု၊ စစ်ရာဇ၀တ်မှု ကျူးလွန်နေမှုများကို ကုလသမဂ္ဂ အပါအ၀င် အင်အားကြီးနိုင်ငံများအား အိမ်နီးချင်းနိုင်ငံများမှလည်း အရေးယူဆောင်ရွက်ပေးရန်နှင့် တိုက်ပွဲများကြောင့် ကျန်းမာရေး၊ စားဝတ်နေရေး၊ လုံခြုံရေး ဆိုး ၀ါးမှုများနှင့် အိုးအိမ်၊ တောင်ယာများစွန့်ပစ်ပြီး အခက်အခဲကြုံနေရသော စစ်ဘေးဒုက္ခသည်များကို နိုင်ငံတကာမိသားစုများမှ အမြန်ဆုံး အကူအညီပေးကြရန်လည်း တောင်းဆိုထားသည်။
နော်ဆန်းက “လက်ရှိအခြေအနေမှာ ကျနော်တို့ တိုင်းရင်းသားတွေဟာ အာဏာရှင်ရဲ့ သားကောင်တွေဖြစ်နေတယ်။ နောက် တိုင်းရင်းသားရဲဘော်တွေဟာ ရှေ့တန်းမှာ အသက်စွန့်ပြီး နယ်မြေနဲ့ ပြည်သူတွေကို ကာကွယ်နေရတယ်။ သူတို့တွေဟာ ပြည် သူတွေနဲ့အတူ ဆင်းရဲဒုက္ခခံနေရတယ်ဆိုတာ ဖော်ပြတာ ဖြစ်ပါတယ်။”ဟု ဆက်လက်ပြောဆိုသည်။
၎င်းအပြင် စစ်ဘေးဒဏ်ပြည်သူများသည် မိမိတို့ဒေသအတွင်း ပြန်လည်နေထိုင်နိုင်ရေးအတွက် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုအားလုံး ပူးပေါင်းဆောင်ရွက်ပြီး တောင်းဆို တိုက်ပွဲဝင်သွားကြရမည်ဖြစ်ကြောင်းလည်း SYCB က ဆိုသည်။
ကြေညာချက် နိဂုံးချုပ်၌ နှစ်ပေါင်း (၆၀)ကျော်လာသည့် မြန်မာ့ပြည်တွင်းစစ် ပြဿနာမှာ နိုင်ငံရေးပြဿနာဖြစ်၍ နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းရန်နှင့် အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများရှိ ထိုးစစ်နှင့် စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့် ရေးနှင့် တန်းတူဆွေးနွေးအဖြေရှာရေး ပြုလုပ်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်-SYCB ကို ၁၉၉၆ခုနှစ်၊ ဇန်န၀ါရီလ၌ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် တိုင်းရင်းသားလူငယ်အဖွဲ့(၁၅)ဖွဲ့ဖြင့် ထိုင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

နိုင်ငံတကာ ဒုက္ခသည်များနေ့ ကျင်းပ

(ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ကျရောက်သည့် နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်း - မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် ကျင်းပရာ တက်ရောက်လာသည့် မြန်မာဒုက္ခသည် ၂၅၀၀ ခန့်က ထိုင်းအစိုးရ အနေဖြင့် ဒုက္ခသည်များကို နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ စံနှုန်းများနှင့်အညီ ထားရှိပေးရန် တောင်းဆိုခဲ့ကြသည်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ အမှန်တကယ် ဖိနှိပ်ခံခဲ့ရလို့ ဒီဒုက္ခသည်စခန်းကို ရောက်လာတာပါ။ ထိုင်း အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်ပို့ခဲ့မယ်ဆိုရင် ကျနော်တို့ကို သေတွင်းပို့တာနဲ့ အတူတူပဲ။ ထိုင်းအစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေကို သက်ညှာစဉ်းစားပေးဖို့ ပြောချင် ပါတယ်” ဟု အခမ်းအနား တက်ရောက်လာသည့် နာဂတိုင်းရင်းသား တဦးဖြစ်သူ ကိုဖိလစ်ကဆိုသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ကချင်တိုင်းရင်းသား များကလည်း ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ဒေသခံလူထု ဒုက္ခရောက်နေကြသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ ဆန္ဒများကို ပြောဆိုသည်။

ကချင် ဒုက္ခသည်တဦးက “ကချင်အပါအ၀င် တိုင်းရင်းသားတွေကို မတရားထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီစခန်းကနေ တဆင့် နိုင်ငံ တကာက သိရှိအောင် ကျနော်တို့ နှိုးဆော်တာ ဖြစ်တယ်။ နိုင်ငံတကာကလည်း ကချင်မှာ ဖြစ်နေတဲ့ အနေအထားတွေကို ၀ိုင်းဝန်းပြီးတော့ ကန့်ကွက်နိုင်ဖို့အတွက် ကျနော်တို့က ဆန္ဒ ထုတ်ဖော်တာပါ” ဟု ပြောသည်။

မယ်လစခန်းတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထွက်ပြေး ရောက်ရှိလာသည့် ကချင်တိုင်းရင်းသား ၃၀၀ နီးပါးရှိကြောင်း ၎င်းက ဆိုသည်။

ယနေ့ ကျင်းပသည့် အခမ်းအနားကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့ ၁၃ ဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဆိုသည့် မကြာသေးခင်က ထိုင်းအစိုးရ၏ ပြောကြားချက်ကြောင့် ဒုက္ခသည်များအားလုံး စိုးရိမ်ကြောက်လန့် နေကြသည်ဟု လားဟူ ဒုက္ခသည် တဦးက ပြောသည်။

လီဆူး ဒုက္ခသည် တဦးကလည်း “ကျမတို့ရဲ့ အနာဂတ်ဟာ လက်ရှိ အခြေအနေအရ ထိုင်းအစိုးရရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ကျမတို့ မြန်မာဒုက္ခသည် အားလုံးကို လူသားချင်း စာနာစေချင်ပါတယ်” ဟု ဆိုသည်။

မဲဆောက်အခြေစိုက် UNHCR ရုံး၏ လက်ထောက်တာဝန်ခံ Mr. KUL THONG LIM က ဒုက္ခသည် များအား မြန်မာပြည် ပြန်ပို့မည့် အစီအစဉ်သည် ထိုင်းအစိုးရ၏ မူဝါဒ ဖြစ်သော်လည်း ချက်ချင်း အကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း၊ အချိန် ယူရဦးမည် ဖြစ်ကြောင်း ပြောသည်။

သူက “သုံး၊ လေးနှစ်အတွင်းမှာ ဖြစ်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး” ဟု ဆိုသည်။

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် ကရင်၊ ကချင်၊ ချင်း၊ ကယန်း၊ မွန်၊ ပအိုဝ်း၊ နာဂ၊ ရှမ်း၊ လီဆူး၊ လားဟူ၊ ဗမာ၊ ရခိုင် အပါအ၀င် မြန်မာတိုင်းရင်းသား ၅၀၀၀၀ ခန့် နေထိုင်လျှက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့် ရှိသည်ဟု ဒုက္ခသည်များကိစ္စ ဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ မှတ်တမ်းများအရ သိရသည်။
http://www.irrawaddymedia.com

ဆက်ဖတ်ရန်ကျန်သေးသည်.....

ဘုရားသုံးဆူအရေး ဒေသခံနှင့် KNU ဆွေးနွေး

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် တိုက်ပွဲများ မပေါ်ပေါက်စေရေး ကူညီဆောင်ရွက်ပေးရန် ဒေသခံတို့က ကရင်အမျိုးသား အစည်း အရုံး (KNU) ကို ယမန်နေ့က သွားရောက် တောင်းဆိုကြကြောင်း သိရသည်။

ဘုရားသုံးဆူမှ ကျောင်းထိုင်ဆရာတော် ၂ ပါး အပါအ၀င် ဒေသခံ ကရင် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် KNU တပ်မဟာ ၆ တာဝန်ရှိသူများ၏ ဆွေးနွေးမှုမှာ ကျေနပ်ဖွယ် ကောင်းသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ကိုအေးကိုက ပြောသည်။

“ကျနော်တို့ မြို့ အေးချမ်း တည်ငြိမ်ဖို့ ကူညီပါ့မယ် လို့ KNU က ပြောတယ်” ဟု ကိုအေးကိုက ရှင်းပြသည်။

ထို ဒေသခံ ခေါင်းဆောင် ၁၀ ဦးက ဒေသခံ အစိုးရတပ်များနှင့် ဆွေးနွေးခြင်း ရှိမရှိ မသိရသေးပေ။

ဤအတောအတွင်း ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ဘုရားသုံးဆူတွင် နေထိုင်သူ အများအပြား အထူးသဖြင့် လုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

မွန်ပြည်နယ်မှ သွားရောက်သည့် လုပ်ငန်းရှင် တချို့ကလည်း စစ်ဖြစ်မည်ကို စိုး ရိမ်သောကြောင့် နေရပ်ရင်းသို့ ပြန်နေကြကြောင်း ဒေသခံများက ဆိုသည်။

“ကျနော့်ရဲ့ မိသားစုတွေကို မထားတော့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်နိုင်လို့” ဟု ဒေသခံ မွန်တိုင်းရင်းသား တဦး ဖြစ်သည့် နိုင်လင်းမွန်က ပြောသည်။

ယခု ရက်ပိုင်း အတွင်း စစ်ဖြစ်မည်ဟု ယူဆကြသောကြောင့် ဈေးဆိုင်များ ပိတ်ထားကြောင်း၊ ဘုရားသုံးဆူ ဈေးကြီးသည်လည်း ယခင်က ကဲ့သို့ စည်ကားခြင်း မရှိကြောင်း ဒေသခံများ ဆိုသည်။

ဘုရားသုံးဆူ ဒေသခံ တဦးက “တပ်မတော်က မြို့အတွင်းမှာ လုံခြုံရေးတွေ နေရာ အနှံ့ ယူထားတယ်၊ အဲဒီလို ၀င်လာတော့ လူထုက ပိုပြီး ကြောက်သွားသလို ဖြစ်သွားတယ်” ဟု ပြောသည်။

လဆန်းပိုင်းက ဘုရားသုံးဆူမြို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် ကုန်စုံဆိုင် တဆိုင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ထိုသို့ လုံခြုံရေး တိုးမြှင့်လာခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုများတွင် စရဖ တပ်ဖွဲ့ ၀င်တဦးနှင့် ကလေးငယ် တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်။

မီးလောင်ခဲ့သည့် ကုန်စုံဆိုင် အနီးရှိ နေအိမ် ၂ လုံးလည်း အနည်းအငယ် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်း တိုက် ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ထိုဒေသတွင် KNU၊ အပစ်ရပ်အဖွဲ့များ ဖြစ်သော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA အဖွဲ့၊ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ လှုပ်ရှားနေကြောင်း သိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး ဘုရားသုံးဆူမြို့နယ်တွင် အစိုးရတပ်နှင့် DKBA - KNU ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားသောကြောင့် ဒေသခံ ၂၀၀ ခန့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်အများအပြားက DKBA အဖြစ် ပြန်လည် အသွင်ပြောင်းလိုက်ကြသည်။

ထိုဖြစ်ရပ်ကြောင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသတွင်လည်း အစိုးရတပ် နှင့် DKBA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထိုသို့ စစ်ရေး တင်းမာနေချိန်တွင် အစိုးရတပ်များ မြိုင်ကြီးငူဒေသတွင် အင်အား တိုးချဲ့ထားကြောင်း KNU မှ ဒု ဗိုလ်မှူးကြီး စောဖောဒိုက ဧရာဝတီကို ပြောသည်။
http://www.irrawaddymedia.com

ဆက်ဖတ်ရန်ကျန်သေးသည်.....

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

By ဒေါ်ခင်မျိုးသက်
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့်စစ်ပြေးဒုက္ခသည်များ။

ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။ မြန်မာနိုင်ငံထဲကနေ ဒုက္ခသည်တွေ ထွက်လာနေတာ နှစ်ပေါင်း သိပ်ကို ကြာနေပါပြီ။ သူတို့ဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲသာမက တခြား အိမ်နီးချင်း မဟုတ်တဲ့ ဝေးလံတဲ့ နိုင်ငံတွေဆီကိုပါ ထွက်ကြတာပါ။ ရိုဟင်ဂျာလို ဒုက္ခသည်တွေကတော့ သူတို့အသက်ကို ပဓာန မထားဘဲ မြန်မာနိုင်ငံက ထွက်သွားရ ပြီးရော အသက်စွန့်ပြီး ထွက်နေကြပါတယ်။” လို့ ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ စခန်းတွေဖွင့်ပြီး UNHCR က အကူအညီတွေ ပေးနေသလို ထိုင်းနိုင်ငံထဲမှာလည်း ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

“ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ၀င်မ၀င် စစ်ဆေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကုလသမဂ္ဂရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူ ၂၉,၀၀၀ လောက် ကော့က်စ် ဘဇားမှာ ရှိနေပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုရော၊ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ ရနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခန့်မှန်းချက်အရ စာရင်းမရှိဘဲ ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက ၂၀၀,၀၀၀ လောက် ရှိနေပါတယ်။” လို့ ပြောသွားပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ အနေနဲ့ သူတို့ကို နှိပ်စက် သတ်ဖြတ်မယ့်သူ မရှိတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို မကြောက်ကြရပေမဲ့ ကိုယ့်အိုးကိုယ့်အိမ် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြသူတွေမို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မကြာခင်ကမှ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံရသူကလည်း သောင်းဂဏန်းအထိ ရှိနေပြီလို့ KNG ကချင်သတင်းဌာန တာဝန်ခံ ကိုနော်ဒင်းက ပြောပါတယ်။

“ဒုက္ခသည်တွေက စာရင်းအရ ဆိုရင်တော့ ၁၀,၀၀၀ ကျော် ရောက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ အခုချိန်မှာ ၂၀,၀၀၀ ကျော် ရှိပြီ။ အထူးသဖြင့် အစိုးရ ထိန်းချုပ်တဲ့ ရပ်ရွာကနေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေတဲ့ အရေအတွက်က တိုးလာတာကို တွေ့ရတယ်။ တရုတ်နယ်စပ်ဘက်မှာ ဆိုရင်တော့ နိုင်ငံတကာရဲ့ ကူညီ စောင့်ရှောက်မှုတွေလည်း ကောင်းကောင်းမရဘဲ အခုဆိုရင် စစ်ပွဲတွေက ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အတော်လေး ဒုက္ခရောက်မယ့် အခြေအနေတွေ ရောက်နေတယ်။

“အကောင်းဆုံးကတော့ မြန်မာပြည် နိုင်ငံရေး ပြေလည်မှုသာ မရှိရင် ဒုက္ခသည် စခန်းတွေကို တရုတ်နယ်စပ်ဘက်မှာ တရုတ်အစိုးရ ခွင့်ပြုပြီး ဒုက္ခသည်စခန်း ဖွင့်ပြီးမှ ဒုက္ခသည်တွေကို နေရာချထားခြင်း အားဖြင့်သာလျှင် သူတို့ကို ကူညီလို့ရမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

အခုနောက်ဆုံး မြန်မာနိုင်ငံထဲက ထွက်လာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ပေးဖို့ ကချင်တိုင်းရင်းသားတွေဘက်က လိုလားနေသလို ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးဖို့ အသင့်ပဲလို့ မစ်စ် မက်ကင်ဆီက ပြောပါတယ်။

“ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘယ်အစိုးရကပဲ အကူအညီတောင်းတောင်း ကျမတို့က ပေးဖို့ အမြဲအသင့်ပါ။ တကယ်လို့ တရုတ်နိုင်ငံက သူ့နယ်စပ်မှာ အကူအညီပေးဖို့ တောင်းလာရင် ပေးဖို့ အသင့်ပါ။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက နယ်စပ်မှာ ၀နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထွက်ပြေးလာခဲ့တုန်းကတော့ အကူအညီ မတောင်းခဲ့သလို အဲဒီနေရာတွေကို ကျမတို့ကို သွားခွင့်လည်း မပေးခဲ့ပါဘူး။” လို့ မစ်စ် မက်ကင်ဆီက ပြောသွားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ မြန်မာဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေမှာ အခြေချပြီး နေနိုင်အောင်အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။
http://www.voanews.com

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, June 20, 2011

နန့်ဇိုယာဖန်းနှင့်ဆက်သွယ်မေးမြန်းချက် အပိုင်း(၁၊ ၂)



ဆက်ဖတ်ရန်ကျန်သေးသည်.....

Sunday, June 19, 2011

ငွေပေး၍ ဗုံးခွဲရန် ခိုင်းစေဟု အစိုးရ စွပ်စွဲချက်အပေါ် KNU ငြင်းဆို

ဇွန်လ ၁၉ရက်။ စောခါစူးညား (ကေအိုင်စီ)


ပြည်သူများကို ငွေကြေးမက်လုံးပေး၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗုံးခွဲခိုင်းရန် ခိုင်းစေနေသည်ဟု ယနေ့ထုတ် မြန် မာအစိုးရပိုင် သတင်းစာ၏ စွပ်စွဲဖော်ပြထားချက်အပေါ် မဟုတ်မှန်ကြောင်း KNU က ငြင်းဆိုတုံ့ပြန်လိုက်သည်။

ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာ ခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင်ကိုလတ်(ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြချက်ကို ကေအဲန်ယူက ငြင်းဆိုလိုက်ခြင်းဖြစ် သည်။

KNU ဒု-ဥက္ကဌ စောဒေးဗစ်သကဘောက “ဒါတွေဟာ သူတို့ မတရား လုပ်ကြံအကွက်ဆင်တာ ဖြစ်တယ်။ လုပ်ကြံဝါဒဖြန့်တာ လည်း ဖြစ်တယ်။ ကျနော်တို့ KNU မှာ အကြမ်းဖက်တဲ့ ပေါ်လစီ မရှိဘူး။ ဒါ ရှင်းရှင်းလေးပဲ။ ဒီလို မတရားစွပ်စွဲမှုတွေဟာ ဟိုး နေ၀င်း(အာဏာရှင်ဟောင်း) လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ။ ဒါသူတို့လုပ်နေကျ ဇာတ်ကွက်တစ်ခုပဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ သူက “မြန်မာစစ်အစိုးရဟာ မဟာဝါဒကို စွဲကိုင်ထားတာဖြစ်တဲ့အတွက် အာဏာတည်မြဲဖို့ ဒီလို လုပ်ကြံဝါဒဖြန့် တာတွေက လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ။ အခု ကချင်မှာ ဖြစ်တဲ့ကိစ္စဟာလည်း လူတွေကို အာရုံပြောင်းဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။”ဟု သုံးသပ်ပြောဆိုသည်။

အစိုးရသတင်းစာက သန့်စင်ခန်းအတွင်း ဗုံးလာရောက်ထားရှိသူ အောင်ကိုလတ် (ခ) အောင်ကြီးသည် KNU တပ်မဟာ(၂)မှ ဖောက်ခွဲရေး တာဝန်ခံတစ်ဦးနှင့် သုံးကြိမ်ခန့် တွေ့ဆုံခဲ့ပြီးနောက် အခကြေးငွေ တစ်သိန်းအရင်ယူထားကာ နေပြည်တော်တွင် ဗုံးဖောက်ခွဲရန် စီစဉ်ခဲ့ကြောင်း ဖော်ပြထားသော်လည်း KNU တပ်မဟာ(၂)မှ ဗုံးဖောက်ခွဲရေးတာဝန်ခံ၏ အမည်နှင့် မည်သည့် တပ်ရင်းမှ ဖြစ်သည်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။

အစိုးရသည် မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်တိုင်း KNU လက်ချက်ဟု စွပ်စွဲပြောဆိုလေ့ရှိပြီး မေလ ၁၈ရက်နေ့က တပ် ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာနှင့် ဆင်သေဘူတာအကြား ပြည်သူ ၂ဦးသေဆုံး၍ ၉ဦး ဒဏ်ရာရရှိခဲ့သည့် မီးရထားပေါ်မှ ဗုံးပေါက် ကွဲမှုတွင် KNU က ခိုင်းစေခဲ့သည့် ကျော်ဒီ (ခ) မာရီနိုဆိုသူကို ဖမ်းဆီးမိထားသည်ဟုလည်း အစိုးရသတင်းစာတွင် ဖော်ပြထား သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Saturday, June 18, 2011

ကချင်သို့စစ်ကူသွားမည့် ချင်းပြည်က မြန်မာအစိုးရစစ်သားများသယ်ဆောင်သည့်ကားမှောက်

ကချင်ပြည်သို့ စစ်ကူအဖြစ်သွားရောက်ကြမည့် ချင်းပြည်နယ် မှ မြန်မာအစိုးရစစ်သားများသယ်ဆောင်သော ဘာစ်ကား တစီး ဇွန်လ ၁၄ ရက်နေ့က တိမ်း မှောက်သောကြောင့် စစ်သား ၄၀ ဦး ဒါဏ်ရာ ရရှိပြီးနှစ်ဦး ဆုံးသွားကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တပ်များ တိုက်ပွဲဖြစ်ပွားရာ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်သို့ စစ်ကူအဖြစ်ပို့ဆောင်မည့် ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သား အင်အား ၈၀ ခန့်သယ်ဆောင်လာသော ရွေခြင်္သေ့ ဘာစ်း ကားသည် စစ်ကိုင်းတိုင်း ကလေးမြို့မရောက်မီ မိုင် ၄၀ ခန့် ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့ပြီး ပေ ၂၀၀ အထိလိမ့်ဆင်းသွားသည်ဟုဒေသခံတဦးကဆိုသည်။

ဒါဏ်ရရ စစ်သားများကို ကလေးမြို့ အောင်သစ္စာရပ်ကွက်၊ ခလရ ၈၉ အနီးတပ်မတော်ဆေးရုံတွင် ပြုစုကုသနေ ကြ ကြောင်း စစ်သား နှစ်ဦးသည်ဆေးရုံရောက်မှ ဆုံးသွားခြင်းဖြစ်ပြီး အရာရှိ တချို့ လည်းဒါဏ်ရာပြင်းထန်ကြောင်း သိရ သည်။

ဟားခါးမြို့ တပ်မိသားစုအသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသူတဦးက အဆိုပါစစ်သားများသည် ကချင်ပြည်နယ်သို့ စစ်ကူ အဖြစ်ပို့ဆောင်မည့်စစ်သားများဖြစ်သည်ဟုပြောသည်။ သို့သော်လည်း ခိုနူမ်းထုန်အနေဖြင့် သီးခြားအတည်ပြုချက် မရရှိနိုင်သေးပေ။

ကားဒရိုင်ဗာ ပါထန်းဆိုသူသည် အပြင်းအထန်ဒါဏ်ရာ ရသွားသဖြင့် မည်သို့ကားမှောက်ရသည်ကို အသေးစိပ် မသိရှိ နိုင်သေးကြောင်း၊ ဘာစ်ကားသည်ရစရာမရှိအောင်ပျက်စီးသွားသည်ဟု ဒေသခံ မျက်မြင်တဦးကပြောသည်။

အဆိုပါဘာစ်ကားသည် စစ်သားများပို့ဆောင်ရန် ချောဆွဲထားသော ပုဂ္ဂလိကပိုင်ဘာစ်ကားဖြစ်သည်ဟုဟားခါးဒေသခံ တဦးကပြောသည်။

“ စစ်သားတွေဟာ ဟားခါး- ကလေးမြို့ပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင်ရွှေခြင်္သေ့လိုင်းကားကို ချောဆွဲကြတယ်၊ သူတို့က လက်နက်အပြည့်အစုံနဲ့ပေါ့ ၊ဗိုလ်မှူးကြီးတဦးလည်းပါတယ်” ဟု သူကပြောသည်။

မြန်မာစစ်အစိုးရ နှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွား ခဲ့ ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ဝိုင်းမော် တို့မှ ရွာသားများသောင်းချီ တရုတ် နယ်စပ်ဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နှင့် မြန်မာစစ်အစိုးရတို့ ၁၇ နှစ်အကြာငြိမ်းချမ်းရေးယူပြီးနောက် တိုက်ပွဲ များပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
http://khonumthungburmese.org/?p=1401

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကျနော်နှင့်ကရင်ပညာတတ်မိတ်ဆွေများ

ဆောင်းပါး - ဖူးဒို


ကျနော် ငယ်စဉ်က ရည်ရွယ်ချက်တခုရှိပါသည်။ အရွယ်ရောက်သည့်တနေ့ တိုင်းပြည်နှင့် လူမျိုးတွက် ပေးဆပ်ရန် တော်လှန်ရေးတပ်သို့ ၀င်ရောက်မည်ဟု မိဘတွေကို ကြိုပြောထားပါသည်။ မိဘကတော့မတား၊ သို့သော်ကြုံ တွေ့ရမည့် အခြေအနေများကို နားလည်အောင် ကြိုပြောထားသည်။ အဖေပြောသည့်အတိုင်း အထက်တန်းကျောင်းသားဘ၀တွင် ဟင်းရှိသော်လည်း ထမင်းကိုဆားနှင့် စားကျင့်ခဲ့သဖြင့် ခံနိုင်ခဲ့ပါသည်။ လူပျိုပေါက် ကျောင်းသားဘ၀တွင် မိမိရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ငယ်စဉ်ဘ၀မှ မြင်တွေ့လာနေရသော အာဏာရှင် စစ်တပ်၏ နှိပ်စက်မှုများကို ခုထိမေ့မရ။ မေ့မရအောင် အာဏာရှင်စစ်တပ်က ယနေ့ထက်တိုင် တိုင်းရင်းသားများကို နှိပ်စက်တုန်း။

တော်လှန်ရေးကာလ လူအမျိုးမျိုးနှင့် ဆက်ဆံခဲ့ရသော ကျနော်၏ အတွေ့အကြုံများကို ရေးချင်လာပါသည်။ သို့သော်လည်း ဤစာသည် ရိုက်ပေါက်ဖြစ်နိုင်၏။ ကျနော် အားမလို အားမရခဲ့သော အပေါင်းအသင်းအချို့၏ အကြောင်းဖြစ်သည့်အားလျှော်စွာ လူအများနှင့် တိုက်ဆိုင်သည်များ ရှိနိုင်သောကြောင့်ပေတည်း။ တိုက်ဆိုင်မှုရှိနိုင်မည်ဆိုပါက ဤစာအား နောက်တပိုဒ်ထက်ပိုမဖတ်ရန် ကြိုတင် မေတ္တာရပ်ခံထားပါသည်။

ပညာတတ်အမျိုးစား ၁

ပညာသင်ပြီးခါစ ပြည်တွင်းမှနေပြီး အမျိုးသားရေးကို စတင်ထမ်းရွက်ပါသည်။ ကျွန်တော်၏ သူငယ်ချင်းအချို့မှာ တခါတည်း တောထဲသွားပြီး တော်လှန်ရေးတပ်သို့ ၀င်ရောက်သူများရှိသလို ပြည်တွင်းမှနေပြီး တတ်နိုင်သလောက်ပေးဆပ်သူများ ရှိပါသည်။ သို့သော် ကျနော်၏ သူငယ်ချင်းအများစုမှာ- “သူငယ်ချင်း ဆန္ဒသိပ်မစောနဲ့အုံး၊ ဒီအာဏာရှင်အဖွဲ့တွေက လူလိုမဟုတ်ဘူး၊ သိတာနဲ့ အမေးအမြန်းမရှိ တခါတည်းနှိပ်စက်ရုံမက ရှိနေတဲ့ မိဘ မိသားစုတွေပါ ဒုက္ခရောက်နိုင်တယ်။ မျိုးချစ်စိတ်က ငါ့ရင်မှာအပြည့်ဘဲ။ အချိန်မရွေး ဒီသွေးကိုဖောက်ကြည့် နီနေရမယ်။ အခြေမနေပေးတာနဲ့ လှုပ်ရှားပြီးသားဘဲ”

လက်ရှိအခြေအနေမှာ လှုပ်ရှားနိုင်သည်များကို ပြောပြသော်-

“ငါကဒီထက်ပိုထိရောက်အောင်လုပ်ချင်တာ၊ ဒါကတော့ထားလိုက်၊ သိပ်မထိရောက်ဘူး၊ ငါက တခါတည်းအပြတ်ချချင်တာ။ ခု ဒီအစိုးရအောက်က လွတ်အောင် ကြိုးစားလိုက်အုံးမယ်။ ဒီကြားထဲ မိဘကို ကျေးဇူးဆပ်လိုက်အုံးမယ်။ ငါအစီအစဉ်ဆွဲပြီးသား။ ခဏလေးစောင့်၊ ပြီးရင် ငါ မင်းနဲ့အတူ အပြတ်ချမယ်”

ကျွန်တော်ချပြသော အလုပ်က အောက်ခြေအလုပ်ဖြစ်သလို မိသားစုအခြေအနေက ရှိသေးတော့ ဘာမှမပြောတော့ဘဲ အပြတ်ချမယ်ဆိုသော သူ့စကားဖြင့် နှစ်သိမ့်ခဲ့ရပြီး လက်လျှော့ပြန်ခဲ့ရပါသည်။ ဟုတ်လည်းဟုတ်တာဘဲ။ ဘွဲ့ရဆိုတော့ အောက်ခြေအလုပ်ကို လုပ်ချင်စိတ်မရှိသလို စစ်ဘီလူးများ၏ ရက်စက်မှုကလည်း ရှိနေ တာကိုး။

ပညာတတ်အမျိုးစား ၂

ပညာတတ်အမျိုးစား ၁ ၏ အခြေအနေကျော်လွန်ခဲ့သော သူငယ်ချင်းကို တွေ့သော် အားရ၀မ်းသာဖြင့် စည်းရုံး ပါတော့သည်။ အမျိုးစား ၂ မှာ ပြည်ပတွင်ရောက်ရှိနေသာ သူငယ်ချင်းများဖြစ်ပါသည်။ သူပြန်ပြောသည်မှာ-

“သူငယ်ချင်း ဆန္ဒသိပ်မစောနဲ့အုံး၊ ငါအခုထွက်လာတာ အကြွေး xxxx သိန်းတင်ခဲ့တယ်။ ဒီအကြွေးတွေကို အရင်ရှင်းလိုက်အုံးမယ်။ ပြီးရင်ငါတခါတည်း အပြတ်ချမယ်။ မျိုးချစ်စိတ်က ငါ့ရင်မှာအပြည့်ဘဲ။ အချိန်မရွေး ဒီသွေးကိုဖေါက်ကြည့် နီနေရမယ်။ အခြေမနေပေးတာနဲ့ လှုပ်ရှားပြီးသားဘဲ” ဟုတ်လည်းဟုတ်ပါသည်၊ ယူထားသောအကြွေးကို ဆပ်ရန်အရေးကြီးသည်ဘဲ။ အကြွေးဆပ်ရင်း လုပ်နိုင်သော အမျိုးသားရေး အလုပ်များကို ပြောပြသော်- တယောက်က “ ဒါတွေဟာလူကြီးတွေ လုပ်ရမှာ သူတို့ကိုသွားပြော”

နောက်အရွယ်ရောက်သူမိတ်ဆွေကမှု-

“ ဟာ.. ဒါက မင်းတို့လူငယ်တွေ လုပ်ရမှာ၊ လူငယ်တွေအများကြီးရှိတာဘဲ သူတို့ကိုသွားပြောလိုက်”

နောက်တယောက်ကမူ- “ ဒါတွေက အရေးမကြီးပါဘူး၊ လုပ်နေတဲ့လူတွေရှိပါတယ်။ ငါကအလုပ်ပင်ပန်းတယ်ကွာ။ အားတဲ့ အချိန်လေးတော့ နားပါရစေ၊ ပြီးတော့ဒီနေ့ဘော်လုံးပွဲကလည်း အရေးကြီးနေတယ်”

တချို့ကလည်း- “ ငါကဒါတွေနားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး”

“ ဟေ့- ငါကတော့နိုင်ငံရေးနဲ့လုံးဝမပတ်သက်ချင်ဘူး”

“ ငါ့ရည်းစားနဲ့ချိန်းထားတယ်၊ ဒီနေ့တော့မအားဘူး”

“ ငါနောက်နှစ် မင်္ဂလာဆောင်မှာမို့ အလုပ်ပိုလုပ်နေရတယ်၊ အချိန်လည်းမပို ငွေလည်း လိုနေတယ်။ ငါ့ကိုနားလည်ပေးပါကွာ”

“ Shopping Centre မှာ promotion လုပ်နေတယ်။ အဲဒါသူငယ်ချင်းတွေနဲ့ချိန်းထားတယ်။ နင်လဲလိုက်ခဲ့ပါလား။ နောက်အားတဲ့နေ့ကြမှ လူမျိုးရေးဆွေးနွေးကြတာပေါ့”

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။

ပညာတတ်အမျိုးအစား ၃

ဤအတန်းကားအမျိုးစား ၂ ကိုကျော်လွန်လာသော အကျနုပ်၏ မိတ်ဆွေများပင်။ တွေ့သည်နှင့် အားရ၀မ်းသာ စည်းရုံးတော့၏။ တယောက်က ပြန်ပြောသည်မှာ- “သူငယ်ချင်းခဏလေးစောင့်၊ ငါလှုပ်ရှားတာ ဗမာစစ်အစိုးရသိသွားရင် ငါကဘာမှ မဖြစ်ပေမယ့် မြန်မာပြည်မှာ ငါ့မိသားစုရှိသေးတယ်။ ငါသူတို့ကိုခေါ်ထုတ်ပြီးတာနဲ့ မင်းနဲ့ အတူ တကယ်လုပ်မယ်”

မိသားစုနှင့်အတူ ပြည်ပတွင်နေထိုင်သော သူငယ်ချင်းက- “ သူငယ်ချင်း ခဏလေးစောင့်၊ ငါ့အခြေအနေမခိုင်သေးဘူး။ နောင် ၂ နှစ်ပြည့်ရင် ဒီနိုင်ငံမှာ အမြဲတန်းနေထိုင်ခွင့် (Permanent Residency) လျှောက်လိုက်အုံး မယ်။ အဲဒါရရင် ငါအပြတ်ချမယ်။ ငါမလုပ်သေးပေမယ့် ရင်ထဲမှာ (ရင်ဘတ်တီးလျှက်) မျိုးချစ်စိတ်အပြည့်ပါ”

လက်ရှိအခြေအနေရ သူတို့လုပ်နိုင်သည်များကိုချပြသော်-

တဦးက “ ငါ ဒါတွေမလုပ်တတ်ဘူး”

နောက်တဦးက “ ဒါလေးနဲ့ Risk မယူနိုင်သေးဘူး၊ ငါသံရုံးကိုလည်းသွားရတယ်၊ မြန်မာပြည်လည်း ခဏပြန်လည်အုံးမယ်၊ ဒီအလုပ်လေးက ဘာမှမဟုတ်ပေမယ့် အန္တရာယ်ရှိတယ်။ နားလည်ပေးပါကွာ”

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။

ပညာတတ်အမျိုးစား ၎

အမျိုးစား ၃ ကိုကျော်လွန်လာပြီး လက်ရှိပြည်ပနိုင်ငံတခုတွင် အမြဲတန်းနေထိုင်ခွင့် (Permanent Resident) ရရှိထားသော ကျနော့် မိတ်ဆွေ ပညာတတ်များဖြစ်ပါသည်။ ဒီတခါတော့သေချာပြီဟုတွက်လျှက် အားရ ၀မ်းသာ စည်းရုံးပါတော့သည်။

ပထမတဦးက- “ သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ခလေး စရိတ်၊ ကျောင်းစားရိတ်နဲ့ ပတ်ချာလည်ရိုက်နေတယ်။ ခုတောင် အငယ်ကောင်လေးကို ကျုရှင်အပြည့်မထား နိုင်သေးဘူး။ ငါ့လူမျိုးတွေကို ငါမမေ့ပါဘူး၊ ရင်ထဲမှာအမြဲသတိရနေပါတယ်။”

နောက်တဦးက- “အပြင်ခေါ်ထုတ်လျက် သူငယ်ချင်းရော့ ၅၀ ယူသွား။ မင်းတို့ရန်ပုံငွေအတွက်။ နောက်ခါ ဒီကိစ္စကို အိမ်မှာ လာမပြောနဲ့၊ ငါ့မိန်းမက အရမ်းကြောက်တတ်တာ။ နားလည်းပေးပါကွာ”

နောက်တဦးကမူ- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါအခုဒီမှာ နိုင်ငံသား (Citizenship) ကို နောင်နှစ်ထဲမှာ လျှောက်မလို့။ ဒါကြောင့် Citizenship ရတဲ့အထိ ငြိမ်ငြိမ်လေးနေပါရစေ။ နို့မဟုတ်ရင် အဲဒီမှာ ငြိသွားရင်မလွယ်ဘူး၊ Citizenship ရရင် ငါ့လူမျိုးတွက် လုပ်ပြီးသား”

နောက်ဆုံးတဦးက- “သူငယ်ချင်း အမျိုးသားရေးကိုတော့ အားပေးပါတယ်။ ဒါပေမယ့် ငါက ဘာမှမလုပ်တတ်ဘူး။ ပြီးတော့လည်း အန္တရာယ်ကလည်း ရှိသေးတယ်။ နည်းနည်း Safe ဖြစ်လာမှဘဲ ငါကိုယ်တိုင်လိုက်မယ်။”

သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။ ရင်ထဲမှာ ပြောစရာစကားများ ရှိနေသော်လည်း မပြောလိုတော့ပါ။ အမျိုးသားရေးသည် တော်လှန်ရေးဖြစ်သလို တော်လှန်ရေးသည်လည်း ပန်းခင်းလမ်းလည်းမဟုတ် ခရောင်းတောလမ်းလည်း မကပါ။ တော်လှန်ရေးသည် ခရောင်းတောလမ်းထက် ကြမ်းတမ်းသောလမ်းဖြစ်သလို တိုင်းပြည်နှင့်လူမျိုးတွက် အနစ်နာခံရသည့်နည်းတူ သာယာဖြောင့်ဖြူးပြီး လုံခြုံစိတ်ချရသော လမ်းမဟုတ်ပါ။

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ခဲ့ရပါသည်။

ပညာတတ်အမျိုးစား ၅

အဆင့် ၄ ကိုကျော်လွန်ပြီး မြန်မာနိုင်ငံသားကို စွန့်လွှတ်လျှက် ရောက်ရှိနေသောနိုင်ငံတွင် နိုင်ငံသားခံယူခွင့် ရရှိထားသော ကျနော်၏ မိတ်ဆွေပညာတတ်များဖြစ်သည်။ ဒီတခါတော့ သေချာပြီပေါ့။ Appointment လုပ်ပြီး အားရ၀မ်းသာ သွားစည်းရုံးပါတော့သည်။ ပထမတဦးက-

“သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ အခုငါအိမ်ဝယ်ထားတယ်၊ အရစ်ကျပေးစနစ် Installment နဲ့ဝယ်ထားတယ်၊ ကားဖိုးကလည်းမကျေသေးဘူး။ အခုအကြီးကောင်ကလည်းတက္ကသိုလ်ဝင်တန်းဖြေရမယ်ဆို တော့ အရေးကြီးနေတယ်။ ချာလပတ်လည်ရမ်းနေတယ်။ ငါအချိန်မပေးနိုင်သေးဘူး။ အလုပ်ပိုလုပ်နေရတယ်။ ငါ့လူမျိုးအခြေအနေ ငါသိပါတယ်။ ဒီမှာလှုပ်လို့မရလို့ပါ။ နားလည်ပေးပါသူငယ်ချင်းရာ”

ဒုတိယတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါအခု Master / Phd တက်နေတယ်။ ကျောင်းစာကလည်းများ၊ အလုပ်လည်း မလုပ်နိုင်တော့ ဘဏ်မှာ Loan ယူထားရတယ်။ ဒါပြီးရင် ငါ့လူမျိုးတွက် အပြတ်ချမယ်”

ကျောင်းပြီးလို့သွားစည်းရုံးပြန်သော်-

“ သူငယ်ချင်းခဏလေးစောင့်၊ ကျောင်းတက်တုန်းယူထားတဲ့ Bank Loan ဆပ်ဖို့လုပ်နေရတယ်။ အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်ဖိုးလည်းမကျေသေးတော့ အခု တပတ် ၆ ရက် အလုပ်လုပ်နေရတယ်။ ဒီအကြွေးလေးကျေ ရင်အဆင်ပြေပါပြီ”

တတိယတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါ့အလုပ်အပြာင်းအလဲဖြစ်တယ်။ ကြားထဲမှာ အလုပ်ရှာတာ တလခွဲကြာသွားလို့ အကြွေးတင်သွားတယ်။ ပြီးတော့ ဒီနှစ်ထဲမှာလည်း သားကြီးက မင်္ဂလာဆောင်ဖို့ရှိတော့ အကုန်အကျများနေတယ်။ အဲဒါတွေကာမိဖို့ အလုပ်ပိုလုပ်ရတော့ အချိန်မရှိဘူးဖြစ်နေတယ်။ ငါ့ကိုနားလည်ပေးပါသူငယ်ချင်းရာ”

စတုထ္ထတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါ့မိန်းမ ခုဘဲဆေးရုံဆင်းလာတယ်။ ခုသူ့ကို အနီးကပ် ပြုစုနေရတယ်။ ဖြစ်နိုင်ရင် ဒီကိစ္စ အိမ်မှာလာမပြောပါနဲ့။ ငါ့သမီးက သူ့အမေလိုဘဲ ရှုပ်ရှုပ်ရှက်ရှက်ဆို မကြိုက်ဘူးကွာ။ ငါ့မိန်းမနေကောင်းလာရင် ငါပါဝင်ပါ့မယ်။ လောလောဆယ်တော့နားလည်ပေးပါ ကွာ။ ငါ့လူမျိုးကို ငါချစ်ပါတယ်။ ငါ့မမေ့ပါဘူး။ ဘုရှားရှိခိုးတိုင်းသတိရပါတယ်။”

ပဉ္စမတဦးက- “ သူငယ်ချင်း ငါတို့လူမျိုးတွက် မင်းဆောင်ရွက်တာ ကျေးဇူးတင်တယ်။ ဂုဏ်လည်းယူတယ်။ ငါအခုအသက်ကြီးလာတော့ အရင်လိုမသွက်လက်တော့ဘူး။ကျန်းမာရေးကလည်း မကောင်းတချက်ကောင်း တချက်နဲ့ ဘယ်လောက်ထိနေရမယ်တောင် မသိဘူး။ ခုတောင် ပင်စင်သွားခါနီး တတ်နိုင်သလောက် အလုပ် ကြိုးစားဆင်းနေရတယ်။ ငါ့ကို နားလည်ပေးပါကွာ”

နောက်ဆုံးတဦးက- “ သူငယ်ချင်း လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါအခုဝင်ငွေက ပင်စင်လစာ ဘဲရှိတယ်။ ခုအိမ်မှာ မြေး ၂ ယောက်နဲ့ဘဲ အချိန်ကုန်တယ်။ အမေအဖေ ၂ ယောက်လုံးက အလုပ်လုပ်တော့ ငါတို့ အဖိုးအဖွား ၂ ယောက်ဘဲ ထိန်းနေရတယ်။ မင်းပြောသလို အမျိုးသားရေးတွက် စာသွားသင်ဖို့တောင် မျက်စိကလည်းမကောင်း ပြီးတော့ ရင်ကျပ် နဲ့ နှလုံးကလည်းတခါတခါဖောက်လာတယ်။ ငါတို့ကိုနားလည် ပေးပါကွာ။ ပြီးတော့လည်း အားရင်ခဏခဏ လာလည်ပေးပါကွာ။ ခုထက်ထိ မျိုးချစ်စိတ် ငါ့ရင်ထဲမှာအပြည့်ရှိပါတယ်။ ဒါပေမဲ့အခြေအနေက မင်းမြင်တဲ့အတိုင်းဘဲလေ”

နောက်ဆုံးတော့ ကျွန်တော် ဖူးဒို တယာက်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။ကျနော့်မှာ စည်းရုံးစရာလူမရှိပြီ။ ကျနော်နှင့်အတူ အမျိုးသားရေးတွင် တက်ကြွစွာ အနစ်နာခံလျက် ပါဝင်သူများမရှိတာတော့မဟုတ်ရှိပါသည်။ သို့သော်ကရင်လူမျိုး တသောင်းကျော်ရှိသော ကျနော်တို့ဒေသတွင်အမျိုးသားရေးတွက် ပါဝင်ဆောင်ရွက်သူ ၅၀ မျှမပြည့်။ ရာခိုင်နှုန်း နှင့်တွက်လျှင် ၀.၅ ရှိသဖြင့် အင်မတန်နည်းနေ၏။

ကရင်လူမျိုးသန်းနှင့်ချီရှိ၏။ သို့သော်တော်လှန်ရေးအင်အားမှာ သောင်းဂဏန်းသာရှိသည့်ပြင် အဲဒီသောင်းဂဏန်းရှိသော တော်လှန်ရေးအင်အားစု ကို ကျန်ပြည်သူများက ထမင်းဝအောင်မကျွေးနိုင်။

အမျိုးသားချစ်စိတ်မရှိဟု ပြောမိပါက စိတ်ဆိုးမာန်ဆိုးဖြင့် ရင်ဘတ်ကိုတီးလျှက် အမျိုးသားချစ်စိတ် အပြည့်ရှိကြောင်းပြန်ပြောတတ်၏။ မိမိအခြေအနေကို ခိုင်မာအောင်တည်ဆောက်ပြီးမှ၊ မိမိ ကိုယ်ပိုင်အချိန်ပိုမှ၊ မိမိအသုံးစရိတ်ပိုလျှံမှ အမျိုးသားရေးကို ဆောင်ရွက်လိုလျှင် ဤဘ၀တွင် လုံးဝ လုံးဝ မဖြစ်နိုင်တော့ပါ။ အပျို/ လူပျိုဘ၀မှ အိုမင်းရင့်ရော်သည်ထိဘ၀တွက် ချိန်ပြည့် ရုန်းကန်လုပ်ရှားရသောအခြေနေရှိ၏။ သိန်းနှင့်ချီသော မိမိလူမျိုးများ ဒုက္ခရောက်၊ ညှင်းဆဲသတ်ဖြတ်ခြင်းခံရတာကို နားနှင့်ကြား မျက်စိ ဖြင့် မြင်သော်လည်း နှုတ်စကားဖြင့် လူမျိုးကိုချစ်နေပါက ၀မ်းနည်းစရာ ကျွန်တော်တို့အားလုံးရဲ့အနာဂတ်သာ ရှိပါတော့သည်။

ရေစက်ပေါင်းများစွာ စုစည်းခြင်းဖြင့် ပင်လယ်သမုဒ္ဒရာဖြစ်လာ၏။ သို့သော် ရေတစ်စက်ဆိုသော အတိုင်းတာလေးကို ကျနော့်ကရင်လူမျိုးများ မလှုဒါန်း မပါဝင်နိုင်။ ကိုယ်တိုင် ပါဝင်ခြင်း၊ငွေကြေး၊ ပညာဒါနများ ပေးလှုခြင်း မရှိသော်လည်း ဆင်းရဲတွင်းထဲမှာ တိုက်ပွဲ ၀င်နေသော KNU အဖွဲ့ကို “ ကော်သူးလေး ဘယ်တော့ရမလဲ ” ဟု မေးခွန်းထုတ်တတ်၏။ ဒီထက်မက ပြောတတ်သည်မှာ-

“ နင်တို့တွေ လုပ်တာမှ မဟုတ်တာ၊ နင်တို့တွေမှ အသုံးမကျတာ ဘယ်အောင်မြင်မလဲ”

