၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။

Wednesday, November 16, 2011

ကရင်မိန်းကလေးငယ်တဦး၏ ဘ၀သရုပ်ဖော်မှတ်တမ်းရုပ်ရှင် သြစတြေးလျားတွင် ပြသခဲ့

ကရင်မိန်းကလေးငယ်တဦး၏ ဘ၀ဖြတ်သန်းမှုနှင့် တွေ့ကြုံခံစားချက်များကို ပုံဖော်ထားသည့် (Burmese Dreaming) အမည်ရှိ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတခုကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့လယ်ရှိ Event ရုပ်ရှင်ရုံတွင် နိုဝင်ဘာလ ၉ရက်နေ့က ရုံတင်ပြသခဲ့သည်။

မှတ်တမ်းရုပ်ရှင်တွင် ဇာတ်ကောင် နော်စေးစေးလား၏ အသက် ၅နှစ်အရွယ်က ဘ၀ဖြတ်သန်းမှုကို အခြေခံကာ ရိုက် ကူးထားခြင်းဖြစ်ပြီး သူမ၏ ကလေးဘ၀ ဖြတ်သန်းခဲ့ရပုံနှင့် ဖခင်ကို စစ်အစိုးရတပ်က ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ပစ်ခဲ့ပုံ စသည့်အဖြစ်ပျက်များကို သရုပ်ဖော်ထားခြင်းဖြစ်သည်ဟု သြစတြေးလျားကရင်အဖွဲ့အစည်း(AKO)မှ ဒုဥက္ကဌ မန်းအော်လန်းဒိုက ပြောသည်။

“အဓိကတော့ ကရင်မိန်းကလေးငယ်တဦးရဲ့ အကြောင်းပါ။ သူ့အဖေကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး သူတို့(မိသားစု)ကို ထောင်ထဲမှာ ဖမ်းဆီးထားတာ။ ငယ်ငယ်က တွေ့ခဲ့ရတဲ့ ကျွဲကြီးကို အရမ်းချစ်ခဲ့တာတွေ၊ သူမရဲ့ ငယ်စဉ်ကလေး ဘ၀ က အဖြစ်အပျက်တွေကို ရိုက်ကူးထားတာပါ။ အုန်းဖျန်စခန်းထဲရောက်လာပြီး အဲ့ဒီကနေတဆင့် တတိယနိုင်ငံ အစီအ စဉ်အနေနဲ့ သြစတြေးလျားကို ရောက်လာတာ။”ဟု ၎င်းက ပြောသည်။

နော်စေးစေးလားသည် သြစတေးလျားနိုင်ငံသို့ ၆နှစ်ကြာ ရောက်ရှိနေပြီဖြစ်သော်လည်း သူမဖြတ်သန်းခဲ့ရသည့် ကလေးဘ၀ အကြောင်းအရာများကို မှတ်မိနေသေးကြောင်း၊ အလားတူ ကလေးငယ်များတွင်လည်း ခံစားချက်ကိုယ်စီ ရှိကြသည့်အတွက် နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော်လည်း ၎င်းတို့၏ ခံစားချက်များကို မမေ့ကြရန် ပြန်လည်ပြောပြ ပေးသင့်ကြောင်း သူက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်တွင် မြန်မာနိုင်ငံရှိ ကရင်ပြည်နယ် အပါအ၀င် ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေ သော နိုင်ငံရေးပဋိပက္ခကြောင့် ဒုက္ခနှင့် ကြုံတွေ့နေရသည့် အရပ်သားပြည်သူများ၏ အကြောင်းများလည်း ပါရှိသည် ဟု သိရသည်။

ဇာတ်ကားကို ကြည့်ရှုနိုင်ရန် လက်မှတ်တစောင်လျှင် ၁၅ဒေါ်လာဖြင့် ၀ယ်ယူခဲ့ကြခြင်းဖြစ်ပြီး လာရောက် ကြည့်ရှုကြ သူ အများစုမှာ မြန်မာနိုင်ငံအရေး စိတ်ဝင်စားသူ နိုင်ငံခြားသားအများစုဖြစ်ပြီး လူဦးရေ ၁၀၀ကျော် ကြည့်ရှုခဲ့ကြသည် ဟု သွားရောက်ကြည့်ရှုသူများက ပြောဆိုနေကြသည်။

နောက်ခံစကားပြော၊ မှတ်တမ်းဓာတ်ပုံများနှင့် ပြသထားသည့် ၎င်း Documentary ဇာတ်ကားကို သွားရောက်ကြည့်ရှု ကြသည့် သြစတေးလျားပရိဿတ်များထဲမှ အမျိုးသမီးကြီးအချို့မှာ မြန်မာပြည်ရှိ ကလေးငယ်များ၏ ဘ၀ဖြတ်သန်းမှု များ အခက်အခဲများကိုကြည့်၍ ၀မ်းနည်းကာ မျက်ရည်ကျသည်အထိ ဖြစ်ရကြောင်းကြည့်ရှုခဲ့သူတဦးက ပြောသည်။

သူက “ကရင်လူမျိုးများအတွက် ရက်စက်တဲ့ အဖြစ်အပျက်တွေဟာ အလွန်ဆန်းကျယ်လှတဲ့အရာ မဟုတ်ပေမယ့် ဒီလို ရက်စက်မှုတွေ မြန်မာပြည်သူ ကြုံတွေ့ခံစားနေရတာကို နိုင်ငံတကာ သိအောင် ပြသသင့်တယ်။”ဟု ပြောသည်။

Burmese Dreaming ရုပ်ရှင်ဇာတ်ကားကို ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် Bill Cruse ဦးဆောင်သည့် Exodus ဖောင်ဒေးရှင်း၏ ရန်ပုံငွေအဖြစ် ပြသခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် မြန်မာနှင့် အာဖရိကနိုင်ငံများမှ ဒုက္ခသည်ကလေး များအတွက် ပညာရေးတိုးမြှင့်ရန် ကူညီလုပ်ဆောင်ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သြစတြေးလျားနိုင်ငံတွင် ဘ၀ပေး သရုပ်ဖော်ရုပ်ရှင်၊ မြန်မာပြည်ဆိုင်ရာ အခြားမှတ်တမ်းရုပ်ရှင်များကို ပြသခဲ့သည်မှာ ယခုအကြိမ်ပါဆိုလျှင် သုံးကြိမ်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment