by -DVB
အသက် (၂၀) အရွယ် တက္ကသိုလ်ကျောင်းသူတယောက်ကို ငွေသိန်းချီ ခိုးတယ်လို့ စွပ်စွဲပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ မိသားစုတဦးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ၂ ရက်ကွက်မှာနေတဲ့ ဒဂုံတက္ကသိုလ်က ရုက္ခဗေဒ ပထမနှစ် ကျောင်းသူကို တရပ်ကွက်တည်းနေတဲ့ အမျိုးသမီးတဦးက ကျပ်ငွေ ၇ သိန်း ခိုးတယ်လို့ စွပ်စွဲပြီးနောက် မြောက်ဥက္ကလာ ရဲစခန်းက ပြီးခဲ့တဲ့လ ၁၄ ရက်နေ့မှာ အိမ်ကနေ ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
အခုနောက်ဆုံး အင်းစိန်ထောင်ကို မရောက်ခင်မှာ မြောက်ဥက္ကလာ ရဲစခန်းနဲ့ မြို့တွင်းက ရုံးတရုံးမှာ ၅ ရက် ဆက်တိုက် စစ်ဆေးခဲ့ပြီး ဝန်ခံခိုင်းသလို၊ ကာယိနြေ္ဒပျက်လောက်အောင် ပြောဆိုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
“၆ ထပ်ရုံးမှာ ၃ ရက် နေ့ရော ညရော စစ်ကြတယ်တဲ့။ အဲဒီကောင်မလေးကို ဝန်ခံခိုင်းတယ် အတင်းပဲ။ ကောင်မလေးက မခိုးတဲ့အတွက် သူ ဝန်မခံနိုင်ဘူးလို့ အတင်းငြင်းတော့ ဒု-ရဲအုပ် ၆ ယောက် ဝိုင်းစစ်တယ်တဲ့။ စစ်ပြီးတော့ နင်က တော်တော် ခေါင်းမာတယ်တဲ့။ ၃ ရက်ဆက်တိုက် စစ်တာတောင်မှ မျက်နာလေးပဲ နည်းနည်းချောင်တယ်တဲ့။ ခန္ဓာကိုယ်ကတော့ ရှယ်ပဲတဲ့ လုံးဝ မကျဘူးတဲ့။ နောက် တယောက်ကကျတော့ နင်တဲ့ ဒီအမှုမှာ ရှုံးရမယ်တဲ့။ တကယ်လို့ နင်ရှုံးရင် နင် ငါ့ကို ယူရမယ်တဲ့။ တကယ်လို့ နင်နိုင်ရင် နင့်ကို ငါယူမယ်တဲ့။ အဲဒီလိုတွေလည်း ရဲတွေက ပြောတာပေါ့။”
မကြာခင်က သမီးနဲ့တွေ့ခွင့်ရခဲ့တဲ့ ဖခင်ဖြစ်သူကို ကိုးကားပြီး အိမ်နီးချင်းက ပြောပြသွားတာပါ။
ဒီပြောဆိုချက်တွေအပေါ် မေးမြန်းဖို့ မြောက်ဥက္ကလာရဲစခန်းကို ဖုန်းခေါ်လို့ မရတဲ့အတွက် ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို မေးမြန်းရာ လူကိုယ်တိုင် လာရောက်မေးမြန်းပါလို့သာ အဖြေပေးပါတယ်။
လာမယ့် ၈ ရက်နေ့မှာ အမှုကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး ကျောင်းသူဘက်က စာနာသူ တချို့ကလည်း သက်သေလိုက်ပေးဖို့ ပြင်ဆင်နေကြပါတယ်။
0 comments:
Post a Comment