မိတ်ဆွေတို့- ကော်သူးလေး ဘယ်တော့ရမလဲဆိုသည့်မေးခွန်းသည် မိမိကိုယ်ကို ပြန်မေးရမည့်မေးခွန်းဖြစ်ပြီး အဖြေသည် ကျနော်တို့ ပြည်သူအားလုံးပေါ် မူတည်နေပါသည်။ ချစ်သောကရင်အမျိုးသားပေါင်းတို့- ကျနော်တို့လူမျိုးထဲမှ ၃% လောက် တော်လှန်ရေးမှာ ပေးဆပ်ပါကကော်သူးလေးပြည်ကို ကာကွယ်အုပ်ချုပ်နိုင်သော တပ်မတော် တည်ထောင်နိုင်ပြီး ကျန်ပြည်သူများမှ ရင်ဘတ်တွင်းသိမ်းဆည်းထားသော မျိုးချစ်စိတ်ကို ၅၀% လောက် လက်တွေ့ထုတ်ဖော် အသုံးပြုပါက ကိုယ့်ပြည်ကိုယ့်ရွာ တွင် တင့်တယ်စွာ နေနိုင်မည်မှာ မြေကြီးလက်ခတ်မလွှဲပါ။ ငါမတတ်ဘူး၊ ဟိုလူ့တာဝန် ဒီလူ့တာဝန် လက်ညိုး ထိုးနေမည့်အစား မိမိ အသိစိတ်ဖြင့် တော်လှန်ရေးကို တဖက်တလမ်းမှ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဤစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါက နားလည်ခွှင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်

ဖူးဒို

ဇွန်လ ၈ ရက်၊ ၂၀၁၁
www.karenunited.com

ဆက်ဖတ်ရန်ကျန်သေးသည်.....

အိန္ဒိယထောင်မှ လွတ်မြောက်လာသော ကရင်နှင့်ရခိုင်တော်လှန်ရေးသမားများ နှင့် ဧရာဝတီသတင်း အင်တာဗျူး(ရုပ်သံ)

ဆက်ဖတ်ရန်ကျန်သေးသည်.....

အပစ်အခတ်ရပ်စဲရေး ကချင်အတိုင်ပင်ခံ ကမ်းလှမ်း

သန်းထိုက်ဦး Friday, 17 June 2011 18:40

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ကို အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အစိုးရက ကချင် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များမှ တဆင့် ယနေ့ ကမ်းလှမ်း လာကြောင်း KIO က ပြောသည်။

အစိုးရတပ်မှ သိမ်းဆည်းရမိသည့် စစ်လက်နက် ပစ္စည်းများနှင့်အတူ KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

အပစ်အခတ်ရပ်စဲရေး ကို KIO အနေဖြင့် ကြိုဆိုသော်လည်း ဒေသခံ အစိုးရတပ်များအား ညွန့်ကြားထားသည့်စာ သို့မဟုတ် ကြေးနန်းစာကို ပြန်လည်တောင်းဆိုထားကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပြသည်။

ယင်းသို့ ကမ်းလှမ်းမှုနဲ့ ပတ်သက်၍ အထောက်အထား တစုံတရာအပေါ်မှုတည်ပြီး ဆက်လက် စဉ်းစားဆောင်ရွက်သွားရန် ရှိသည်ဟုလည်း ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အပစ်အခတ် ရပ်စဲရေးအတွက် ကချင် အတိုင်ပင်ခံ ကောင်စီမှ ဥက္ကဌ ဦးဆင်ဝါးနှင့် အတွင်းရေးမှူး အပါအ၀င် ကော်မတီဝင် ၂ ဦးတို့က ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ လာရောက်ဆွေနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း သိရသည်။

ကချင် အတိုင်ပင်ခံ ကောင်စီ တာဝန်ရှိသူများက လိုင်ဇာမြို့သို့ မသွားရောက်ခင်၂ ရက်ခန့်က မြစ်ကြီးနားမြို့တွင် ဆက်သွယ် ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဟောင်း ဦးသိန်းဇော်နှင့် တွေ့ဆုံခဲ့ကြောင်း ဦးလနန်က ဆိုသည်။

လက်ရှိတွင် စစ်ရေးအရတင်းမာနေပြီး မိုးညှင်းဒေသ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အစိုးရတပ်၏ ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားရန် ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ်ဖတ်ခ ချောင်းကူး တံတားနှင့် မြစ်ကြီးနား - လိုင်ဇာ ကားလမ်းရှိ တံတား ၃ ခု ၊ ဖားကန့်-ကာမိုင်း ကားလမ်းပေါ်ရှိ တံတား တခုကို ပြီး ခဲ့သည့် ရက်ပိုင်းအတွင်းက ဖျက်ဆီးခဲ့ကာ ယမန်နေ့ကဖျက်ဆီးခဲ့သည့် တံတား ၁ ခုအပါအ၀င် တံတား ၆ ခုကို KIA ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ထို့အပြင် KIA ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ် နမ်ခမ်းမြို့နယ် အတွင်းရှိ နန့်လင်းပါနှင့် တွန်ဟုန်းရွာသားများကို တိုက်ပွဲဖြစ်ရာဒေသမှ စစ်အစိုးရ တပ်များက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း လိုင်ဇာ ဒေသခံ တဦးက ပြောသည်။

ယင်းဒေသရှိ ရွာသား ၄ ဦးကိုလည်း သံသယရှိသည်ဟုဆိုကာ အစိုးရတပ်များက ဖမ်းဆီးနှိပ်စက်ကြောင်း၊ ဒေသခံများသည် တခြားသော နေရာသို့ ထွက်ပြေးလိုကြသော်လည်း အစိုးရတပ်များက ခွင့်မပြုကြောင်း၊ တချို့က အာဏာပိုင်များကို လယ်ယာ သွားလုပ်ရန်ဟု အကြောင်းပြကာ လိုင်ဇာသို့ ထွက်ပြေးလာနေကြောင်းလည်း ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဗူးခါး လျှပ်စစ်ရုံး အနီးတွင် အစိုးရက လုံခြုံရေး တင်းကျပ်ထားပြီး ၀ိုင်းမော်နှင့် နောင်တာလော မြို့နယ်မှ တဆင့် လာရောင်းနေသည့် ဈေးသည်များလည်း နည်းပါးသွားကြောင်း ဒေသခံ အမျိုးသားတဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေး နည်းနည်း ကျပ်သွားတယ်၊ နောက်ပြီး လူတွေလည်း နည်းနည်း စိုးရိမ်တာလည်း ပါမှာပေါ့”ဟု ၎င်း က ဆိုသည်။

ဗန်မော်မြို့နယ်ဒေသခံ အမျိုးသမီးတဦးကမူ ၎င်းတို့ဒေသတွင် အစိုးရစစ်တပ်က ပေါ်တာဆွဲခြင်း မရှိသော်လည်း စစ်ဆေးရေး ဂိတ်များ၌ ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောသည်။

KIA ထိန်းချုပ်ဒေသများတွင် အစိုးရဘက်က နယ်မြေခံ တပ်ရင်း ၆ ခု အပြင် တပ်မ ၃၃၊ ၆၆ နှင့်၂၂ တို့မှ တပ်ရင်း တချို့တိုးချဲ့ချထားပြီး ခရီးသွားလာမှုကို ယခုရက်ပိုင်း အတွင်း တင်းကျပ်ထားကြောင်း သိရသည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။

တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်သော ကချင် ဒေသခံများသည် တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် မိုင်ဂျာယန် ထိန်းချုပ်ဒေသများနှင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ယင်း စစ်ပြေးဒုက္ခသည်များကို ဘုရားကျောင်း၊ စာသင်ကျောင်းများတွင် နေရာထိုင်ခင်းပေး၍ အစားအသောက်များ စီစဉ်ပေး ထားကြောင်း သိရသည်။

KIA ထိန်းချုပ်ဒေသနှင့် အလှမ်းဝေးသည့် ဒေသခံတချို့မှာ မြစ်ကြီးနားမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ သွား ရောက်နေထိုင်ကြောင်း သိရသည်။ တိမ်းရှောင်လာသူများသည် လိုင်ဇာ-မြစ်ကြီးနား ကားလမ်းမကြီးတလျှောက်မှ ဒေသခံများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ KIA ၏ မိသားစုများ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

Friday, June 17, 2011

မြန်မာစစ်သား ၆ ဦးကို KIA ဖမ်းဆီး

သောကြာ, 17 ဇွန် 2011
ဓာတ်ပုံ ASSOCIATED PRESS

တိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည့် မြန်မာစစ်တပ် အသုံးအဆောင်နှင့် လက်နက်ခဲယမ်းအချို့။ ဇွန် ၁၅၊ ၂၀၁၁။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာသလို အထိအခိုက် အကျအဆုံးတွေလည်း ပိုလာပါတယ်။ KIA ဘက်က ပြည်တွင်းစစ်အထိ တိုက်သွားမယ်လို့ စစ်ကြေညာပြီး ၃ ရက်အကြာ ဒီကနေ့အထိ KIA ဘက်က တိုးစစ်ဆင်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်တွေကို ခံစစ်အနေနဲ့ တိုက်ခိုက်နေရဆဲ ရှိပါတယ်။ ဒါပေမဲ့ စစ်သားတွေ တင်ဆောင်လာတဲ့ မြန်မာစစ်ကား အချို့ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး မြန်မာဘက်က စစ်သား ၆ ဦးကို ဖမ်းဆီးထားလိုက်နိုင်တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ဟာ အစိုးရတပ်တွေ လက်နက်ကြီးတွေနဲ့ စစ်အင်အားတွေ သယ်ယူပို့ဆောင်မှုကို ဖြတ်တောက်တဲ့ အနေနဲ့ တံတားတွေ ဖောက်ခွဲခဲ့ရာမှာ တပ်ရင်းမှူးနဲ့ တပ်သားတွေ ၁၀ ယောက်ထက်မနည်း ကျသွားခဲ့ပြီး ၆ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗဟို KIO အရာရှိတွေက အတည်ပြု ပြောပါတယ်။

