by အေးနိုင်
http://burmese.dvb.no/archives/12752
အစိုး ရတပ်တွေနဲ့ ကေအိုင်အိုအကြား စစ်စတင်ပြီး တပတ်အကြာမှာ တိုက်ပွဲတွေရပ်ရေး တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ ကေအိုင်အိုက ကမ်းလှမ်းခဲ့ပေမယ့် တလကြာတဲ့တိုင် မထူးခြားဘူးလို့ ကေအိုင်အိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၉ ရက်မှာ အစိုးရတပ်က ကေအိုင်အေ တပ်မဟာ (၃) လက် အောက်ခံတပ်ကို တိုက်ခိုက်ရာကစလို့ တိုက်ပွဲဖြစ်ပြီးနောက် တပတ်အကြာမှာ ကေအိုင်အိုက တရုတ်အစိုးရကို စာပို့ခဲ့တာ ဖြစ်ပါတယ်။
ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက “ဒီနှစ်နိုင်ငံကြားမှာ နှစ်နိုင်ငံ နယ်စပ်ချင်းထိနေတယ်၊ စစ်ပြေးဒုက္ခသည်တွေကလည်း စရောက်လာတယ်။ အဲဒီအချိန်က ဒုက္ခသည်တချို့က တရုတ်ပြည်ဘက် ဝင်သွားကြတယ်။ အဲလို မငြိမ်မသက်ဖြစ်နေတဲ့အတွက်ကြောင့် ကေအိုင်အိုနဲ့ မြန်မာအစိုးရကြားမှာ ဖြစ်နေတဲ့ ပြဿနာကို တရုတ်အစိုးရကနေပြီးတော့ ကြားကနေ ဝင်ရောက်ပြီးတော့ စေ့စပ်ညှိနှိုင်းပေးဖို့ အဆိုပြု တောင်းဆိုထားတဲ့စာပါ” လို့ ပြောပါတယ်။
ဒါပေမယ့် တရုတ်အစိုးရက တလကြာတဲ့အထိ အကြောင်းမပြန်လာသေးဘူးလို့ ဦးလနန်းက ပြောပါတယ်။
“သူတို့အစိုး ရကနေပြီးတော့ တရားဝင် ဘာမှ အကြောင်းမပြန်သေးဘူး။ ကြာပြီ ဇွန် ၁၆ လောက်ကတည်းက ပို့ထားတာ။ ဒါပေမယ့် ဒါကို ကျနော်တို့က အဲဒီအချိန်ကနေ မနေ့ကအထိ ဘာမှ မီဒီယာအပေါ် မပြောဘဲနဲ့ ချန်ထားတာပါ။ ဒါပေမယ့် အခုဟာ တလကြာတဲ့အထိ သူတို့က ဘာမှ မပြောလာဘူးဆိုတော့ အဲဒါကို အားလုံးသိအောင်ဆိုတဲ့ သဘောနဲ့ ထုတ်ဖော်တဲ့သဘောပါပဲ။”
တရုတ်အစိုးရက ကြားမဝင်ပေမယ့် ကေအိုင်အေနဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ သုံးကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကေအိုင်အိုက ကချင်လူထုကို လိုင်ဇာကို ဖိတ်ကြားပြီး တိုက်ပွဲဖြစ်စဉ်နဲ့ အစိုးရနဲ့ စကားပြောဆိုချက်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး အကြံဉာဏ်ရယူခဲ့ပါတယ်။
တက်ရောက်လာသူ တွေက အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အခါမှာ အချိန်ကို အကန့်အသတ် ဘောင်ထဲမှာ ဖြစ်ရန်၊ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖြစ်စေရန်နဲ့ ဆွေးနွေးတဲ့အခါ ကြားခံနိုင်ငံတခုခု ဒါမှမဟုတ် အဖွဲ့အစည်း တခုခုက သက်သေအဖြစ်ရှိနေစေရန်ဆိုတဲ့အချက်တွေကို တင်ပြခဲ့ပါတယ်။
ကေအိုင်အိုက အဲဒီစည်းဝေးပွဲအပြီးမှာ ဌာနေပြန်တဲ့ ကိုယ်စားလှယ်တွေ ကနေတဆင့် အစိုးရထံကို ပေးလိုက်တဲ့စာမှာ ဇွန်လကုန်ပိုင်းမှာ ကေအိုင်အိုနဲ့ တွေ့ဆုံခဲ့တဲ့ ကချင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဘယ်သူက တာဝန်ခံ ခိုင်းစေတယ်ဆိုတာကို ဖြေကြားပေးဖို့ ဇူလိုင် ၁၄ ရက်မှာ စာပို့လိုက်တယ်လို့ ဦးလနန်းက ပြောပါတယ်။
ဒီလိုနှစ်ဖက် စေ့စပ်ရေးစကား ပြောနေပေမယ့် တိုက်ပွဲတွေကတော့ မစဲဘဲ ဆက်ဖြစ်နေဖြစ်ပြီး ကေအိုင်အိုဌာနချုပ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဆက်ဆံရေးရုံးဖွင့်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် ဦးလနန်းက ကျောင်းသားတပ်ဖွဲ့ဝင်ဟောင်းတွေ နဂိုကတည်းက ရှိနေပြီး ဖြစ်တာကြောင့် ဆက်ဆံရေးရုံး ထပ်ဖွင့်စရာ လိုမယ်မထင်ဘူးလို့ ပြောပါတယ်။
ဒုက္ခသည် တွေနဲ့ ရွှေ့ပြောင်းပုန်းအောင်နေသူ နှစ်သောင်းလောက်ကတော့ နိုင်ငံတကာရဲ့ အကူအညီကင်းမဲ့နေဆဲဖြစ်ပြီး နယ်စပ်မှာ ရာသီဥတုဆိုးတဲ့အတွက် အထူးသဖြင့် ဒုက္ခသည်ကလေးငယ်တွေ ကျန်းမာရေးခြူခြာတယ်လို့ ဖြေပါတယ်။
http://burmese.dvb.no/archives/12752
0 comments:
Post a Comment