KIA တပ်မဟာ ၂ ရှိရာ တနိုင်းဘက်မှာ မြန်မာတပ် ခမရ ၂၉၇ က အမြောက်ကားတွေ၊ လက်နက်ကြီးတွေနဲ့အတူ ချဉ်းကပ်လာချိန်မှာ ပစ်ခတ်ခဲ့ပြီး တံတားနဲ့အတူ ကားကို ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ရာမှာ ၁၀ ယောက် ကျသွားတာလို့ KIA အရာရှိ တယောက်က ကချင်လို အတည်ပြု ပြောပါတယ်။

“ကားဖောက်ခွဲဖြစ်တာကတော့ ဗန်းမော်လမ်းဘက်မှာ ရှိတယ်၊ တနိုင်းလမ်းဘက်မှာ ရှိတယ်။ သူတို့ဘက်ကနေ ထိုးစစ်ဆင်လာတာမျိုး ဖြစ်လာတာကို ကျနော်တို့ဘက်ကနေ ပစ်တယ်ဆိုတာမျိုးပဲ ရှိပါတယ်။ တနိုင်းလမ်းဘက်က ယုဇနကုမ္ပဏီ လုပ်ထားတဲ့ တံတားမှာ အဲဒီက တပ်ရင်းမှူးတွေ လာကြည့်ပြီး လာတိုက်တာပေါ့။ အဲဒီမှာ ဖောက်ခွဲလိုက်တာ။”

အဓိက KIA ဘက်က မြန်မာတပ်တွေရဲ့ လက်နက်ကြီးတွေ ဖြတ်လို့မရအောင် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အခုချိန်ထိ တံတား ၁၀ စင်းအထက် ဖျက်ဆီးခဲ့ပြီလို့လည်း အရာရှိတွေက ပြောပါတယ်။

မြန်မာတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်တွင်း ကား ၂ စီးကို ဖောက်ခွဲခဲ့တာဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ မန္တလေး ကားလမ်း အရှေ့ဘက် မူဆယ် နမ့်ဖတ်ကာကြား တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ့်မတူရွာက မြန်မာတပ် ခြေမြန်တပ်ရင်း ၃၄၂ စခန်းမှူး အပါအ၀င် တပ်သားတွေကို ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ကျနော်တို့ ပို့စ် တပ်ရင်း ၈ ကပါ။ အဲဒီကနေ မြန်မာစစ်တပ်တွေရှိတဲ့ ရွာမှာ ၀င်ပြီး သေနတ်တော့ ပါပေမဲ့ မဖောက်ခွဲဘူး။ တပ်ရင်းမှူး အပါအ၀င် တပ်သားတွေ ၆ ယောက်ကို ဖမ်းလိုက်တယ်။ အကြိတ်အနယ် ပစ်ခတ်ကြတာတော့ မရှိသေးဘူး။ ဟိုမှာနည်းနည်း၊ ဒီမှာနည်းနည်း ပြောက်ကျား ပစ်ခတ်တာမျိုးတော့ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ပရမ်းပတာ မလုပ်သေးပါဘူး။”

ဒီကနေ့ မနက်ပိုင်းမှာလည်း KIO ဌာနချုပ် လိုင်ဇာသွားလမ်း KIO မလိချောင်းရေ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နေရာမှာ မြန်မာတပ်တွေနဲ့ တိုက်ပွဲငယ် ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နှစ်ဘက် အကျအဆုံး မရှိပေမဲ့ အခုချိန် ဒဘတ်ရွာတွင်း မြန်မာစစ်တပ်တွေက တပ်ချနေတဲ့အတွက် ဒေသခံတွေက ကြောက်လန့်နေကြပါတယ်။

ခုချိန်မှာလည်း KIO ခေါင်းဆောင်တွေနဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့တို့ဟာ ရှေ့ခရီးအတွက် ဌာနချုပ် လိုင်ဇာမှာ အစည်းအဝေး ပြုလုပ်နေပြီး တဘက်မှာလည်း မြန်မာစစ်တပ်နဲ့ KIA တပ်ရင်း ၅ ဆင်ဘိုမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗန်းမော် ဒေသခံတွေဟာ မြန်မာတပ်တွေက ညမထွက်ရအမိန့် ထုတ်ထားတဲ့အတွက် လူငယ်တွေကလည်း ကြောက်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA တပ်မဟာ ၁ နယ်မြေနဲ့ နီးစပ်တဲ့ ရပ်ရွာတွေမှာ အာဏာပိုင်တွေက တံတားတွေကို လုံခြုံရေးယူ စောင့်ကြည့်ခိုင်းထားတယ်လို့ တန်ဖရဲ ဒေသခံ အမျိုးသမီးက ကချင်လို ပြောပါတယ်။

“ရွာက တံတားတွေမှာတော့ ကိုယ့်ရပ်ရွာက တံတားမှာ ကိုယ်စောင့်ရမယ်လို့ ပြောတယ်။ အခု ရွာအောက်ပိုင်းက တံတားမှာကျတော့ မီးသတ်အဖွဲ့တွေက စောင့်နေတယ်။ ရွာထိပ်ဘက်မှာကျတော့ ရွာသားတွေ ၇ အိမ် တလှည့်စီ စောင့်ကြည့်ခိုင်းနေတယ်။ တံတားတွေက ရွာတ၀ိုက်မှာ အကြီးအသေး ရှိတယ်လေ။”

နောက် မြစ်ကြီးနား မြို့တွင်းမှာလည်း မြန်မာတပ်တွေ လုံခြုံရေး အပြည့်ယူထားပြီး မီးသတ်၊ ရဲတွေက စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA က ခံစစ်ကို ဦးတည် တိုက်ခိုက်နေပြီး မြန်မာတပ်တွေက လက်နက်ကြီးတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေဆဲ ဖြစ်တဲ့အတွက် မြန်မာနဲ့ KIA ကြား စစ်ပွဲဟာ ချက်ချင်း တည်ငြိမ်သွားဖို့ အခြေအနေ မရှိဘူးလို့လည်း ကချင် နိုင်ငံရေးသမားတွေက သုံးသပ်နေကြပါတယ်။

အခုချိန် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တွေ တရုတ်နိုင်ငံဘက်ကို အဆက်မပြတ် ထွက်ပြေး တိမ်းရှောင်နေကြပြီး လူဦးရေ ၁၀,၀၀၀ ကျော် ရှိနေပြီလို့လည်း KIA အရာရှိတွေက ပြောပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

KIC နောက်ဆုံးထုတ် စာစောင် (May 2011)

Karen_20Newsletter_20_May-2011_

ဆက်ဖတ်ရန်ကျန်သေးသည်.....

Open Letter to Burmese Soldiers

Open+Letter+to+Burmese+Soldiers

ဆက်ဖတ်ရန်ကျန်သေးသည်.....

ဘုရားသုံးဆူဒေသခံများ ထောက်ခံစာ ရေးပြီးမှ အလုပ်သွားခွင့်ရ

ဇွန်လ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ရွာသူရွာသားများသည် ယနေ့မှစ၍ အလုပ်ခွင်သို့သွားပါက သက်ဆိုင်ရာအာဏာပိုင်များထံတွင် ထောက်ခံစာရေးပြီးမှ အလုပ်သွားရသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်များတွင်
ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားသောကြောင့် ယခုလို ရွာသူု ရွာသားများ
ထောက်ခံစာရေးကာ သွားလာနေရခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့တွင်
နေထိုင်သည့် ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့ကစပြီးတော့ ဘယ်သူမဆို ကိုယ့်ခြံ၊ ကိုယ့်အလုပ်ခွင်
သွားလို့ရှိရင် ထောက်ခံစာလက်မှတ် အရင်ရေးရတယ်။ ဗမာစစ်တပ်ဖက်လည်း ရေးရတယ်။
ကရင်စစ်သားဖက်လည်း ရေးရတယ်။ အခု အပြင်ထွက်လို့ သိပ်မရဲကြဘူး။”ဟု ပြော
သည်။

ထို့အပြင် လက်ရှိအချိန်၌ ဘုရားသုံးဆူမြို့တွင် ပြည်သူများ၏
ဝင်ထွက်သွားလာမှုကို စစ်တပ်မှ စစ်ဆေးမှုများ ပိုမို လုပ်ဆောင်
လျှက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင်
ယခုနှစ်အတွင်း ဗုံးပေါက်ကွဲမှုများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်
မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

ဘုရားသုံးဆူဒေသတွင် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉)
လက်အောက်ခံ ခမရ(၅၆၃)တပ်ရင်းနှင့် တိုင်းတပ် ခလရ(၂၈၄)တို့ လှုပ်ရှားသလို
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သောဗုဒ္ဓ
ဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)တို့ လှုပ်ရှားလျှက်ရှိသည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကန္တာရ ခြင်္သေ့များသို့


ကန္တာရ ခြင်္သေ့များသို့
(လင်္ကာဒီပ)

ပူပြင်းလွန်းတဲ့ နွေခေါင်ခေါင်
ဒီမောင်တွေအသဲကလည်း
ကျောက်ခဲကျောက်တောင်တွေလို
အလွန်ကို မာကျောလှပါဘိတော့
မလျော့သောဇွဲများနဲ့
ချစ်တဲ့ပြည်သူများအရေး
ကိုးဒီသွေးတွေ ပေးဆပ်နေလိုက်ကြတာ
ကန္တာရ ခြင်္သေ့မင်းများလိုပေါ့။

ပြည်သူပြည်သားအရေးများ
တစ်ပြားသားမှ မလျော့မယ့်မောင်
တောင်နံရံ ထောင်နံရံကို ထိုးသွင်းရင်း
ပစ်ခွင်းတော့မယ့် မိုးကြိုးသွားနှယ်
တကယ်ပဲ မြင့်မြတ်လှပါသည်လေ။

တူညီရွေးချယ်သဘောထား
ပြတ်သားသံန္နိဌာန်တွေလည်း
ရဲရင့်ရဲတင်းလှပါဘိ
ကတိတွေလည်း မဖောက်မယ့်အမောင်
ရွှေတောင်ပံမာန်ဟုန်ပြင်း
သိကြားမင်းနတ် စစ်သည်တွေအလား
ဓားတောင်တွေကြား လေးစားထိုက်သူတွေမို့။

ကိုးဒီသွေးတို့ရေ
မြက်မစားသီဟတွေနေတဲ့
ကျုပ်ချစ်တဲ့ ကော်သူးလေကမ္ဘာမှာ
ကန္တာရမီးပင်လယ်
ဘယ်လောက်ပင် ကျယ်ဝန်းနေစေ
ဒီမြေဒီရေ ဒီလေ
ငြိမ်းချမ်းရေးတွေဝေစေရေး
သံလွင်ရေတွေ ဘယ်မခမ်းသရွေ့
တနေ့တလံ ကြိုးစားအရောက်သွားကြစို့ကွယ်
ဘယ်သောင်ဘယ်ကမ်းဘယ်လမ်း
စခန်းတွေ ဘယ်လိုကြမ်းပါစေ
မြင့်မြတ်နေသူတို့ နှလုံးသား
ဓားတောင်တွေထိပ် တည်နေမည်မှာ အမှန်ဖြစ်သည်။

မေလ ၃၁ရက်၊ ၂၀၁၁ခုနှစ်။
လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

ဆက်ဖတ်ရန်ကျန်သေးသည်.....

ကချင်ကျောင်းသားများ နေရပ်ပြန်ရန် အနှင်ခံရ

ဘာမှ မဆီမဆိုင်တဲ့ကျောင်းသူကျောင်းသားတွေကို နှင်ပြန်တာ တော်တော်ရီစရာတော့ကောင်းပါသည်။ ဟိုးကချင်တောင်တန်းဒေသတွေမှာဖြစ်တဲ့စစ် ရန်ကုန် သန်လျှင်လို နေရာမှာ ရှိတဲ့ ကချင်ကျောင်းသားလူငယ်တွေကို မောင်းပြန်တာက ယနေ့ ဗမာပြည်မှာ လူမျိုးရေးခွဲခြားဖိနိုပ်တဲ့ပြသနာရှိနေတယ်ဆို တာ အုပ်စိုးသူလူတန်းစားက ဖေါ်ပြလိုက်ဒါပါပဲ။ မဟာဝါဒီ ခွေးသူတောင်းစားတွေဟာ ဘယ်သူ့ ကိုမှမယုံပါဘူး သူ့ လူမျိုးလည်းသူ မယုံဘူး....

မင်းတို့ ပြောတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့ အရေးဆိုတာ ဒါလားကွာ.....

တစ်ခုတော့ကောင်းပါတယ် ကျောင်းနေခွင့်မပေးတော့ ကချင်ပြည်ပြန်ပြီး သေနတ်ပြန်ကိုင် မင်းတို့ ကို ထချကြရုံပဲရှိတယ်မဟုတ်ဘူးလား.......


ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ရန်ကုန်တိုင်း သန်လျင်မြို့၌ နေထိုင်ပညာ သင်နေသည့် ကချင်ကျောင်းသားကျောင်းသူ ၁၉ ဦးအား ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍
နေရပ်ရင်းပြန်ရန် ဒေသအာဏာပိုင်များက အမိန့်ပေးထားကြောင်း အမျိုးသားဒီမိုကရေစီိအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၏ ညွှန်ကြားချက်အရ ရဲ၊ စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက မထွက်ခွါလျှင် ဖမ်းဆီးအရေးယူမည့် အကြောင်း အင်္ဂါနေ့ ည ၁၂ နာရီတွင် လာရောက် သတိပေးထားခြင်း ဖြစ်သည်။

အသက် ၈ နှစ်မှ ၂ဝ နှစ်အတွင်းရှိ ကျောင်းသား ၁၂ အမျိုးသားဒီမိုကရေစီိအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာ (ဓါတ်ပုံ မဇ္ဈိမ)

ဦး၊ ကျောင်းသူ ၇ ဦးမှာ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက် ပညာသင်ကာ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ အုပ်စုရှိ နေအိမ်တအိမ်ကို စုပေါင်း ငှားရမ်းထားကြသည်။

“ကျောင်းသားတွေကို ဧည့်စာရင်း မပေးတော့ဘူး။ ကချင်ပြည်နယ်ကို ပြန်ဖို့ ညက နောက်ဆုံးအကြိမ်ဆိုပြီး လာသတိပေးတယ်။ အဲဒါကို မလိုက်နာဘူးဆိုရင် ကလေးတွေကို ဖမ်းမယ်လို့ ညက လာသတိပေးပြီးပြီ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ဒေါ်ဘောက်ဂျာသည် NDF ကိုယ်စားပြုကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ သို့သော် ၎င်းမဲဆန္ဒနယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် အနိုင်ရခဲ့သည်။

စာသင်ရန် လာကြသဖြင့် နေရပ်ပြန်မည် မဟုတ်ဘဲ၊ ဖမ်းဆီးမည် ဆိုပါက အဖမ်းခံသွားမည်ဟု
ကျောင်းသားကျောင်းသူများက ဆုံးဖြတ်ထားကာ ၎င်းအိမ်၌ပင် နေထိုင်ဆဲဖြစ်သည်။

“ကျနော်တို့က ဘာမှလည်း မဟုတ်ဘူး။ ပညာသင်ချင်လို့ ဒီကိုရောက်လာတာ။ ဖမ်းမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့” ဟု တညီတည်း ပြောဆိုကြကြောင်း ဒေါ်ဘောက်ဂျာထံမှ သိရသည်။

ငှားရမ်းထားသော အိမ်ကို လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကချင်အမျိုးသားတဦး ပိုင်ဆိုင်ပြီး၊ ယခုနှစ်
ကျောင်းအပ်ရာသီ မေလပိုင်းမှစ၍ ဧည့်စာရင်းတိုင်ကာ ငှားရမ်းထားခြင်း ဖြစ်သည်။

နေရပ်ဌာနေသို့ ပြန်ခိုင်းခြင်းနှင့် ဧည့်စာရင်း မပေးခြင်းကို သိနိုင်ရန် ဒေါ်ဘောက်ဂျာက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းထံ သွားရောက် မေးမြန်းခဲ့သည်။

“တိုင်းရင်းသားတွေ ဘာတွေ နားမလည်ဘူးတဲ့၊ လာမပြောနဲ့တဲ့။ ဧည့်စာရင်း မပေးရဘူးလို့ ဘယ်ဥပဒေမှာ
ပြောထားသလဲလို့ ပြောတဲ့အခါကျတော့ ဘာမှ လာမပြောနဲ့တဲ့ အုပ်ချုပ်ရေးမှူးက အဲလိုပဲ ပြောတယ်။ ကျမတို့ကတော့ နိုင်ငံသားလည်း ဖြစ်တယ်၊ ကျမတို့က အကြောင်းကြားထားပြီးသား ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နေမှာပဲလို့ ကျမက ပြောခဲ့တယ်” ဟု ဒေါ်ဘောက်ဂျာက ပြန်ပြောပြသည်။

ဆက်လက် နေထိုင်ခွင့်ရရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်မည် ဖြစ်ကာ၊ သမ္မတဦးသိန်းစိန်ထံ တိုက်ရိုက် တိုင်ကြားရေးအတွက် ဒေါ်ဘောက်ဂျာ စီစဉ်နေသည်။

နှင်ထုတ်ခံနေရသည့် ကျောင်းသားကျောင်းသူများ နေထိုင်ရာ ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရ စစ်တပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် ၎င်းဒေသရှိ
ဒေသခံပြည်သူအချို့မှာ တရုတ်နိုင်ငံနှင့် တောတွင်းများသို့ သွားရောက် ပုန်းရှောင်နေကြသည်။
http://www.mizzimaburmese.com/news/inside-burma/7734-2011-06-15-08-36-49.html

ဆက်ဖတ်ရန်ကျန်သေးသည်.....

နေပြည်တော်အတွင်းရေး - ဗမာ့တပ်မတော်က တရုတ်ကို အကူညီတောင်း - 15 June 2011

from_China_in_the_attack_on_KIA_2c_MaungShein_ordered_to_get_ammtns_Heavy_weapons_from_loan_2c_MAH_order_3_2c500_prisnrs_including_pltica_prisnrs___-_blog

ဆက်ဖတ်ရန်ကျန်သေးသည်.....

Wednesday, June 15, 2011

ဒေါနမြေမှဟစ်ကြွေးသံ(သို့)ဖလူးတိုက်ပွဲရုပ်သံမှတ်တမ်း အပိုင်း(၁)-(၁၇)

































ဆက်ဖတ်ရန်ကျန်သေးသည်.....

Sunday, June 12, 2011

မြိုင်ကြီးငူတိုက်ပွဲနဲ့ သူတို့အမြင် (ရုပ်သံ)

ဆက်ဖတ်ရန်ကျန်သေးသည်.....

Monday, June 6, 2011

Letter to Youth around the world


Letter to Youth around the world. -

ဆက်ဖတ်ရန်ကျန်သေးသည်.....